Monthly Archives: Sep 2021

မန္တလေးခရိုင်တွင် သြဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူ ၇၀၀ ခန့်သေဆုံး

မန္တလေးခရိုင်မှာ သြဂုတ်လအတွင်းက ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၇၀၀ လောက် သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။

ကိုဗစ်ကြောင့် သြဂုတ်လ ပထမအပတ်မှာ ၂၀၀ ဦးကျော်၊ ဒုတိယအပတ်မှာ ၂၀၀ ဦးကျော်၊ တတိယအပတ်မှာ ၁၆၀ ကျော်နဲ့ နောက်ဆုံးအပတ်မှာ ၁၂၀ ကျော် သေဆုံးခဲ့တာပါ။

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူစာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။ 

မန္တလေးခရိုင်မှာ ဇူလိုင်လ တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ  ၂၀၀၀ ကျော် ရှိခဲ့ပေမယ် သြဂုတ်လမှာ ကိုဗစ်လူနာ ၇၀၀ ခန့် သေဆုံးခဲ့တာပါ။ ဇူလိုင်လထက် သြဂုတ်လအတွင်း ကိုဗစ်လူနာ သေဆုံးသူ သုံးပုံ နှစ်ပုံခန့် လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအများစုကအသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး ဆေးခန်းမပြသနိုင်တာ၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတွေနဲ့ သေဆုံးကြတာပါ။ 

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ်တစ်လအတွင်း ထုတ်ပြန်ချက်မှာ မန္တလေးခရိုင်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၇၂၈ ဦးရှိပြီး သေဆုံးသူ ၂၆၁ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။DVB

မတ္တရာမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကံပိုင်အုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို သြဂုတ် ၃၁ ရက် မနက် ၁၁ နာရီလောက်က ဝသုန္ဒရကျေးရွာတောင်ဘက် နှောပင်နတ်စင်အနီးမှာ ဓားအထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ဟာ မတ္တရာမြို့ကို လစာထုတ်အသွား ဓားနဲ့ထိုးခံရတာဖြစ်ပြီး  လည်ပင်းနဲ့ကျောတို့မှာ ဓားဒဏ်ရာအများအပြားနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်မှာ ဩဂုတ် ၂၈ ညပိုင်းကလည်း ကံပိုင်ကျေးရွာက (non CDM) ကျန်းမာရေးမှူး၊ ဒလန်လို့ နာမည်ကြီးနေပြီး CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်နေသူ ဦးကျော်သူဦးရဲ့ နေအိမ်အတွင်းမှာလည်း ဗုံးပေါက်ကွဲမှူတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့ဝင်နဲ့ ဒလန် စုစုပေါင်း ၁၁ ဦးလောက် သတ်ဖြတ်ခံရပြီးပြီလို့ သိရပါတယ်။DVB

မြင်းခြံ ဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌ၏နေအိမ်၌ ပစ်ခတ်ခံရ၊ သားဖြစ်သူ သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ ချောင်းဒေါင်းကျေးရွာနေ ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးကိုနီရဲ့ နေအိမ်အတွင်း ဩဂုတ် ၃၁ ရက် ည ၈ နာရီလောက်က ဆိုင်ကယ် ၄ စီးနဲ့ လူတစုက လာရောက်ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဦးကိုနီရဲ့  သားဖြစ်သူ မောင်မင်းထက်ကို ရရှိဒဏ်ရာနဲ့ ည ၉ နာရီ မိနစ် ၂၀ လောက် မြင်းခြံဆေးရုံမှာ ဆုံးပါးသွားပြီး ညီဖြစ်သူ ကိုလူအေးကိုတော့ မန္တလေးဆေးရုံကို အရေးပေါ်အခြေနေနဲ့ ပို့ဆောင်လိုက်ရ​တယ်လို့  သိရပါတယ်။

နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်သူတွေဟာ ပျူစောထီးအဖွဲ့က ဖြစ်တယ်လို့ မြို့လူထုက ပြောပါတယ်။DVB

တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၃၄၀၀ နီးပါး၊ ကူးစက်ခံရသူပေါင်း ၄ သိန်းနီးပါးရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃,၄၀၀ နီးပါးနဲ့ ၁၀၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၃၉,၂၈၉ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၃၉၉ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၆၅ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအ တွက်ကတော့  ၂,၆၉၀  ယောက်ရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၅,၃၈၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၉၉,၂၈၂ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာ သင်ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူ ရုံးပိတ်ရက် အဖြစ် လာမယ့် စက်တင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ပြန်ထားပါတယ်။DVB

တရားမဝင်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၈ ခု ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် NUG သတိပေး

အကြမ်းဖက်စစ်ကောင်စီက ခွင့်ပြုလိုက်တဲ့ တရားမဝင်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း ၈ ခုအား  ခြွင်းချက်မရှိ ရပ်ဆိုင်းထားဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးလိုက်ပါတယ်။

နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်ကောင်စီက တရားမဝင်လုယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့စပ်လျဉ်းတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးက မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါကြောင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတည်ပြုမိန့်၊ ခွင့်ပြုမိန့်တွေကို အလျင်စလို လက်လွတ်စပယ် ထုတ်ပေးနေတာဟာ ပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်ကို မျက်ကွယ်ပြုပြီး ကျော်လွန်ဆောင်ရွက်ရာရောက်တဲ့အတွက် သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ပြည်ပရောက် မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်သူတဦးက “လာရောက်ရင်းနှီးမြှုပ်နှံသူတွေက သူတို့ကြည့်တာ အဓိက ၂ ချက်ပါပဲ။ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ စွန့်စားမှုရယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ စွန့်စားမှုရယ်။ ဒီနိုင်ငံဆီဝင်ရင် နိုင်ငံရေးအရ စွန့်စားမှုဘယ်လောက်ရှိမလဲ။ အဲ့ထဲမှာ တရားဥပဒေစိုးမိုးမှု၊ အစိုးရရဲ့ခိုင်မာမှု။ နိုင်ငံခြားငွေလဲလှယ်မှု တည်ငြိမ်သလား။ အခြေခံအဆောက်အအုံ ကောင်းသလား။ ဒါတွေသေချာ ကြည့်ပြီးတော့မှ ဝင်တယ်။ များသောအားဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာ သူ့အတွက် အကျိုးစီးပွားရှိမှ တွက်ခြေကိုက်မှပေါ့နော်။ နောက်တချက် တည်ငြိမ်နေတဲ့ တိုင်းပြည်မှာ သွားလုပ်ရင် အဲ့လောက် မရဘူးဗျ။ စီးပွားရေးလောကမှာပြောတာက high risk ၊   high return ပေါ့နော်။ စွန့်စားမှု များများတော့ ရှိမယ်၊ ဒါပေမဲ့ အကျိုးအမြတ်တွေက များများရမယ်ပေါ့နော်။ အဲ့ဒါက မြန်မာလို တိုင်းပြည်မှာ ရှိတယ်ဗျ။ စွန့်စားမှု နည်းရင် အမြတ်ကလည်း နည်းမှာပေါ့။ လူတကာ လာလုပ်လို့ရရင် အပြိုင်အဆိုင်လာလုပ်ရမှာပေါ့နော်။ ဒီတော့ အပြိုင်အဆိုင်ကလည်း ရှိတယ်၊ ရရှိတဲ့ အကျိုးအမြတ်ကလည်း နည်းတယ်။ ဒီလိုအချိန်မှာ ဘယ်သူမှလည်း မလာချင်ဘူး။ လုပ်စရာ ခွင်ကလည်း ရှိနေတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် မြန်မာနိုင်ငံမှာ လုပ်စရာတွေစီးပွားရေး အကွက်အကွင်းတွေက အများကြီးပဲ။ ဘယ်စီးပွားရေးကဏ္ဍကိုပဲကြည့်ကြည့်ပေါ့နော်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေက မြန်မာပြည်ကို (Greenfield) အလုပ်လုပ်ကိုင်လို့ကောင်းတဲ့ မြက်ခင်းစိမ်းလို့ ခေါ်ကြတယ်။ အခုက ကိုဗစ်နဲ့ နိုင်ငံရေးကြောင့်သာ တန့်နေတာလေ။ မြန်မာပြည်ကို အခုအချိန်မျိုး high risk ၊   high return သမားတွေလာနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြုထားတဲ့ လုပ်ငန်း ၈ ခုမှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန် ၊ British Virgin Island နိုင်ငံက ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတွေ ပါဝင်တာတွေ့ရပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးကလည်း “ကော်ပိုရေးရှင်းအကြီးကြီးတွေကတော့ လာမှာမဟုတ်ဘူး။ ဘာလို့လဲဆို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို သူတို့က အထူးဂရုစိုက်ပြီး လိုက်နာရတယ်။ သူတို့နိုင်ငံတွေကလည်း ဒါနဲ့ပတ်သက်  တင်းတင်းကျပ်ကျပ်  သတ်မှတ်ထားတယ်။ ဥပမာ ဒီမိုကရေစီမရှိတဲ့ တိုင်းပြည်ဆိုရင် စီးပွားရေးသွားမလုပ်နဲ့။ လူ့အခွင့်အရေး မလိုက်နာတဲ့ တိုင်းပြည်တွေဆို စီးပွားရေးသွားမလုပ်နဲ့ဆိုတာမျိုးပေါ့။ အဲ့တော့ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေ ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေက လာမှာမဟုတ်ဘူး။ စစ်အစိုးရနဲ့ ရင်းနှီးတဲ့သူ ဒါမှမဟုတ် စစ်အစိုးရနဲ့ အကျိုးစီးပွား ချင်းတူတဲ့သူတွေကတော့ လာကြမှာဘဲ။ အရင်တုန်းကလည်း ပေါချောင်ကောင်း ပရောဂျက်အကြီးကြီးတွေ တရုပ်ဆီပေးလိုက်တယ်။ ပတ်ဝန်းကျင်ပျက်စီးတာတွေ ဂရုမစိုက်ဘူး။ နောက်ပိုင်းမှာ ဘာပြဿနာတက်လာနိုင်လဲဆိုရင် နည်းနည်းလွတ်လပ်လာတဲ့အချိန်မှာ ဒါတွေက တာဝန်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုရှိသလို လူ့အခွင့်အရေးကိုလည်း မလိုက်နာဘူးပေါ့။ ဒါမျိုးတွေ စွပ်စွဲလာရင် သူတို့ ပြန်ဖြေရှင်းရမှာပေါ့” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အတိတ်မှာလည်း စစ်တပ်အုပ်ချုပ်မှုအောက်မှာ လက်လွတ်စပယ် စီမံကိန်းတွေကို ချပေးလိုက်လို့ နိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရပြီး နိုင်ငံသူ၊နိုင်ငံသားတွေမှာ ဆင်းရဲတွင်းထဲက အခုအချိန်အထိ ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် လူထုရဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေများစွာ ရှိနေတာပါ။DVB

ကျိုက်ထိုမြို့နယ်က အန်အယ်လ်ဒီပါတီဝင် ၃ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊  ဝါးဒက်ကွင်းကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၃ ဦး သြဂုတ် ၃၁ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိမ်ဇရပ်မြို့ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါးဒက်ကွင်း ကျေးရွာနေ ကိုအောင်နိုင်စိုး အပါအဝင် ရပ်ကျေး အန်အယ်လ်ဒီပါတီဝင် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့တွေက အင်အား ၅၀ ကျော် အသုံးပြုပြီး နေအိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ဖမ်းဆီးခံရသူ  ၃ ဦးကို ဘယ်နေရာမှာ  ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို မိသားစုနဲ့ အဆက်အသွယ် ပြတ်နေရတယ်လို့ သိမ်ဇရပ်မြို့ အန်အယ်လ်ဒီ ပါတီ တာဝန်ရှိသူ တစ်ဦးက DVB ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ သြဂုတ်လ နောက်ဆုံးအပတ်ကစပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အန်အယ်လ်ဒီ ပါတီဝင်‌တွေနဲ့ CDM ဝန်ထမ်းတွေကို အင်အားသုံးပြီး ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်ကလည်း သိမ်ဇရပ်မြို့ အန်အယ်လ်ဒီ ပါတီအတွင်းရေးမှူး ဦးဇော်မိုးထက်ကို သူကိုယ်ပိုင် စားသောက်ဆိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ ၃၀ ကျော်က အရပ်ဝတ်နဲ့ လာရောက် ဖမ်းဆီးသွားခဲ့ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း CDM ဝန်ထမ်းတွေ စုနေတဲ့ ကျိုက်ထိုမြို့နယ် မုပ္ပလင်စံပြကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းရှာဖွေခဲ့ပြီး အချိန်မီရှောင်နိုင်ခဲ့လို့ ဖမ်းဆီးရမိသွားခြင်း မရှိပါဘူး။DVB

Recent Entries »