စစ်ကောင်စီ၏ ရွာလုံးကျွတ် မီးရှို့ခြင်းခံရသည့် ကင်းမရွာအတွက် လှူဒါန်းထားသော စားနပ် ရိက္ခာနှင့် ပစ္စည်းများကို စစ်တပ်က ထပ်မံ မီးရှို့

စစ်ကောင်စီ၏ ရွာလုံးကျွတ် မီးရှို့ခြင်းခံရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာအတွက် လှူဒါန်းထားသည့် စားနပ်ရိက္ခာနှင့်အလှူပစ္စည်းများကို စစ်တပ်က ယနေ့ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရွာလုံးကျွတ် မီးရှို့ခံရသည့် ကင်းမကျေးရွာအတွက် လှူဒါန်းထားသော စားနပ်ရိက္ခာနှင့် အလှူပစ္စည်းများကို ကင်းမကျေးရွာဘုန်းကြီးကျောင်းတွင် ထားရှိထားကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းမကျေးရွာသို့ ရောက်ရှိလာပြီး စားနပ်ရိက္ခာများကို ချက်ပြုတ်စားသောက်ကြကြောင်း၊ ယင်းနောက် ကင်းမကျေးရွာအတွက် လှူဒါန်းထားသော အလှူပစ္စည်းများကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ဒီမနက် ၈ နာရီလောက် သူတို့ ကင်းမရွာဘုန်းကြီးကျောင်းကို ရောက်လာကြတယ်။ အဲဒီမှာ မီးဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို ချက်ပြုတ်စားသောက်တယ်။ ပြီးတော့ အလှူပစ္စည်းတွေဖြစ်တဲ့ မိုးကာဖျင်လိုဟာမျိုးတွေ ပစ္စည်းပေါင်းစုံကို မီးရှို့တယ်လို့ သိရပါတယ်။ မီးခိုးလုံးတွေ တက်လာတယ်။ ပထမ ဘုန်းကြီးကျောင်းကို မီးရှို့တယ်ထင်တာ။ နောက်မှ သေချာမေးကြည့်မှ ဘုန်းကြီးကျောင်းဘေးမှာ အလှူပစ္စည်းတွေကို ပုံပြီးမီးရှို့တာလို့သိရပါတယ်” ဟု ကင်းမကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၁၅ ရက်နေ့တွင် ကင်းမကျေးရွာတစ်ခုလုံးကို မီးတင်ရှို့လိုက်သဖြင့် ရွာလုံးကျွတ် မီးလောင်သွားခဲ့ကြောင်း သိရှိရသည်။khit thit