Monthly Archives: Sep 2021

ပန်းတနော်မြို့မှ CDM ၀န်ထမ်းများအား ချေးငွေပြန်ဆပ်ရန် ဘဏ်က အကြောင်းကြား

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့တွင် ကမ္ဘာ့ရတနာဘဏ်က CDM ၀န်ထမ်းများထံ ချေးငွေပြန်ဆပ်ရန် ‌ငွေချေးသူတစ်ဦးချင်းထံသို့ အကြောင်း ကြားစာ ပေးပို့ထားကြောင်း ချေးငွေယူထားသူ တချို့ထံမှ သိရသည်။

“တချို့လဲ အသိတွေထဲကနေ စုပေါင်းပြီး ဝိုင်းပြီးဆပ်ပေးကြတယ်။ တချို့က မဆပ်နိုင်ကြဘူး။ အခုလိုအခြေအနေမျိုးမှာ ပြန်ဆပ်ဖို့က မဖြစ်နိုင်ဘူး။ ရပေါက်ရလမ်းက ဘာမှရှိတာမှမဟုတ်တာ။ အခုပြန်ဆပ်ဖို့ ခြိမ်းခြောက်ခံရတာရှိတယ်”ဟုမြို့ခံတစ်ဦးကပြောသည်။ ယခင်ကလည်း ချေးငွေအတွက် အတိုး‌ဆပ်ရန်နှင့် အတိုးအရင်းပေါင်း ပြန်ဆပ်နိုင်ပါက ဆပ်ရန် ဆက်သွယ်အကြောင်းခဲ့ဖူးသည်ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ရတနာဘဏ်မှ ၂၀၂၀ခုနှစ် စက်တင်ဘာ ၃ရက် ရက်စွဲဖြင့် စတင်ငွေထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဘဏ်မှလိုအပ်ချက်အရ တောင်းခံပါက ချက်ချင်းပြန်လည်ပေးဆပ်ရမည်ဟု ငွေပေးငွေယူစာချုပ်ပေါ်တွင် ၀န်ခံကတိ လက်မှတ်ရေးထိုးထားကြပြီးဖြစ်‌ကြောင်း၊ လစဉ်ပေးသွင်းရန် ကျန်ရှိသည့်‌ ငွေများအား ၂၀၂၁ ခုနှစ် နှစ်စမှစ၍ ချေးငွေပြန်မဆပ်ကြတော့ကြောင်းနှင့် ၃၀. ၉. ၂၀၂၁ ရက်တွင် နောက်ဆုံးထား၍ ငွေအကျေပြန်လည်ပေးသွင်းရန် ဘဏ်က အကြောင်းကြားထား ခြင်းဖြစ်သည်။

ပေးသွင်းရန်ပျက်ကွက်ပါက ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲဆိုသွားရန် ဆက်လက်လုပ်ဆောင်သွားမည့်အပြင် တရားစွဲဆိုရာတွင်လည်း ကုန်ကျစရိတ်ကို ငွေချေးသူများကသာ အကုန်အကျခံ တာဝန်ယူရမည်ဟု အသိပေး အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း သိရသည်။mizzima

လှိုင်မြို့နယ်က စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ စက်တင်ဘာ ၂ ရက် ညနေပိုင်းက စစ်ကောင်စီကို သတင်းပေးနေတဲ့  ရာအိမ်မှူး အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ရပ်ကွက်ထဲမှာ စစ်တပ်ကိုသတင်းပေးနေတဲ့ ရာအိမ်မှူး ဂျုလှိုင်(ခ) မင်းမင်းထွန်းကို ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ သေနတ်နဲ့ ၄ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူကြောင့်ကလေးတွေအဖမ်းခံရတာများပြီ ဆန္ဒပြထဲက သတင်းပေးနေတာ ခုထိ စစ်ကောင်စီအားကိုးနဲ့  အရှိန်ဝါပြနေတဲ့ ကောင်ပေါ့ အဲ့တာကြောင့် ရှင်းရတာပါ”လို့ ပြောပါတယ်။

အဆိုပါ ရာအိမ်မှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး နောက်ပိုင်း မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲက ရောက်လာပြီး လမ်းတွေကို ပိတ်ဆို့စစ်ဆေးကာ ည ၁၂ နာရီကျော်တဲ့ထိ ဧည့်စာရင်းစစ်ဆေးခဲ့ပေမဲ့ ဖမ်းဆီးခံရသူတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်မြို့နယ်မှာ သြဂုတ် ၂၉ ရက်နေ့က စစ်ကောင်စီ အမာခံသတင်းပေးဖြစ်တဲ့ ဦးတင်လှိုင်ကိုလည်း PDF ဘက်က သေနတ်နဲ့ ၅ ချက်ပစ်ခတ်  ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။DVB

ဖယ်ခုံ၊ ခေါင်းအိကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ထိုးစစ်ဆင်နေ၊ စစ်ကောင်စီမှ ၁၀ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

khit thit

မွန်ပြည်သစ် ထိန်းချုပ်နယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ စတင်တပ်စွဲ

မွန်ပြည်သစ်ပါတီ NMSP  ထိန်းချုပ်နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာအနီးမှာ အာဏာသိမ်း စစ်ကောင်စီတပ် အင်းအား ၅၀ လောက်  ရောက်ရှိလာတယ်လို့  ဒေသခံတွေကထံက သိရပါတယ်။ 

စစ်ကောင်စီတပ် အင်အား ၅၀ လောက်ဟာ ကျုံလောင်းကျေးရွားအနီးကို စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာပြီး တပ်စွဲထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ရောက်ရှိလာတဲ့အတွက်ကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းနေပေမယ့် အဆက်အသွယ် ရရှိခြင်း မရှိသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ တိုင်းရင်းသား နယ်မြေတွေထဲကို စစ်အင်အားတိုးချဲ့လာလို့  မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေး တိုးမြှင့်လာတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဧပြီ ၃၀ ရက်နေ့မှာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPC နဲ့ သွားရောက်တွေ့ဆုံထားပါတယ်။DVB

စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ နေပြည်တော်အမြန်လမ်းအနီးရှိ ချင်းရွာ ၂ ရွာမှ လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နေပြည်တော်-ရန်ကုန် အမြန်လမ်း အနီးရှိ ချင်းလူမျိုးများနေထိုင်သည့် အောင်မြင်ကုန်းကျေးရွာနှင့် စစ်ဗိုလ်ကြီးကျေးရွာများသို့ စက်တင်ဘာလ ၃ ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်ပြီး စီးနင်းရှာဖွေနေသည့်အတွက် ကျေး ရွာများရှိ အမျိုးသားများ၊ လူငယ်များမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

“အင်းပတ်လည်အုပ်စုထဲက ကျနော်တို့ ချင်းရွာ ၂ ရွာကို လက်လုပ်သေနတ်တွေ ရှိတယ်ဆိုပြီး မနက် ၄ နာရီလောက်က ဝင်စီးတယ်၊ ရွာက NLD အလုပ်အမှုဆောင် ၂ ယောက်နဲ့ ရွာသား ၈ ယောက် စုစုပေါင်း ၁၀ ယောက်ကို ဖမ်းသွားတယ်၊ အမြန်လမ်းဘေးက တာဝါတိုင်နားမှာ ခေါ်စစ်ပြီး နေ့လယ်လောက်မှ ပြန်လွှတ်ပေးတယ်” ဟု ဒေသခံရွာသားတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အဆိုပါ ‌ကျေးရွာ ၂ ရွာသည် နေပြည်တော်-ရန်ကုန် အမြန်လမ်းနှင့် ၂ မိုင်ခန့်သာကွာဝေးပြီး ဒလန်သတင်းပေးသည်မှုကြောင့် စစ်ကောင်စီမှ အင်အားအများအပြားဖြင့်ဝင်စီးသည်ဟု ထင်ကြောင်း ကျေးရွာသားတစ်ဦးမှ ပြောဆိုသည်။

“ဝင်စီးတုန်းက အင်အားတော်တော်များတယ်၊ အောင်မြင်ကုန်းကို တစ်ဖွဲ့၊ စစ်ဗိုလ်ကုန်းကို တစ်ဖွဲ့ ခွဲဝင်တာ၊ လက်နက်တွေ ရှိတယ်ဆိုပြီးတော့ ရှာတာ၊ ဘာမှ မတွေ့ပါဘူး၊ ရှိမှ မရှိတာ” ဟု အဆိုပါ ဒေသခံမှ ဆက်ပြောသည်။khit thit

ပုလဲမြို့နယ်ရှိ ကျေးရွာ ၁၉ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းမည်ဆိုသည့် သတင်းကြောင့် ဒေသခံပြည်သူ ၅သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်နေရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုံတောင်နှင့် ဗန့်ကျီတောင်ကြားရှိ ကျေးရွာ ၁၉ ရွာမှ ဒေသခံပြည်သူ ၅သောင်းကျော်သည် ယနေ့ စက်တင်ဘာလ ၃ ရက်တွင် ကျေးရွာများသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် စီးနင်းမည်ဆိုသည့် သတင်းကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေ​‌ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ရွာအားလုံးပေါင်းရင် လူဦးရေက အတော်တော်များမယ်။ ၅ သောင်းကျော်လောက်ရှိမယ်။ စစ်ခွေးတွေ ဝင်မွှေမယ်ဆိုတဲ့ သတင်းကြောင့် ပြည်သူတွေ အကုန်လုံးက တောထဲတောင်ထဲမှာ တိမ်းရှောင်နေကျပြီ ရွာတွေမှာ လူမရှိတော့ဘူး။ ဒီနေ့ မနက်ပိုင်းပဲ အကုန်လုံး တိမ်းရှောင်ကျတာ” ဟု ဒေသခံပြည်သူတစ်ဦးမှ ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမည်ဆိုသည့် သတင်းကြောင့် မိုးကောင်းရွာ၊ အေးချမ်းသာရွာ၊ ဝမ်းဘဲဦးရွာ၊ ဝက်ကျရွာ၊ အင်တိုင်းသာရွာ၊ သံတောင်ရွာ၊ ဇိတ္ထောင့်ရွာ၊ ဂျပ်ရွာ၊ ကသောင်းရွာ၊ လယ်တီရွာ၊ ကံတွင်းရွာ၊ လဲကန်ရွာ၊ တောင်ပျောက်ရွာ၊ ရှားတောရွာ၊ ဖလံပင်ရွာ၊ ငြိမ်းချမ်းသာရွာ၊ သဲပြင်ကျယ်ရွာ၊ ကျွန်းကြီးတောရွာ၊ ဖိုမိုးအိုက်ရွာတို့ဖြစ်ကြောင်း သိရသည်။

” ကံတွင်း၊ သံတောင်၊ ဝမ်းဘဲဥနဲ့ ဂျပ် ကျေးရွာတွေကို ဒီနေ့ပဲ စစ်ခွေးတွေ ဝင်စီးနင်းသွားတယ်။ ပျက်ဆီးဆုံးရှုံးမှုတော့ မသိရသေးဘူး။ ရွာထဲမှာတော့ လူတွေမရှိဘူး။ အကုန်လုံးပြေးနေကျတာ အဲရွာ ၄ ရွာကို ဝင်သွားတော့ သူနဲ့ ထိစပ်နေတဲ့ ကျန်တဲ့ ရွာတွေလည်းတိမ်းရှောင် ကျတာပေါ့။ လောလောဆယ်ကတော့ ကိုယ့်ရိက္ခာနဲ့ကိုယ် တောထဲတွေမှာပဲ တိမ်းရှောင်နေရတာပေါ့။

စားနပ်ရိက္ခာအတွက် ရေရှည်တော့ စီစဉ်ထားမှု မရှိကြပါဘူး။ အရေးပေါ်အခြေအနေကြောင့် နိုင်သလောက်သယ်ပြေးရတာပါ။ အခြေအနေက ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ မသိတော့ စောင့်ကြည့်နေရတာပေါ့။ အခုတောင် ရဟတ်ယာဉ်တစ်စီး ပျံဝဲနေတယ် ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။khit thit

ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ KBZ ဘဏ် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ် KBZ ဘဏ် ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ ခန့်တွင် ဓားပြတိုက်ခံရပြီး ငွေသားများ ပါသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ဘဏ်ထဲကို ဝင်ပြီး ဓားပြတိုက်တာက တစ်ဦးတည်းပဲလို့ ပြောတယ်။ သေ နတ်ပါတယ်။ ဖြစ်စဉ် အစအဆုံး ဓားပြတိုက်သွားတာ ၁၅ မိနစ်လောက်ပဲကြာမယ်ထင်တယ်။ ငွေတွေလည်းပါသွားတယ်ပြောတယ်။ အခုတော့ အဲဒီနားမှာ လမ်းတွေပိတ်ထားပြီး စစ်ဆေးနေတယ်။ စစ်တပ်နဲ့ ရဲကော CCTV ပြန်ကြည့်ပြီး ဖမ်းမယ်ပြောတယ်” ဟု အဆိုပါ ဘဏ်အနီး နေထိုင်သူတစ်ဦးက ပြောဆိုသည်။

မကြာသေးမီကလည်း ရန်ကုန် မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်တွင် ဓားပြတိုက်မှု ဖြစ်ပွားပြီး ငွေကျပ် သိန်း ၁၀၀၀ ခန့် ပါသွားသည့် မှုခင်းဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကာတရားခံကို ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိပေ။khit thit

မိုးကုတ်မြို့ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးတို့တွင် ဗုံးကွဲ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က နေရာ ၂ ခုမှာ  စက်တင်ဘာ ၃ ရက်က ဒီကနေ့  ဗုံးပေါက်မှုဖြစ်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက် ၉ နာရီဝန်းကျင်က မြို့နယ်လျှပ်စစ်ရုံးဝန်းထဲ ဗုံးပေါက်ခဲ့ပြီး နေ့လယ် ၂ နာရီ ဝန်းကျင်မှာ  မြို့နယ်စည်ပင်ရုံးအနီး ဗုံးပေါက်ကွဲခဲ့တာပါ။

 “မနက်က လျှပ်စစ်ရုံးထဲကွဲတယ်၊ လူအထိအခိုက်တော့မကြားဘူး ၊ ခုနေ့လယ်က စည်ပင်ရုံးနားကွဲတယ်။ မှန်တွေ လမ်းမ​ပေါ် အကုန်လွင့်သွားတယ်၊ ထိခိုက်တာတော့ မကြားသေးဘူး”လို့ဒေသခံတစ်ဦးကဆိုပါတယ်။

အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ကြေညာတာ မရှိသေးပါဘူး။ 

မိုးကုတ်မြို့မှာ စက်တင်ဘာ ၁ ရက်က  မြို့နယ်လျှပ်စစ်မီတာရုံးကနေ မီတာဆောင်ကြဖို့ မီတာ စာရွက်တွေ လိုက်ဝေနေခဲ့ပြီး စည်ပင်ရုံးကလည်း အခွန်တွေ ကောက်နေတယ်လို့ ဒေသခံတွေဆီကပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဩဂုတ် ၂၆ ရက်အထိ  ဗုံးပေါက်ကွဲမှုပေါင်း ၄၆၇ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၁၂၆ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီးက ပြီးခဲ့တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။DVB

နေပြည်တော်ဧရိယာအတွင်း စစ်ကောင်စီတပ်ကို​ တိုက်ခိုက်ခဲ့ကြောင်း NUG အတည်ပြု

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ဧရိယာအတွင်း ဩဂုတ် ၃၀ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုသည်။

နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် အထူးဒေသ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှု ပြုလုပ်နေစဉ် စစ်ကောင်စီယာဉ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က စက်တင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်က “ဒီထဲမှာ ဖော်ပြထားတဲ့ဖြစ်စဉ်က တကယ်ဖြစ်ခဲ့တဲ့ ပုံစံအတိုင်းပါပဲခင်ဗျ” ဟု Myanmar Now ကို ယနေ့ (စက်တင်ဘာ ၃) အတည်ပြုပြောကြားသည်။

ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးအုပ်စု ကျေးရွာအုပ်စုအတွင်း ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီယာဉ်တစ်စီးနှင့် ထိတွေ့မှုဖြစ်ပွားပြီးနောက် ည ၇ နာရီတွင် အလုံးအရင်းနှင့် ချီတက်လာသော စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နေပြည်တော်ဧရိယာအတွင်း ထိုသို့တိုက်ခိုက်ခံရခြင်း မရှိကြောင်း စစ်ကောင်စီ၏ ဒုတိယပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် People Media မှတဆင့် ငြင်းဆိုထားသည်။ 

“နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာ ထိတွေ့မှုဖြစ်စဉ်၊ တိုက်ပွဲဖြစ်စဉ်တွေ ဖြစ်ပွားမှုမရှိပါဘူး။ ဗုံးကွဲမှုဖြစ်စဉ်လည်း မရှိပါဘူး။ မိုင်းကွဲမှုဖြစ်စဉ်လည်း မရှိပါဘူး။ အွန်လိုင်းပေါ်ကနေတင်ပြီးတော့ ကျန်တဲ့ နယ်မြေတွေကလည်း ဟာ…နေပြည်တော်မှာတောင် ဖြစ်နေပြီဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးတာပါ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ထိုသို့ငြင်းဆိုထားသော်လည်း နေပြည်တော်ဧရိယာအတွင်း ပေါင်းလောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကယားပြည်နယ်နှင့် ဆက်စပ်နေသော တောင်ပေါ်ဒေသတွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံခဲ့ရသည်မှာ မှန်ကန်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ပျဉ်းမနားမြို့နယ် ဒေသခံ သုံးဦးက အတည်ပြုသည်။ 

“ပျဉ်းမနားရဲ့ အရှေ့တောင်ဘက်ပေါ့။ ဆင်ဖြူတောင်ရဲ့ တောင်ဘက်လောက်မှာဖြစ်တာ။ အခုဖြစ်စဉ်ဖြစ်တဲ့ လွန်းထိုးကြီးလွန်းထိုးလေးက (လွန်းထိုးတက်ရသည်အထိ မတ်စောက်သောကြောင့် ဒေသခံများပေးထားသည့် လမ်းနာမည်) ကတ္တရာလမ်းပဲ။ လမ်းကကျဉ်းတယ်။ ပျဉ်းမနားမြို့နယ်ရဲ့ တောင်ပေါ် ကျေးရွာအုပ်စု ၇ ထဲက ပြည်ထောင်ကိုးတို့ ဘို့မတို့သွားတဲ့လမ်း။ လူသွားလူလာနည်းတယ်။ လူပြတ်တယ်” ဟု ပျဉ်းမနားမြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံသည့် ပေါင်းလောင်းမြစ်အရှေ့ဘက်ခြမ်း ကျေးရွာအုပ်စုတစ်ခုတွင် နေထိုင်သူ ဒေသခံတစ်ဦးက ဖြစ်စဉ်ကို အတည်ပြုထားသည်။

“ဖြစ်စဉ်က မှန်တယ်။ ထောက်ပို့ယာဉ်အထက်ကိုသွားတာ မိုင်းဆွဲခံရတာ။ ပြီးတော့ ညနေပိုင်းမှာ အကူတက်လာတဲ့ယာဉ်တန်းနဲ့ ထပ်ဖြစ်ကြတယ်။ အောင်ဘိတ်သိတ်ရွာနဲ့ လက်ဘက်တောင်ရွာကြားမှာ ဖြစ်တာ။ အသံတွေကြားရတယ်။ လက်ဘက်တောင်ရွာက တချို့ဆို သူတို့ကို တိုင်လာပတ်မှာစိုးလို့ အဲ့ညက မအိပ်ရကြဘူး” ဟု အဆိုပါဒေသခံက ပြောသည်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ဧရိယာအတွင်း တိုက်ခိုက်ခံရသည်ကို ငြင်းဆိုထားသည့်အပြင် အခြားနယ်မြေများ၌လည်း ဗုံးခွဲတိုက်ခိုက်မှု၊ ချောင်းမြောင်းပစ်ခတ်မှု နည်းပါးလာသည်ဟု ဆိုထားသည်။

သို့သော် အမြို့မြို့အနယ်နယ်တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော ဗုံးခွဲတိုက်ခိုက်ခံရမှုများ၊ အခြား ပြည်နယ်နှင့် တိုင်းဒေသများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စွန်းတစ်စမျှ သတင်းထုတ်ပြန်ခြင်း မရှိပေ။ myanmar now

ဒီပဲယင်းမြို့နယ်၊ မူခတွင်းရွာက ဖမ်းဆီးခံပြည်သူ ၇ ဦး ပြန်လည်လွတ်မြောက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးခတွင်းကျေးရွာက အကြောင်းမဲ့ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား ၇ ဦးကို စစ်တပ်ကပြန်လည်လွှတ်ပေးလိုက်ပြီလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အဆိုပါရွာသားတွေကို ဩဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီ စစ်တပ်က ရွာကို စီးနင်းပြီးဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ၁၄ နှစ်အရွယ် ကလေးတစ်ဦးလည်း ဖမ်းဆီးခံရတဲ့ အထဲပါသွားတာဖြစ်ပါတယ်။  

ဒေသခံရွာသားတစ်ဦးက “သူတို့ ဒီနေ့မနက်ပဲ ပြန်လွှတ်ပေးလိုက်တယ်ဗျ။ အသက် ၁၄ နှစ်လောက်ရှိတဲ့ ကလေး တစ်ယောက်အပါအဝင် အသက်အရွယ်စုံ ၇ ယောက်ပေါ့‌ဗျာ။ ကျနော်တို့ရွာကို စစ်တပ်ဝင်တုန်းက ဖမ်းသွားတာ။ စစ်တပ်ဝင်တဲ့အချိန်တုန်းကတော့ ဘယ်သူ့ပါတယ်၊ ဘယ်နှယောက်ဖမ်းတယ် ဆိုတာ အတိအကျမသိကြဘူးလေ၊ ပြေးကြရလွှားကြရတာဆိုတော့။ အခုမှပဲ ဘယ်သူ ဘယ်ဝါ တွေ ဖမ်းတယ်ဆိုတာသိရတာ။ သူတို့အားလုံး  ကျန်းမာရေးကတော့ ကောင်းပါတယ်”လို့ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ၈ လေးလုံးနှစ်ပတ်လည်နေ့ကစပြီး ကျေးရွာ ၁၀ ရွာလောက်ကို  စစ်တပ်က စီးနင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ ဒီပဲယင်းအရှေ့ပိုင်းကျေးရွာတွေ အားလုံးကို မီးရှို့ဖျက်ဆီး ပစ္စည်းယူ ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။DVB

« Older Entries