Monthly Archives: Sep 2021

သမ္မတ အရေးပေါ်ကြေညာချက်အပြီး သတင်းမှားများစွာ ပြန့်နှံ့လာခဲ့

ယနေ့ စက်တင်ဘာ ၇ ရက်မနက် ၈ နာရီမှာယာယီသမ္မတကြီး ဒူဝါလရှီးလက နိုင်ငံတစ်ဝှမ်း အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရေးစတင်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ အဲ့လိုကြေညာအပြီး လူမှုကွန်ရက်မှာ သတင်းအမှားများစွာပေါ်ပေါက်က်လာခဲ့ပါတယ်။ မဇ္ဈိမအနေနဲ့ လက်လှမ်းမီသမျှ သတင်းအမှားများကို ဖော်ထုတ်ထားပါတယ်။

D-day ပထမနေ့မှာ ရဲဝန်ထမ်း ၁၂၀ မှ CDM ပြုလုပ်ဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာ မျှဝေသူဟာ မည်သည့်ရဲစခန်း၊ မည်သည့် တိုင်းဒေသကြီး အစရှိတဲ့ အကြောင်းအရာစုံလင်မှုမရှိပဲ ရေးသားမျှဝေခဲ့ပါတယ်။ ဒ့ါအပြင် သတင်းမီဒီယာတွေမှာလဲ ဒီအကြောင်းနဲ့ပတ်သက်လို့ ဖော်ပြထားတာလဲမရှိပါဘူး။ရန်ကုန် အင်းစိန်ဈေးရှေ့ CB bank အပေါ်ထပ်၊ ပေါက်တောဝ KBZ bank အပေါ်ထပ်တို့မှ လက်နက်ကြီးများတပ်ဆင်ပြီး လှိုင်သာယာနဲ့ ရွှေပြည်သာဖက်ချိန်ထားတယ်ဆိုတာလည်း သတင်းအမှားသာဖြစ်ပါတယ်။

နီးစပ်ရာနေထိုင်သူများကို မဇ္ဈိမက စုံစမ်းမေးမြန်းရာမှာ ဖြစ်ပွားမှုမရှိတာကို သိရှိရပါတယ်။ သမိုင်းမှာ ယနေ့ နေ့လည်ကပစ်ခတ်မှုများ ဖြစ်ပွားလို့ speak out ပြုလုပ်ပေးရန် ဖေ့ဘုတ်စ် အသုံးပြုသူတစ်ဦးမှလည်း ပြောကြားခဲ့တာတွေ့ရပါသေးတယ်။ ဒါကြောင့် မဇ္ဈိမအနေနဲ့ သမိုင်း တွင် နေထိုင်သူကိုမေးကြည့်ရမှာပစ်ခတ်သံမကြားရဘူးလို့ဆိုပါတယ်။

နေ့လည် တစ်နာရီအချိန်က ရန်ကုန် ဆူးလေတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ရေးသားဖြန့်ဝေမှုတွေလည်း ရှိခဲ့ပါတယ်။ ယနေ့ရန်ကုန်မြို့လယ်အခြေအနေကတော့ မြို့တော်ခန်းမ၊ အစရှိတဲ့နေရာတွေမှာ လုံခြုံရေးအင်အားများပြားနေတာကိုတွေ့ရပေမဲ့ ပစ်ခတ်မှုတော့မရှိခဲ့ပါဖူး။ရန်ကုန်၊ ဘုရင့်နောင်တွင် ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပုံအမှားများအသုံးပြုပြီး လက်ရှိတိုက်ပွဲဖြစ်ပွားသယောင် ရေးသားမှုများရှိခဲ့ပေမဲ့ လက်ရှိ ညနေအထိ တည်ငြိမ်နေကြောင်း သိရပါတယ်။

နေပြည်တော်ကို KNU နဲ့ PDF တို့ဝိုင်းထားကြောင်းသတင်းများလည်းတွေ့ခဲ့ရပါတယ်။ ဒီကနေ့နေပြည်တော်ဟာ ယခင်အခြေအနေအတိုင်း ရှင်းလင်းနေပြီး မြို့ခံများအနေနဲ့ ထူးခြားမှု တစ်စုံတစ်ရာ မရှိကြောင်း နေပြည်တော် မြို့ခံတစ်ဦးမှ ဆိုပါတယ်။

တောင်ငူမြို့သစ်မှာလည်းပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပေမဲ့ ဒီကနေ့တောင်ငူမှာ ပစ်ခတ်မှုမရှိခဲ့ကြောင်း မြို့ခံတစ်ဦးမှပြောပါတယ်။မဇ္ဈိမအနေနဲ့ လက်ရှိအချိန်ထိ လက်လှမ်းမီသလောက်စုံစမ်းရရှိထားသမျှ D-day နောက်ဆက်တွဲ သတင်းအမှားများကို ရှာဖွေဖော်ထုတ်ထားပါတယ်။

ယာယီသမ္မတကြီးရဲ့ အရေးပေါ်ကြေညာချက် မိန့်ခွန့်အပြီးတွင် ကောလဟာလများ၊ သတင်းမှားများ ရည်ရွယ်ချက်ရှိစွာနဲ့ ဖြန့်ဝေနေတဲ့ သတင်းများ များစွာပေါ်ထွက်နေတာကြောင့် စာဖတ်သူများအနေနဲ့ သတင်းများအား ရွေးချယ်စီစစ်သင့်ပါကြောင်း အသိပေးအပ်ပါတယ်။mizzima

NUG တိုက်ပွဲခေါ်သံကြောင့် မြို့ကြီးများတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေ

အာဏာသိမ်းစစ်ကောင်စီအပေါ် လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ဆန့်ကျင်မည့် ပြည်သူ့တော်လှန်ရေး ယနေ့(စက်တင်ဘာ၇)စပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကြေညာပြီးနောက် ရန်ကုန်၊ မန္တလေးတို့တွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသည်။

ဈေးများ၊ ဆေးဆိုင်များတွင် လူစည်ကားနေသလို လမ်းမများပေါ်တွင် စစ်ကားများ  ယခင်နေ့များကထက် ပိုမို လှည့်လည်သွားလာနေကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။

ညနေ ၄ နာရီအချိန်အတွင်း ရရှိထားသော သတင်းများအရ နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်တံတားအနီး၊ မွန်းလွဲပိုင်းတွင် သင်္ကန်းကျွန်းမြို့နယ် လျှပ်စစ်ရုံးအနီးတို့ တွင် ပေါက်ကွဲမှုများဖြစ်ခဲ့သည်။ ထိခိုက်ဒဏ်ရာရမှု အသေးစိတ်အခြေအနေများကိုမူ မသိရသေးပါ။

ထို့အတူ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ ရဲကင်းစခန်းတစ်ခုမှာ မွန်းလွဲပိုင်းတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရသဖြင့် ရဲနှစ်ဦး ဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။ 

ရန်ကုန်မြို့လယ်ခေါင် ဆူးလေတွင် ပုံမှန်ထက် ယာဉ်အသွားအလာကျပ်တည်းနေပြီး ၂၆လမ်းတွင် နံနက်တစ်ပိုင်းဖွင့်လှစ်လေ့ရှိသည့် ရပ်ကွက်ဈေးတစ်ခု၌ပင် စစ်သားတချို့ ကင်းလှည့်နေသည်။ 

“ပုံမှန်လှည့်လေ့မရှိဘူးလို့တော့ ပြောတယ် ဈေးထဲကလူတွေက။ နောက်တစ်ခုက ဆန်ဆိုင်တွေ၊ ဆီဆိုင်တွေမှာကတော့ အရင်ကထက် လူဝယ်တာ ပိုများတယ်။ ဆိုင်တွေကလည်း အရင်နေ့တွေကထက် (ဝယ်သူ) ပိုများတယ်လို့ ပြောတယ်” ဟု ရန်ကုန် ကျောက်တံတားမြို့နယ်နေ ကိုဟိန်းက ပြောသည်။

အခြေခံစားသောက်ကုန်များ လက်လီလက်ကားရောင်းချသည့် ညောင်ပင်လေးဈေးတွင်လည်း လူစည်ကားနေကြောင်း ထိုနေရာသို့  နံနက်ပိုင်းတွင် ရောက်ခဲ့သည့် ဒေါပုံမြို့နယ်နေ ကိုဘုန်းက ပြောသည်။

“ဘာများဖြစ်မလဲဆိုပြီး စိုးရိမ်စိတ်တွေပေါ်လာတယ်။ အဲဒီတော့ အခြေခံစားသောက်ကုန်တွေကို ပိုပြီးတော့ ဝယ်လာတာကို တွေ့ရတယ်၊ ညောင်ပင်လေးဈေးလိုဟာမျိုး City Mart လိုနေရာမျိုးတွေမှာ ကြိတ်ကြိတ်တိုးဝယ်ယူနေတာလည်းတွေ့ရတယ်။ နောက်တစ်ခုက ဆေးဆိုင်တွေမှာ ခါတိုင်းရက်တွေကလို မဟုတ်ဘဲ (၀ယ်သူများလို့) တန်းစီပြီးဝယ်တဲ့ဟာမျိုးတွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် အာဏာသိမ်းပြီးနောက် မြို့ထဲလမ်းမများပေါ်၌ အင်အားအနည်းငယ်သုံး၍ နေရာအတော်များများတွင် လုံခြုံရေးယူလေ့ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက် မတွေ့ရဘဲ ရဲစခန်းကဲ့သို့ နေရာမျိုးတွင်သာ တစ်စုတစ်စည်းတည်းတွေ့ရကြောင်း ကိုဘုန်းက ဆက်ပြောသည်။

“ကားတွေနဲ့ ပုံစံမျိုးစုံ ပိုပြီးပတ်နေတာ တွေ့ရတယ်။ ပြည်သူတွေကလည်း အဲဒါတွေကို စိုးရိမ်နေတာပေါ့ ဘာများဖြစ်မလဲဆိုပြီးတော့”ဟု ၎င်းက ပြောသည်။

ရန်ကုန်ရှိ Capital၊ Metro ကုန်တိုက်ကြီးများတွင် ဆန်၊ ဆီ၊ ကုန်ခြောက်နှင့် ရေရှည်အထားခံသည့် စားသောက်ကုန်များဝယ်ယူသူ အများအပြားတွေ့ရကြောင်း ယနေ့မွန်းလွဲပိုင်းတွင် မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

“လူတွေက ဈေးထွက်ဝယ်ကြလို့ ထင်တယ်။ ရန်ကုန်က လမ်းတွေမှာ ကားပိတ်တာက ကိုဗစ်မဖြစ်ခင် ဟိုအရင်အချိန်တုန်းကလောက်နီးပါးကို ဖြစ်လာတာ”ဟု ၎င်းက ပြောသည်။

ညောင်တန်းအိမ်ယာတွင် နေထိုင်သူတစ်ဦး၏ အဆိုအရ ပုဇွန်တောင်ဈေးအတွင်း ဈေးဝယ်သူ ပုံမှန်ထက် များပြားနေကြောင်း၊ ဆေးဆိုင်တွင် နာရီနှင့်ချီ၍ တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ရကြောင်း သိရသည်။

“အခုမနက် ဆေးဆိုင်မှာ ဆေးသွားဝယ်တာ ၂ နာရီလောက် တန်းစီစောင့်လိုက်ရတယ်။ ဈေးထဲမှာလည်း လူတွေကို အများကြီး။ ဆိုင်တိုင်းလိုလိုကို ဈေးဝယ်သူတွေရှိတယ်။ အချင်းချင်းပြောနေကြတာ ရိက္ခာတွေ ဆေးတွေ စုထားကြဆိုပြီး။ အခြား အသွားအလာစစ်ဆေးတာတွေတော့ မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

အောက်ပုဇွန်တောင်လမ်းမပေါ်ရှိ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် သဲအိတ်အကာအရံများဖြင့် တပ်စွဲထားပြီး လုံခြုံရေးယူထားသည့် စစ်သားများထဲတွင် အရာရှိအဆင့်အချို့ ပါဝင်သည်ကို တွေ့ရကြောင်း အနီးအနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အတူ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ပုဇွန်တောင်မြို့နယ်ရဲစခန်းတွင် စက်သေနတ်ပါ တပ်ဆင်၍ ပစ်ခတ်ရန် အသင့်အနေထားပြင်ထားသည်ကို တွေ့ရကြောင်း လမ်း ၅၀ ပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးထံမှ သိရသည်။

“သဲအိတ်တွေဘာတွေ အရင်ကထက် ပိုများလာတယ်။ ခံတပ်ပြင်ထားသလိုမျိုး။ စခန်းအပေါ်ထပ်မှာ စက်သေနတ်နဲ့ ချိန်ထားတာတွေ့တယ်။ အရင်ရက်တွေက မတွေ့ဘူး”ဟု ၎င်းက ဆိုသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တောင်ဒဂုံမြို့နယ်ရှိ လမ်းမများပေါ်တွင် ယနေ့ မနက် ၉ နာရီမတိုင်မီကတည်းက စစ်ကား ၄ စီးခန့်ပါဝင်သည့် စစ်ယာဉ်တန်းများသွားလာနေသည်ကို တွေ့ရ ကြောင်း ထိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

တောင်ဒဂုံကဲ့သို့ပင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရွှေပြည်သာမြို့နယ်ခန်းမအတွင်း တပ်စွဲထားသည့် စစ်သည်အရေအတွက်မှာ ယခင်ကထက် ပိုများလာသလို လူစည်ကားရာ လမ်းဆုံလမ်းခွများ၊ လမ်းမများတွင် စစ်ဆေးမှုများရှိနေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။

“အင်အားပြန်ဖြည့်ထားတာ တွေ့ရတယ်။ အရင်ကဆို မြို့နယ်ခန်းမထဲမှာ နှစ်စီးလောက်ရှိတာ။ အခုဆို လေးစီးလောက်ရှိတယ်”ဟု ၎င်းက ပြောသည်။

တောင်ဒဂုံ၊ ရွှေပြည်သာတို့နှင့်အတူ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် လှိုင်သာယာမြို့နယ်သို့ အဝင်အထွက်ပြုရာတွင် အဓိကကျသည့် ဘုရင့်နောင်တံတားအနီးတွင် နံနက် ၁၀ နာရီဝန်းကျင်က ပစ်ခတ်မှုအချို့ရှိခဲ့ကြောင်း ဒေသခံနှစ်ဦးက ပြောသော်လည်း ဖြစ်စဉ်အသေးစိတ်ကို မသိရသေးပါ။

ဘုရင့်နောင်တံတားနှင့် သိပ်မဝေးလွန်းသော နေရာတွင်ဖြစ်သည့် သမိုင်း၊ မုဒိတာအိမ်ယာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကလည်း နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပြီးနောက် တံတားကို ခေတ္တပိတ်ခဲ့သည်ဟု ကြားသိရကြောင်း ပြောသည်။

ထိုသို့ ဖြစ်ပြီးချိန်တွင် လှိုင်သာယာရှိ နေရာအချို့တွင် စစ်ကောင်စီက စစ်ဆေးမှုများလုပ်ဆောင်နေသော်လည်း အပြင်ထွက်၍ ပစ္စည်းဝယ်သူများနေပြီး အိမ်ဆောက်ပစ္စည်းဆိုင်များပါမကျန် ရောင်းကောင်းနေကြောင်း (၇) ရပ်ကွက်တွင် ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

“လူတွေကတော့ အိမ်ဆောက်ပစ္စည်းတွေ တအားဝယ်ကြတယ်။ ပလိန်းသွပ်တို့ ဘာတို့ တအားဝယ်ကြတယ်။ သူတို့အိမ်တွေ ကာဖို့အတွက်လေ။ ကျနော်ကဆိုင်ဖွင့်ထားတာ သွပ်ပြားတွေ တအားဝယ်ကြတယ်။ လေးခွတွေဝယ်တယ်၊ ဓားတွေဝယ်တယ်”ဟု ၎င်းက ပြောသည်။

ယနေ့ ညနေ ၄နာရီမတိုင်မီ သတင်းများအရ သင်္ဃန်းကျွန်းမြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်း သိရသော်လည်း ထိခိုက်ဒဏ်ရာရသူ ရှိမရှိနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတို့ကိုမူ အတိအကျ မသိရသေးပေ။ ထိုနေရာအနီးတွင် စစ်ကောင်စီတပ်က လုံခြုံရေးချထားကာ ရှာဖွေစစ်ဆေးနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုသည်။

ရန်ကုန်မြို့၏ ကုန်ဈေးနှုန်းအတက်အကျကို ဖန်တီးနိုင်စွမ်းရှိသည့် ဘုရင့်နောင်ပွဲရုံတန်းနှင့် ကုန်စည်ဒိုင်တို့တွင် ကုန်စည်ဝင်ထွက်မှု၊ ကုန်ဈေးနှုန်းနှင့် အရောင်းဝယ် ပုံမှန်သာဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဌ ဦးခင်ဟန်က ပြောသည်။ 

ပွဲရုံပေါင်း ၁,၃၀၀ ကျော်ရှိသည့် ထိုပွဲရုံဝင်းအတွင်း နိုင်ငံအနှံ့မှ စိုက်ပျိုးထွက်ကုန်၊ ငါးပိငါးခြောက်နှင့် စားဖိုဆောင်သုံးစားသောက်ကုန်များ ရောင်းဝယ်နေခြင်းဖြစ်သည်။

NUG၏ ရုတ်တရက်ကြေညာမှုကြောင့် ဈေးကွက်အတွင်း သိသာသည့် သက်ရောက်မှုများ ပေါ်ပေါက်ခြင်းမရှိဟု ဦးခင်ဟန်က ယနေ့မွန်းလွဲပိုင်းတွင် ပြောထားသည်။

“ပုံမှန်ပါပဲ။ အမှန်ကတော့ ဒီဟာကလည်း D-Day မဟုတ်ပါဘူး။ သူတို့လည်း အရေးပေါ်အခြေအနေကြေညာနေတာပါ။ အဲဒီလိုပဲ ယူဆရတာပဲ” ဟု ၎င်းက ဆိုသည်။

ရွှေဈေးကွက်အတွင်း လက်တွေ့အရောင်းအဝယ်မဖြစ်သော်လည်း ယနေ့ဈေးနှုန်းမှာ စံချိန်တင်သွားခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်၁၈ သိန်းအထိ ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းထံမှ သိရသည်။

“လူတွေကလည်း ကောလာဟလတွေ ဟိုဟာပြောလိုက် ဒီဟာပြောလိုက်တွေက ရှိသေးတယ်။ ဒါတွေ နည်းနည်းကျော်လွန်သွားတဲ့အခါ ပြန်အေးဖို့ရှိပါတယ်” ဟု ၎င်းက သုံးသပ်သည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များမှာမူ သုံးစွဲသူများထံ ကြိုတင်အသိပေး ကြေညာထားသည့် ပုံမှန်အချိန်ဇယားများအတိုင်း ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။

သို့သော် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်မည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေသဖြင့် Wave Money ကဲ့သို့သော ဒီဂျစ်တယ်စနစ်ဖြင့် ငွေထုတ်၊ ငွေလွှဲကိစ္စများကို အသုံးပြုသူအရေအတွက် ယနေ့ နံနက်တွင် နှစ်ဆခန့်မြင့်တက်လာကြောင်း သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုတွင် စတိုးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၂၅ ကျပ် ဝန်းကျင်ဈေးဖွင့်ထားသည့် ဒေါ်လာဈေးမှာမူ ပြင်ပဈေးကွက်တွင် ၁၈၃၅ ကျပ်နှင့်အထိ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

မန္တလေးမြို့အခြေအနေ

ကုန်ပစ္စည်းများ လက်လီ၊ လက်ကားရောင်းချရာ မန္တလေးမြို့ ဈေးချိုတော်နှင့် ယင်းနေရာအနီး အသွားအလာများနေသည်မှအပ ဈေးဆိုင်များတွင် အရောင်းအဝယ်ပုံမှန်သာဖြစ်ကြောင်း မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။

သို့သော် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ ရဲကင်းစခန်းတစ်ခုကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲနှစ်ဦး ဒဏ်ရာရသည်ဟု ၎င်းက ပြောသည်။

အခြားနေရာ သုံးခုထက်မနည်းတွင် ပစ်ခတ်၊ ပေါက်ကွဲမှုများဖြစ်သည်ဆိုသော်လည်း ညနေ ၅နာရီအထိ သီးခြားအတည်ပြုနိုင်ခြင်း းမရှိသေးပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲလေ့ရှိသည့် နေရာများတွင် အင်အားတိုးထားသည်ကို တွေ့ရကြောင်း အထက်ပါ မျက်မြင်တွေ့ရှိသူက ပြောသည်။

“အခြေချတပ်စွဲထားတဲ့ နေရာတွေက အစောင့်တွေ ခါတိုင်းနေ့တွေနဲ့မတူဘဲ ပိုပြီး သတိကြီးကြီးနဲ့ နေနေတာမျိုးတွေ့ရတယ်။ အင်အားအနည်းငယ်စီတိုးထားတာမျိုးလည်း ရှိတယ်။ ခါတိုင်း ၃ ယောက်ရှိတဲ့နေရာ တချို့မှာ ၅ ယောက်လောက် တွေ့ရတယ်။ သေနတ်တွေကို ခါတိုင်းဖြစ်သလို ကိုင်ထား၊ လွယ်ထားကြပေမဲ့ ဒီနေ့မှာ အသင့်အနေအထားကိုင်ထားတာမျိုး တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအပေါ် ကြေညာလိုက်ပြီဖြစ်သည့် စစ်ပွဲတွင် ပြည်သူများ ပူးပေါင်းကူညီကြရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးနေကြရန်၊ ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ကြရန် စသည့် အချက်များပါဝင်သည့် ကြေညာချက်တစ်စောင်ကို မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (MDY-PDF) ကလည်း ယနေ့ ထုတ်ပြန်သည်။

NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးကလည်း ပြည်သူ့တော်လှန်ရေးစပြီဟု အများပြည်သူသို့ ကြေညာခဲ့သည့် ယနေ့ နံနက်မိန့်ခွန်းတွင် အင်အားစုအသီးသီးက ပူးပေါင်းပါဝင်ကူညီကြရန် တိုက်တွန်းထားသည်။

“ပြည်သူ့အုံကြွမှုကို ကျေးလက်နှင့် မြို့ပြ တစ်ပြိုင်တည်းလုပ်ဆောင်ကြရမည်။ စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စိတ်ဓာတ်ပြင်းထန်ကြံ့ခိုင်မှုအပေါ်မူတည်၍ တော်လှန်ရေးကာလတိုတောင်းမည်”ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်တော်လှန်ရေးနေ့ စတင်သတ်မှတ်တဲ့နေ့သည် D Day မဟုတ်သေးကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ထင်ရှားသည့် ဗိုလ်ကြီးညီသုတက သူ၏ Facebook စာမျက်နှာတွင် ရေးထားသည်။

“ယခင်က တိုက်နေတာကို အရှိန်မြှင့်ရုံပါပဲ။ အဆင်သင့်မဖြစ်သေးတဲ့ PDF ၊ ပြင်ဆင်ဆဲ PDF တွေအနေနဲ့ အလောတကြီးတိုက်စစ်စဖို့ မလိုအပ်သေးပါဘူး။   …  D Day ဆိုတာက အဆင်သင့်ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးက ရည်မှန်းချက်နေရာကို တပြိုင်နက်တည်း ထိုးစစ်ဆင်တဲ့ရက်ကို ဆိုလိုတာပါ”

NUG၏ ကြေညာမှု၊ နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ Myanmar Nowက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီက ထိန်းချုပ်ထားသည့် MRTVတွင်မူ NUG၏ ခြေလှမ်းသည် နိုင်ငံတကာ၏ အာရုံစိုက်မှု ပိုရရန်သာဖြစ်ကြောင်း ၎င်းက ဖြေကြားထားသည်။

“ဘာကြောင့်ဒါတွေဖြစ်လာလဲဆိုတော့ ဒီလ ၁၄ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပမှာဖြစ်တဲ့အတွက် ဒါ သူတို့လုပ်ရပ်တစ်ခု ပြနိုင်အောင်လို့ပေါ့ဗျာ၊ လုပ်ငန်းတစ်ခုလုပ်ဆောင်နိုင်အောင် လုပ်ဆောင်တာဖြစ်တယ်”ဟု ၎င်းက ပြောသည်။myanmar now

ဒီးမော့ဆို မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်တိုက်နေ

ကရင်နီတပ်မတော် (KA) ဦးဆောင်သည့် KNDF, KGZ, PDF တို့ ပူးပေါင်းတပ်ဖွဲ့သည် ဒီးမော့ဆို မြို့မရဲစခန်းကို ညနေ ၆ နာရီကျော်ကစတင်ကာ ဝင်ရောက်တိုက်ခိုက်နေကြောင်း KNDF တပ်ရင်း (၁၉) မှ သတင်းထုတ်ပြန်သည်။

သတင်းရေးသားချိန် ည ၈ နာရီထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရပြီး ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။ ကယားပြည်နယ်ထဲတွင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်က လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်အကြား ‌ဒေါပိုးစီကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်mizzima

တွန်းဇံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၅ ဦး CDF တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်း

အမျိုးသားညီညွတ်ရေး အစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာလိုက်သည့် ယနေ့ စက်တင်ဘာ ၇ ရက်တွင် ချင်း ပြည်နယ် တွန်းဇံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ငါးဦးသည် CDF တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း CDF တပ်ဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့်အတွက် ပြည်သူ့နှင့်အတူ ပူးပေါင်းပြီး CDM ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်းနှင့် လူထုဆန္ဒနှင့်အညီ ရွေးချယ်တင်မြောက်လိုက်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်မှ တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း CDM ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖြား ဖိနှိပ်မှုအောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအနေဖြင့် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ အမြန်ဆုံးဆက်သွယ်ပြီး PDF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလက ယနေ့နံနက်အစောပိုင်း အရေးပေါ်မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။mizzima

မိုးကုတ်မြို့က Mytel ရုံး ဗုံးခွဲခံရ

မန္တလေးတိုင်းမိုးကုတ်မြို့အရှေ့ပိုင်းက mytel ရုံးမှာ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စု တပ်သားတွေက mytel ရုံးအနီးမှာ စစ်ဆေးနေတယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။

“၄ နာရီ ၅ မိနစ်လောက်က ကွဲတာအသံက တော်တော်နီးတယ်၊ တော်တော်လည်းကျယ်တယ်၊ ငါးနာရီလောက်ကျတော့ mytel ရုံးဘက်လမ်းမှာနေတဲ့ တယောက်က mytel ရုံးဗုံးပစ်ခံရတယ်လို့ လှမ်းပြောတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

Mytel ရုံးမှာ အရင်ရက်တွေကတော့ ရုံးတက်နေသူတွေရှိနေခဲ့ပြီး ဒီ နေ့မှာတော့ ရုံးတက်သူ ရှိမရှိနဲ့ ထိခိုက်ဒဏ်ရာရသူကိုလည်း မသိရဘူးလို့ ဆိုပါတယ်။ 

ဗုံးပေါက်ပြီးနောက် mytel ရုံးထိတဲ့ အခြေနေတောင် မသိရသေးဘဲ စစ်အုပ်စုက သေနတ်တွေနဲ့ mytel ရုံးအနီး စောင့်နေကြတယ်လို့ သိရပါတယ်။DVB

ကရင်နီတပ်ဖွဲ့ဝင်များ ဒီးမော့ဆိုရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်၊ အကျအဆုံး မသိရှိရသေး

ကယားပြည်နယ် (ကရင်နီပြည်) ဒီးမော့ဆိုမြို့ရှိ ရဲစခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

“ဒီးမော့ဆို ရဲစခန်းတော့ ယနေ့ညနေ ၆ နာရီကျော်ကျော်ကတည်းက ကရင်နီတပ်မတော်နဲ့ မိမိတို့ KNDF တပ်သားတွေ ဝင်ပစ်တယ်လို့ သိရပါတယ်။ ရဲစခန်း သိမ်းနိုင်မသိမ်းနိုင်တော့ ကျနော်လည်း မသိရသေးဘူးဗျား။ အခြေအနေ စောင့်ကြည့်ရဦးမယ်။ အခု ကျနော်လည်း အခြားစစ်ကူ တစ်ဖက်ရောက်နေလို့ သိမ်းနိုင်လား မသိမ်းနိုင်လား သူတို့နဲ့ ဆက်သွယ်မေးမြန်းနေဆဲပါပဲဗျာ” ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူမှ ဒေသသတင်းရင်းမြစ် PKPF သို့ ပြောသည်။

ကရင်နီပြည် လွိုင်ကော်-ဒီးမော့ဆို လမ်းတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ယနေ့ ညနေပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေါပိုးစီ၊ စံပြ ၆ မိုင်၊ ဒေါငံခါးရှိ နေအိမ်အချို့ စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ဆံ ထိမှန်ပြီး ပျက်စီးခဲ့သည်။ယနေ့ ညနေပိုင်းတွင် ဒေါပိုးစီ ကျေးရွာတွင် ဝင်ရောက်တပ်စွဲသော အင်အား ၂၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ပြီး ယနေ့ည ၇ နာရီခန့်အထိ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေခဲ့သည်။khit thit

“ပြည်သူအားလုံး ကူကြပါ… ပြည်သူ့အားကို လိုအပ်ပါသည်… D-DAY ရောက်ပါပြီ” – မင်းမော်ကွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်း ဒီကနေ့ ကြေညာပြီးပြီးနောက် မြန်မာပြည်သူတွေအနေနဲ့ အားလုံးပါဝင်ကူကြဖို့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် တိုက်ပွဲခေါ်သံ မကြာခင်လာတော့မှာမို့ အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ပြည်သူတွေကို သတိပေးထားပါတယ်။

မင်းမော်ကွန်းဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၇ ရက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံ တွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာထားပါတယ်။DVB

“တပ်ကိုကြိတ်မယ့်မိန်းမများ သံတိုင်ကြားကလက်ထောင်ထား” အကြမ်းဖက် စစ်ခွေး တော်လှန်ရေး အမျိုးသမီးများ ဦးဆောင်သည့် ဖောင်းကားကျေးရွာ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

ဘိုကလေးမြို့ ထွေအုပ်ရုံး လစ်လပ် စာရေးနေရာ၌ လျှောက်ထားသူ ၁၀ ဦးရှိ

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ လစ်လပ်စာရေးနေရာအတွက် ယနေ့အထိ လာရောက်လျှောက်ထားသူ ၁၀ ဦးရှိပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။

အဆိုပါ စာရေးလစ်လပ်ရခြင်းသည် ပြည်သူ့ဝန်ထမ်းစစ်စစ်များက ပြည်သူများဘက် ရပ်တည်၍ CDM ပြုလုပ်သွားခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဒီသတင်းကတော့ ကျွန်တော်တို့ PDF အဖွဲ့တွေလည်းကြားပါတယ်။ ဒီလိုအသေးစိတ်တော့ မသိရဘူးပေါ့။ ထွေအုပ်ရုံးက CDM လုပ်သူအရေအတွက်က နည်းပါတယ်။

ဒါပေမဲ့ သူတို့အတွက် ဂုဏ်ယူပါတယ်။ အခုလည်း နေရာနဲ့ အရေအတွက်သိရပြီဆိုတော့ ဒီလိုလူတွေအတွက်ကတော့ ကျွန်တော်တို့က တာဝန်မယူဘူး။ ပြည်သူ့သစ္စာကိုဖောက်တဲ့အပြင်၊ အခွင့်အရေးသမား၊ အချောင်သမားတွေ သူတို့က လူ့လောကအတွက် ပိုအန္တရာယ်ရှိပါတယ်။ဒါကြောင့် အသစ်ခန့်လို့ ဝင်ရောက်လာမယ့် ဝန်ထမ်းတွေရဲ့ အသက်ကတော့ ကျွန်တော်တို့ အာမ မခံပါဘူး”ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘိုကလေးမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဘက်မှ လစ်လပ်စာရေးနေရာ လျှောက်ထားရန်အတွက် စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထား လျှောက်ထားရန် ကြော်ငြာခဲ့သည်။ လျှောက်ထားသူများအနက် ခြောက်ဦးကို လာမည့်စက်တင်ဘာ ၁၅ ရက်တွင် အတည်ပြုခန့်အပ်မည်ဖြစ်သည်။

ဘိုကလေးမြို့နယ် မြို့မ(၆)ရပ်ကွက်၊ ဘုရားချောင်းကျေးရွာ၊ မလော့ကျေးရွာ၊ ကျွန်းညိုကြီးကျေးရွာ၊ ခနောင်ကျေးရွာနှင့် ရေကျော်တိုးကျေးရွာ နေရာ (၇)ခုတွင် အုပ်ချုပ်ရေးစာရေးများ လစ်လပ်လျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ သိရသည်။mizzima

« Older Entries