Monthly Archives: Sep 2021

ရေစကြိုမြို့နယ်၌ စစ်ယာဉ်တန်းအပါအဝင် ၃ နေရာကို PDF က မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စက်တင်ဘာလ ၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စု ယာဥ်တန်း အပါအဝင်  နေရာ ၃ နေရာမှာ ဖောက်ခွဲမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျဆုံးများနိုင်တယ်လို့ ရေစကြို PDF အဖွဲ့ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။

ရေစကြိုမြို့နယ် ဆန်းသစ်ရွာ တောင်ဘက်မှာ ဒီကနေ့ညနေ ၆ နာရီလောက်က ပခုက္ကူကနေ မြောင်မြို့နယ်ဘက်ကို သွားတဲ့ စစ် ကား ၄ စီး ကို PDF တပ်ဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်တာလို့လည်း ပြောပါတယ်။

အဲဒီဖောက်ခွဲတိုက်ခိုက်ပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပြန်လည်ပစ်ခတ်နေတာကြောင့် အထိခိုက်မရှိအောင် ဘေးလွတ်ရာကို ဆုတ်ခွာနေရတာကြောင့် သေဆုံး ဒဏ်ရာသူ  အတိကျမသိနိုင်ဘူးလို့လည်း ဆိုပါတယ်။

မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ် အစပ်မှာ ဒီကနေ့မနက်ပိုင်းကတည်းက တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်နေတာကြောင့် ရေစကြို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ရေစကြိုမြို့နယ် PDF တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့ ကိုရှိန်းရဲ့ ဆီဆိုင်ကို ဖောက်ခွဲခဲ့သလို မွန်းလွဲ ၂ နာရီလောက်မှာလည်း မြို့နယ်စိုက်ပျိုးရေးရုံးကို ဖောက်ခွဲခဲ့တယ်လို့ အတည်ပြုပြောပါတယ်။DVB

NLD နှင့် ပါတီ ၃ ခုကို တရုတ်ကွန်မြူနစ်ပါတီက ဆွေးနွေးပွဲဖိတ်

တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများအကြား တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တက်ရောက်သွားမည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။

တွေ့ဆုံပွဲကို ‌တက်ရောက်ရန် တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားလာခြင်းဖြစ်ပြီး NLD တွင် တရုတ်နိုင်ငံနှင့် ဆက်သွယ်ရန် တာဝန်ရှိသည့် ဦးဘိုဘိုဦး တက်ရောက်မည်ဟု အမည်မဖော်လိုသူ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုပြောဆိုခြင်း ဖြစ်သည်။

စက်တင်ဘာ ၉ တွင် “နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အစည်းအဝေးကို Virtual Meeting ဖြင့် အွန်လိုင်းမှ ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ဖိတ်ကြားခံရသည့် ပါတီ ၄ ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီတို့လည်း ပါဝင်သည်။ 

အခြား ပါတီတစ်ခု၏ အမည်ကို Myanmar Now အနေဖြင့် လတ်တလော အတည်မပြုနိုင်သေးပေ။  

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဖိတ်ကြားစာ လက်ခံရရှိထားပြီး တက်ရောက်မည့် ကိုယ်စားလှယ်ကို ပါတီ၏ လူငယ်မူဝါဒရေးရာ ကိစ္စရပ်များ ပြောဆိုဆွေးနွေးရန်အတွက် တာဝန်ပေးထားသည်ဟု ဆိုသည်။

“ဖိတ်ထားတာရှိတယ်။ ပါတီရဲ့လူငယ်တာဝန်ခံကို တွေ့ဆုံပွဲတက်ရောက်ဖို့ ပြောထားတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်မှ လူငယ်ရေးရာကော်မတီ ဒုတိယဌာနမှူး ဒေါက်တာသန့်ဇော်လွင် ကိုယ်စားပြုတက်ရောက်မည်ဖြစ်ကြောင်း ထိုပါတီနှင့် နီးစပ်သည့် People Media တွင် ဖော်ပြထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲခဲ့ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားသည်။

ယင်းအပြင် NLD ပါတီကို ဖျက်သိမ်းရန်အထိ အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းနေသည်။ 

သို့သော်လည်း တရုတ်နိုင်ငံကမူ တွေ့ဆုံပွဲတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အရှေ့အာရှရေးရာ အထူးသံကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်၏ နေပြည်တော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုခဲ့ခြင်းဖြင့် NLD ပါတီကို ဖျက်သိမ်းရန် မလိုလားကြောင်း ဖော်ပြခဲ့သည်။

ယင်းအပြင် ဇူလိုင်လ ၂၀ရက်စွဲဖြင့် တရုတ်ကွန်မြူနစ်ပါတီက NLD ပါတီကို ပေးပို့သည့် ကျေးဇူးတင်လွှာတွင် NLD ပါတီနှင့် ပူးပေါင်းပြီး တရုတ်- မြန်မာ နှစ်နိုင်ငံဆက်ဆံ‌ရေးကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်သွားလိုကြောင်း ဖော်ပြထားသည်။

‌ရွေးကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည့် စစ်တပ်ကို နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံက အကာအကွယ်ပေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူအများစုကမူ တရုတ်နိုင်ငံကို ကြိုက်နှစ်သက်ခြင်းမရှိပေ။

အာဏာသိမ်းမှု အစပိုင်းများတွင် မြန်မာပြည်သူများသည် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သလို တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအချို့ကို တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။myanmar now

ဟင်္သာတတွင် ဆိုက်ကယ်ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်မှာ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက  ဆိုင်ကယ် ၁ စီး မောင်းလာစဥ်ပေါက်ကွဲကာ အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး သုံးပင်ကွင်းရပ်ကွက် ၁ လမ်းမှာ ဆိုင်ကယ်မောင်းနှင်လာစဥ် ဆိုင်ကယ် Tool box ထဲက ပေါက်ကွဲမှုဖြစ်ပြီး ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အုန်းဆိုပြီး ထပေါက်တာ အစက အဲ့လောက်ဖြစ်လိမ့်မယ် မထင်ဘူး ခုက ပေါက်တဲ့ အသံတော်တော်ကျယ်တယ်။ ကောင်လေးကို ဆေးရုံကားခေါ်ပြီး ပို့ပေးလိုက်တယ်။ အခြေအနေတော့ မကောင်းဘူး”လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

ဆိုင်ကယ်ပေါက်ပြီး ဆေးရုံရောက်လာသူအမျိုးသား နေအိမ်ကို စစ်ဆေးချိန်မှာ လက်လုပ်မိုင်း ၂ လုံးတွေ့ရှိတာကြောင့် လက်လုပ်မိုင်းပေါက်ကွဲတာလို့ စစ်ကောင်စီတပ်ဖွဲ့ သတင်းကြေးနန်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဆိုင်ကယ်ပေါက်ကွဲမှုကြောင့် ဆေးရုံရောက်လာသူ အမျိုးသားမှာ ဆေးရုံရောက်ပြီး မိနစ်ပိုင်းအကြာမှာ သေဆုံးသွားတယ်လို့ ဌာန အဆင့်ဆင့်သတင်းပို့ထားတယ်လို့ သိရပါတယ်။DVB

မြန်မာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသူ ၃ သန်းနီးပါးရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၃ သန်းနီးပါးရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး စက်တင်ဘာ ၇ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၉ သန်း၊ အကြိမ်ပြည့်ထိုးနှံပြီးသူ ၂ ဒသမ ၉၈ သန်းနဲ့ စုစုပေါင်း ၄ ဒသမ ၈၈ သန်းကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေးသွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၂၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၆,၀၀၀ ကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေး ရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံ တွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်း အဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်း နေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသ ဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြ ရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေ မှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။DVB

အရေးပေါ်အခြေအနေပြန်ရုပ်သိမ်းရန် ကေအန်ယူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ တောင်းဆို

စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ နေ့စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ကြေညာချက်ဟာ စစ်ကြေညာလိုက်တဲ့အသွင်ဆောင်နေတဲ့အတွက် လွန်စွာထိတ်လန့်စိုးရွံမိကြောင်း၊ စစ်ကြောင့် နိုင်ငံသူနိုင်ငံသားတွေရဲ့ အစားအဝတ်အနေ ဆင်းရဲကြရပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ပြီးဖြစ်တဲ့အတွက် ထပ်မံ မကြုံတွေ့စေလိုတော့ပါလို့  စာမှာ ဖော်ပြပါတယ်။

ဒါကြောင့် ဒီအမိန့်ကို မရုပ်သိမ်းနိုင်ခဲ့ပါက အမိမြေကို စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေးနေတဲ့ သဘောဆောင်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အန်ယူဂျီအနေနဲ့ အရေးပေါ်အခြေအနေ ပြန်လည်ရုပ်သိမ်းပေးဖို့၊ သူ့ဒေသကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှု မပြုလုပ်ဖို့၊ ကေအန်ယူအမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့အညီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာဖို့ မေတ္တာရပ်ခံထားပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ပြီး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီလက ကြေညာလိုက်ပြီး စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်က ဒူးပလာယာခရိုင် နယ်မြေတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင် ရှိ၊ မရှိ စစ်ဆေးမယ့်အပေါ် အဆိုပါ အဖွဲ့ကို လက်မခံထားဖို့ ပဒိုစောရွှေမောင်းက သက်ဆိုင်ရာ တပ်မဟာနဲ့ မြို့နယ်ခေါင်းဆောင်တွေကို ညွှန်ကြားခဲ့ပါတယ်။DVB

ကျောင်းများတွင် စစ်ကောင်စီ ဝါဒဖြန့်သတင်း စာများကို မဖြစ်မနေဝယ်ယူရန် ညွှန်ကြားထား

အခြေခံပညာစာသင်ကျောင်းတိုင်းတွင် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများကို ယခုလမှစ၍ မဖြစ်မနေဝယ်ရမည်ဟု အခြေခံပညာဦးစီးဌာနက အကြောင်းကြားတစ်စောင်ကို စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အနေနှင့် ကျောင်းတွင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် ကိုဗစ်ဆိုင်ရာ သတင်းများကို အဆက်မပြတ်သိရှိစေရန် သတင်းစာမရောက်ရှိသည့် ဒေသများတွင်ပါ မဖြစ်မနေဝယ်ယူရမည်ဖြစ်‌ကြောင်း အခြေခံပညာဦးစီးဌာနက ကျောင်းအုပ်ဆရာ၊ဆရာမများ ကို ဖိအားပေး ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“အရူးတွေပါ ရောင်းမကုန်လို့ အဲ့နည်းလမ်းတွေကို လုပ်နေတာ၊ ပညာရေးဝန်ကြီးက စကစကို ဖားချင်တာလည်း ပါတာပေါ့၊ တစ်လလုံးနေမှ မြို့နဲ့တစ်ခါ အဆက်အသွယ်ရတဲ့ ရွာတွေက အဲ့သတင်းစာကြီးဘယ်လိုယူမတုန်း ဂွင်ဖန်တာပါဗျာ” ဟု အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာဦးအောင်ကျော်ဇော ကပြောသည်။

စစ်ကောင်စီအနေနှင့် စီးပွါးရေးကျဆင်းပြီး တိုင်းပြည်ဝင်ငွေနည်းနေခြင်းကြောင့် စာသင်ကျောင်းများအနေဖြင့် မဖြစ်မနေ ငွေလုံးငွေရင်းခေါင်းစဉ်အောက်မှ ဝယ်ယူရမည့် အသုံးစရိတ်များကိုသာ တင်ပြရမည်ဖြစ်သည့်အပြင် ရေနှင့်လျှပ်စစ်မီးကို ချွေတာသုံးစွဲရမည်ဟု ညွှန်ကြားစာ ထုတ်ပြန်ထားသည်။mizzima

ကလေးမြို့နယ်တွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃‌ ဦးအလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဒိုးနွယ်ကျေးရွာအနီးမှာ အကြမ်းစစ်တပ်က ပစ်သတ်ခဲ့တဲ့ အလောင်း ၃ လောင်းကို စက်တင်ဘာ ၈ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျနော်တို့ရွာမှာ ဒီစစ်ခွေးတွေ တပ်စွဲနေကြတယ်။ မနေ့က စတင်ဘာ ၇ ရက်နေ့ကတော့ ကျနော်တို့ ဒိုးနွယ်ရွာနဲ့ ကျောက်ဖူးရွာကြားမှာ ပြည်သူကာကွယ်ရေးတပ် PDF နဲ့ တိုက်ပွဲဖြစ်သေးတယ်။ စစ်ခွေးတွေဘက်က အကျဆုံးများလို့ ဒီကောင်တွေ ရှုံးမဲ မဲတာလို့ ပြောလို့ရတယ်ဗျ။ ဘာလို့လဲဆိုတော့ အခုသေဆုံးတဲ့ အရှေ့စည်ရွာဦးဝင်းအောင်နဲ့ ကိုရှိုင်းဝဏ္ဏအောင်ကတော့ သာမာန်အရပ်သားတွေပဲ။ တစ်ဦးကတော့ ကျနော်လည်းမသိဘူး။”

ဒိုးနွယ်ရွာက နေအိမ် ၄ လုံးကိုလည်း စက်တင်ဘာ ၇ ရက်‌နေ့က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ၈ ရက်နေ့ မနက်ပိုင်းမှာ တင်သားကျေးရွာ၊ ကြံသာကျေးရွာ၊ အောင်သာယာကျေးရွာတွေကို အကြမ်းဖက်ရှာဖွေ ဖမ်းဆီးနေတာကြောင့် ဒေသခံရွာသား ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။ 

စက်တင်ဘာ ၇ ရက်နေ့က ကလေး PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲတယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။DVB

မန္တလေးနှင့် စစ်ကိုင်းရှိ ကြံ့ဖွတ်ပါတီဝင်များ၊ ဒလန်ဟု သတ်မှတ်ခံရသူများနှင့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရပြီး တံတားဦးရဲစခန်း ဗုံးဖြင့်ထုခံရကာ ရဲ ၁ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ

မန္တလေးတိုင်း တံတားဦးမြို့နယ်ရှိ မြို့မရဲစခန်းကို ယနေ့ စက်တင်ဘာလ ၈ရက်နေ့ နံနက် (၁၁)နာရီခန့်က လက်လုပ်ဗုံးဖြင့် အမည်မသိ အဖွဲ့အစည်းက ပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။

ထိုသို့ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များ ရောက်ရှိလာကာ အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူ ၁ဦး သေနတ်ထိမှန်ကာ ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ ၄ဦး ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောဆိုသည်။ မတ္တရာမြို့နယ်တွင်လည်း စစ်ကောင်စီ သတင်းပေး ဒလန်ဟု သတ်မှတ်ခံရသော ဒေါ်ယဉ်ဆိုသည့် အမျိုးသမီးအား ယနေ့ နေလည်ပိုင်းတွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

” သူ့ကို သန်းနှစ်ရာဒေါ်ယဉ်လို့ ခေါ်ကြတယ်။ သူ့ဆိုင်နာမည်က သန်းနှစ်ရာ မို့လို့ မတ္တရာရဲ့ ဒလန်ချုပ်လို့ လူသိများတယ်။ သူ့သမီးလည်း ဒလန်ပဲ။ အခု ၁၂ နာရီခွဲက သူ့အိမ် ဈေးဆိုင်ထဲမှာ ပစ်ခံရတာ” လို့ ကျောက်တံတားရွာ ဒေသခံ တစ်ဦးကပြောဆိုသည်။ မဟာအောင်မြေမြို့နယ် သံနောက်/အုတ်ကျင်းရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးပေါက်စီဆိုသူကို ယနေ့ ညနေ ၅နာရီခန့်တွင် အမည်မသိ သေနတ်သမားများ ပစ်သတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက် အရသိရသည်။

ဦးပေါက်စီသည် နေအိမ်တွင် ရှိနေစဉ် သေနတ်ဖြင့် ၆ ချက်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် လှော်ကားကြီးစံပြကျေးရွာတွင် ကြံ့ဖွတ်ပါတီဝင် မောင်စိုးနှင့် အမည်မသိ ၁ဦး တို့အား ယနေ့ နံနက်ပိုင်းက လူတစ်စုက ဖမ်းဆီးသွားပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

“မနက်တုန်းက ဖမ်းသွားပြီး အလောင်းကို တနယ်ရွာအနားက ချောင်းကူးတံတားနားမှာတွေ့တယ်။ မောင်စိုးရယ် နောက်တစ်ဦးက ဘယ်သူလဲ သေသေချာချာမသိရသေးဘူး။ သူတို့ရွာမှာက အစိမ်းတွေများတယ်။ ပြီးတော့ မောင်စိုးက စစ်ကောင်စီသတင်းပေးဆိုပြီး နာမည်ထွက်နေတာကြာပြီ။ အခုတော့ ရွာကို စစ်ကောင်စီတပ်တွေ သွားနေတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။khit thit

အောင်ပန်း၊ အေးသာယာ၊ ရွှေညောင်၊ တောင်ကြီး PDF ၄ ဖွဲ့ပူးပေါင်း

ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ နောက်လိုက်လက်ပါးစေတွေကို တော်လှန်သွားဖို့ အောင်ပန်း၊ အေးသာယာ၊ ရွှေညောင်၊ တောင်ကြီး မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလိုက်တယ်လို့ ဒီကနေ့ စက်တင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။

ညီနောင်မဟာမိတ် ၄ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး ရှေ့ဆက်လုပ်ငန်းစဉ်တွေမှာ   စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊  စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၀၅၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။DVB

« Older Entries