Monthly Archives: Sep 2021

တွန်းဇံမြို့နယ်တွင်တာ၀န်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ ၃ ဦး CDM လှုပ်ရှားမှုတွင်ပါ၀င်လာ

ရဲတပ်သား

၁. ထန်ကိမ်းမုန် -လ၂၇၁၀၀၉ -၄/ကခန(နိုင်)၀၀၄၁၀၈ – တွန်ဇံမြို့မရဲစခန်း၊

၂.ထန်အင်းခုပ် -လ၂၆၇၄၃၂-တတန(နိုင်)၀၈၆၀၀၂- ကျီခါးနယ်မြေရဲစခန်း၊

၃.ဝုန်လမ်းကိမ်း -လ၂၅၁၃၈၄ -၄/တတန(နိုင်)၀၆၅၂၁၄- တွီးထန်နယ်မြေရဲစခန်းတို့သည် ၈.၉.၂၀၂၁ နေ့တွင် CDM လှုပ်ရှားမှုတွင်ပါ၀င်လာကြောင်းသတင်းရရှိသည်။chin world

သာကေတ အနော်မာရပ်ကွက်၌ စစ်ကောင်စီက လူ ၁၃ ဦးကို ဝင်ဖမ်း

ရန်ကုန်မြို့၊ သာကေတမြို့နယ် အနော်မာ (၁)ရပ်ကွက်သို့ ယနေ့ စက်တင်ဘာ ၁၂ရက် ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်သားများ ရောက်လာပြီး ရပ်ကွက်နေသူ ၁၃ဦးကို ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အနော်မာရပ်ကွက်များတစ်လျှောက် ယနေ့ ညနေမှစ၍ ည၈နာရီ၀န်းကျင်အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“အချုပ်ကားပေါ် ဖမ်းတင်သွားတာ။ မဖမ်းခင် လမ်းမှာ ဒူးထောက်ခိုင်းပြီး ခဏနေတော့ ကားရောက်လာပြီး ဖမ်းသွားတယ်” ဟု ပြောသည်။ အနော်မာ ၄လမ်း၊ ၆လမ်း၊ ၇လမ်း နှင့် ၈လမ်းအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းများပြုလုပ်ခဲ့ပြီး ရပ်ကွက်အတွင်းနှင့် ၈ လမ်းထိပ် အရက်ဆိုင်တွင် ထိုင်နေသူများ စုစုပေါင်း အမျိုးသား ၁၃ ဦးကို ဖမ်းခေါ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း သာကေတမြို့နယ် သုမန ၄ လမ်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။mizzima

ထန်တလန်၊ လုံလဲရ်စစ်ကောင်စီတပ်စခန်းကို CNF၊ CDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်၊ စစ်ကောင်စီမှ ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းကာ စခန်းမီးရှို့ဖျက်ဆီး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အင်အား ၄၀၀ ခန့်ပါသော ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ထန်တလန် ပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီမှ ၁၂ ဦး သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၈ ဦး ဒဏ်ရာရကြောင်း CDF မှ သတင်းထုတ် ပြန် သည်။

လုံလဲရ်စခန်းသိမ်းတိုက်ပွဲတွင် MA အမျိုးအစားသေနတ်များအပါအဝင် သေနတ် ၁၄ လက်၊ စိန်ပြောင်း ၁ လက်နှင့် ကျည်ဘောက်များ သိမ်း ဆည်းရမိခဲ့သည်။အဆိုပါ စစ်ကောင်စီစခန်းအား စက်တင်ဘာလ ၁၀ ရက် တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူပေးခဲ့သောကြောင့် ချင်းတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီစခန်းသည် လုံလဲရ်ကျေးရွာနှင့် ကပ်လျှက်တွင် တည်ရှိပြီး ယခုလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများမှာ အိန္ဒိယ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။မီဇိုရမ်ပြည် နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော လုံလဲရ်ကျေးရွာနှင့် အခြားသောကျေးရွာမှ ပြည်သူလူထုများကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Cherhlun နှင့် Ngharchhip ကျေးရွာလူထုမှ ကြိုဆိုလက်ခံထားကြပြီး အစိုးရကျောင်းများတွင် ထားရှိနေကြရကြောင်း စစ်ရှောင်ဦးရေ ၂၀၀ ကျော်ခန့် ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့နေ့လယ်တွင်လည်း ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောတလျှောက် စစ်ကောင်စီမှ လေယာဉ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ရကြောင်း ဒေသသတင်းရင်းမြစ်များမှ ဗီဒီယိုမှတ်တမ်းနှင့်တကွ ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင်လည်း မင်းတပ်မြို့အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာရှိ မကွီအိမ်နူး ရှေ့တန်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗိုလ်ကြီး သိန်းထိုက်အပါအဝင် တပ်မတော်သား ၈ ဦးသည် CDM ပြုလုပ်ပြီး CDF နှင့် ပူးပေါင်းခဲ့သည်။khit thit

အိမ်ထောင်စုစာရင်းများ တစ်ပတ်အတွင်း လာပြရန် စမ်းချောင်းတွင် လိုက်လံ‌ကြေညာ

အိမ်ထောင်စုစာရင်းများကို ရပ်ကွက်ရုံးသို့ တစ်ပတ်အတွင်း လာပြရန် နှင့် ဧည့်စာရင်းတိုင်ရန် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်း လိုက်လံကြေညာခဲ့သည်။

ယနေ့ စက်တင်ဘာ ၁၂ရက် ည ၇နာရီခန့်က စမ်းချောင်းမြို့နယ်ရှိ လမ်းများအတွင်း ကားဖြင့်လှည့်လည်ကာ တစ်လမ်းဝင် တစ်လမ်းထွက် ကြေညာခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းတွင် နေထိုင်သူများက ပြောသည်။

ထိုကြေညာချက်တွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ အိမ်ထောင်စုစာရင်းများအား သက်ဆိုင်ရာရပ်ကွက်ရုံးသို့ တင်ပြရမည်ဟု ဆိုသည်။ ယင်းအပြင် နေအိမ်တွင် ဧည့်သည်ရှိပါက ဧည့်စာရင်းလာရောက်တိုင်ကြားရန်လည်း အသိပေးထားသည်။

ရပ်ကွက်ထဲရှိ လမ်းတချို့၌လည်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်အချို့ လာရောက်ကာ ဧည့်စာရင်းဝင်စစ်သွားကြောင်း ရပ်ကွက်နေသူများက ဆိုသည်။mizzima

မြစ်သာမြစ်ဝှမ်းရှိ ကျေးရွာ ၁၁ရွာက လူဦးရေ တစ်သောင်းကျော် စစ်ဘေးရှောင်နေရ

မြစ်သာမြစ်ဝှမ်း အရှေ့အနောက်ဝန်းကျင် ကျေးရွာ ၁၁ ရွာရှိ လူဦးရေ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး ရာသီဥတု ဆိုးရွားမှု ၊စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက်အခက်ခဲများ ကြုံတွေ့နေရ ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မဇ္ဈိမသတင်းဌာနကို ပြောသည်။ မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့ နယ်အတွင်း မြစ်သာမြစ်၀ှမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများသည် စစ်ဘေး‌ရှောင် နေကြရခြင်း ဖြစ်သည်။

“မင်းတပ်မြို့ထက် ဆိုးပါတယ်။ အကြောင်းမဲ့ စစ်ကောင်စီဘက်က ရွာတွေထဲ ဝင်ပြီး မီးရှို့ ပစ္စည်းလုယက်နေတာ ဘယ်သူမှ မနေရဲဘူး။ တောတောင်တွေကို စစ်ဘေးရှောင်နေရတယ် ။တစ်ရွာကို အိမ်ခြေသုံးရာ ၊ လေးရာ ၊ ငါးရာဝန်းကျင်ရှိတယ် “ ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက် နံနက်ပိုင်းအချိန်မှစတင်ပြီး ဂန့်ဂေါ- ကလေး ကြားရှိ ရေရှင်ကျေးရွာအုပ်စုရှိ အင်ကျွန်းကျေးရွာ နှင့်ရေရှင်ကျေးရွာ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းနှင့် လူနေအိမ် များကိုပါ မီးရှို့မှုများ ပြုလုပ်လာသည့်အတွက် နေအိမ်များမှထွက်ခွာကာ ဘေးလွတ်ရာ ရှောင်တိမ်းနေရခြင်း ဖြစ်သည်ဟု သိရသည်။

မြစ်သာမြစ်ဝှမ်း အရှေ့အနောက်ရှိ ကျေးရွာများဖြစ်ကြသည့် နှမ်းခါးကျေးရွာတွင် နေအိမ် ၃၆ လုံး၊ မြင်သားကျေးရွာတွင် နေအိမ် ၃၀ ၊ ကြံသာ ကျေးရွာတွင် နေအိမ် ၁၄လုံး ၊ ရေရှင်ကျေးရွာတွင် နေအိမ်ငါးလုံး ၊ တင်သာကျေးရွာတွင် နေအိမ် လေးလုံး ၊ ဒိုးနွယ်ကျေးရွာတွင် နေအိမ် နှစ်လုံး ၊ အရှေ့စည်းရွာ တွင် နေအိမ် နှစ်လုံး ၊ လယ်ခြား ကျေးရွာတွင် နေအိမ် တစ်လုံး ၊ ကုက္ကုလ်ကျေးရွာတွင် နေအိမ်တစ်လုံး နှင့် ကျောက်ပြုတ်ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရခြင်း ဖြစ်သည်။

ထို့အတူ ထှယ်လှော်ကျေးရွာ တွင်လည်း ရွာလုံးကျွတ် နီးပါး ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့မီးရှို့ ပစ္စည်းများ လု ယက်မှုများ လုပ်ဆောင်ခဲ့ကြသည်။ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက “စားသောက်ရေးက လက်တလောမှာက သူတို့ဟာသူတို့ပဲ စီမံနေကြရတယ်။ ရက်ကြာကြာ တောင့်ခံနိုင်ဖွယ်မရှိဘူး။ နေရာထိုင်ခင်း အခက်အခဲရှိနေတယ်။ ဂန့်ဂေါ-ကလေး ဘက်ကနေပြီး ရိက္ခာ ထောက်ပံ့ပေးဖို့ ခက်ခဲနေတယ်။ မိုးက တော်တော်ရွာနေတာ ရာသီဥတု အရမ်းဆိုးနေတယ် “ ဟု ဆိုသည်။

မဇ္ဈိမသတင်းဌာနသို့ ပေးပို့သည့် ဓာတ်ပုံများတွင် အိမ်အများစုမှာ အိမ်လုံးကျွတ်မီးလောင်ကျွမ်းမှုများ အများအပြားရှိ‌နေပြီး အိုးခွက်ပန်းကန်များ ရိုက်ခွဲထားသည့်အပြင် အဝတ်အစားများကို မွှေနှောက်ရှာဖွေပြီးတန်ဖိုးရှိသည့် ငွေကြေးပစ္စည်းများကို ယူဆောင်သွားကြကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့် က ဂန့်ဂေါမြို့ မြင်သားကျေးရွာ ဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီက ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၈ ဦး ကို ပစ်သတ်ခဲ့ပြီးသည်နောက် နှမ်းခါးကျေးရွာ အနီးသို့ ဝင်ရောက်လာချိန်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှာ အယောက် ၁၀ကျော်သေဆုံးခဲ့သည်။ ထို့နောက် နှမ်းခါးကျေးရွာ ရှိနေအိမ် ၃၆ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့‌သေးသည်။

ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ ဂန့်ဂေါမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ရှိတယ်။ ကျနော်တို့လည်း ရှိတယ်။ အခုက စစ်ရေးကိစ္စနဲ့မနိုင်မနင်းဖြစ်နေရတာ။ စစ်ဘေးရှောင်ကိစ္စကိုလည်း ပြည့်ပြည့်၀၀ မလုပ်ဆောင်ပေးနိုင်ဘူး ဖြစ်နေရတယ် “ ဟု ဆိုသည်။ မြစ်သာမြစ်ဝှမ်း ဒေသကို ဗဟိုပြု ပြီးအကြမ်းဖက်စစ်ကောင်စီတပ်က ဂန့်ဂေါ မြို့ နှင့် ကလေးမြို့သို့ အစုန်အဆန် အိမ်သုံးကားများ နှင့်အရပ်သုံးကားများ အသုံးပြုပြီး စစ်အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်များသည် နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး အ ကြမ်းဖက်စစ်ကောင်စီဘက်တွင် အကျအဆုံးများပြားခဲ့ကြောင်း၊ ဒေသခံပြည်သူများ မရှိသည့်ကျေးရွာများအတွင်းသို့ စစ်ကောင်စီက ဝင်ရောက်ကာ နေအိမ်များမီးရှို့ ၍ ပစ္စည်းများ ယူဆောင် လေ့ရှိကြောင်း ဒေသခံများကဆိုသည်။ ဂန့်ဂေါ- ကလေး ကားလမ်းမှာ ပုံတောင်ပုံညာကိုဖြတ်သန်းသွားရသည့် တောင်ပေါ်လမ်းအများစု ဖြစ်ပြီး မိုင်ပေါင်း ၉၅ မိုင်ခန့် ရှည်လျားသည်။mizzima

တောင်တွင်းကြီးတွင် Mytel တာဝါတိုင် ဗုံးခွဲခံရ၍ စစ်ကောင်စီတပ်များက ကိုမြတ်စိုးနှင့် ကိုပြည်ကြီးတို့ ၂ ဦးကို သတ်ဖြတ်၊ ၄ ဦးထက်မ နည်းဖမ်းဆီးပြီး ရွာကို မီးရှို့မည်ဟု ခြိမ်း ခြောက်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျှောင်းကျေးရွာအနီးရှိ Mytel တာဝါတိုင် ယနေ့ နံနက်ပိုင်း ဗုံးခွဲခံရသဖြင့် ယင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ကိုမြတ်စိုးနှင့် ကိုပြည်ကြီး ညီအစ်ကို ၂ ဦးကို သတ်ဖြတ်လိုက်ကာ ၄ ဦးထက်မနည်းကို ဖမ်း ဆီးထားကြောင်း သိရှိရသည်။

“သူတို့က Mytel တာဝါတိုင် ဗုံးခွဲလို့ ရွာကို ဝင်စီးပြီး ကိုမြတ်စိုး နဲ့ သူ့ညီလေး ပြည်ကြီးကို သတ်ပစ်လိုက်ပါတယ်။ သူတို့က PDF လည်းမ ဟုတ်ဘူး။ ရွာသားပဲ။ အခု စစ်ကား ၈စီးနဲ့ ရွာက PDF တွေကို ထုတ်မပေး ရင် မီးရှို့မယ်လို့ ခြိမ်း ခြောက်တယ်။

တစ်ရွာလုံးလည်း ပြေးနေရပြီ။ ရွာက အရှေ့စုအနောက်စုဆိုပီး ရှိပါတယ်။ အခုဖြစ်တာ အနောက်စုပါ။တောင်လျှောင်းအနောက်စုပါ။ တစ် ရွာ လုံး ထွက်ပြေးနေရလို့ ပါ” ဟုကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်း ဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ သည် မင်းအောင်လှိုင်နှင့်မိသားစုပိုင် Mytel တာဝါတိုင်များ ဗုံးခွဲခံရမှုအပေါ် မကျေမနပ်ဖြစ်ကာ ကျေးရွာများသို့ ဝင်ရောက်စီးနင်း သတ်ဖြတ်မှုများ အရှိန် အဟုန် မြှင့်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။khit thit

အိန္ဒိယနယ်စပ် စစ်တပ်စခန်းတစ်ခုကို ချင်းလက်နက်ကိုင်နှစ်ဖွဲ့ပေါင်း၍ သိမ်းပိုက်

အိန္ဒိယနယ်စပ်ရှိ ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ပူးပေါင်း၍  ယမန်နေ့ (စက်တင်ဘာ၁၁)ည ၉ နာရီခွဲခန့်က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးလည်း သေဆုံးခဲ့သည်ဟု ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုသည်။

“ဂျက်လေယာဉ် ပျံလာမှာစိုးလို့ မနေ့က ညဘက်မှာ ကျွန်တော်တို့ အဲဒီစခန်းကို ပြန်ချတယ်၊ ည ၁၀ နာရီထိုခါနီးမှာ စခန်းကို သိမ်းလို့ရတာပေါ့” ဟု ထန်တလန် (CDF) ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ထိုစခန်းကို CNA နှင့် CDF တို့က အင်အား ၂၀၀ ခန့်ဖြင့် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက တစ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ကူပေးခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ယခု စခန်းသိမ်းနိုင်ခဲ့သည့် တစ်နာရီခွဲခန့်ကြာ ညဘက်တိုက်ပွဲအတွင်း CNA နှင့် CDF ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့ရာ ၎င်းတို့ဘက်မှ ၈ ဦး ဒဏ်ရာရကြောင်း၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထန်တလန် (CDF) အဖွဲ့က ဆိုသည်။

သို့သော် စခန်းသိမ်းတိုက်ပွဲမဖြစ်ပွားမီ နှစ်ပတ်ခန့်က ထိုစခန်းမှ စစ်ကောင်စီ စစ်သားငါးဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကာ နယ်စပ်ကို ဖြတ်၍ အိန္ဒိယနိုင်ငံထဲသို့ ဝင်သွားသည်ဟုဆိုသော်လည်း ထိုစခန်းတွင် စစ်ကောင်စီ အင်အားမည်မျှရှိသည်တို့ကိုမူ သီးခြားအတည်မပြုနိုင်သေးပါ။

ထို့အတူ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ကူပေးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိ လုံလဲရ်ကျေးရွာအတွင်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲသည်ဆိုသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်မသိရသေးပေ။

အိန္ဒိယနယ်စပ်နှင့် နီးကပ်သည့်အတွက် လုံလဲရ်ကျေးရွာသားများမှာမူ စက်တင်ဘာ ၈ ရက်ကတည်းက မီဇိုရမ်ပြည်နယ်ဘက်သို့ တိမ်းရှောင်ခဲ့ကြပြီးဖြစ်ကြောင်း ထန်တလန် (CDF)  ထံမှ သိရသည်။

စခန်းသိမ်းပြီး နောက်ရက် စက်တင်ဘာ ၁၂ တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ထိုနေရာတဝိုက်၌ လှည့်လည်သွားလာနေသည်ကို တွေ့ရကြောင်း ထန်တလန် (CDF) ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

စက်တင်ဘာ ၉ ရက်နေ့ကလည်း ထန်တလန်မြို့အတွင်း ရှာဖွေစစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF(ထန်တလန်) အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် စစ်သားနှစ်ဦး သေဆုံးခဲ့သည်။

ဖေဖေါ်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ရက်စက်စွာ နှိမ်နင်းသည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေသည့် တိုက်ပွဲများ နိုင်ငံအနှံ့ ပေါ်ပေါက်နေပြီး စက်တင်ဘာ ၇ ရက်မှစ၍ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။myanmar now

ဂန့်ဂေါနယ် ထယ်လှော်ရွာတွင် စစ်တပ်က နေအိမ် ၂၇ လုံးကို မီးရှို့ကာ လူနှစ်ဦးကို သတ်ဖြတ် 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ ၁၂) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံရွာသားတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံသုံးဦးက ပြောသည်။

ထယ်လှော်ရွာကို စစ်ကောင်စီတပ်က နံနက် ၄ နာရီဝန်းကျင်တွင် စတင်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ဒေသခံ PDF အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နံနက် ၆ နာရီကျော်တွင် ရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးကံဖေက Myanmar Now ကို ပြောသည်။

“မီးခိုးတွေ တော်တော်များများကြီးကို ထွက်တုန်းခင်ဗျ။ မီးခိုးတွေ တအားကြီးကို များတယ်။ မြင်ရတယ် မီးခိုးတွေထွက်နေတုန်းပဲ” ဟု ယနေ့ညနေပိုင်း ဆက်သွယ်မေးမြန်းရာတွင် ဦးကံဖေက ပြောသည်။ 

စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်မီးရှို့စဉ် ပစ္စည်းများထားကာ ထွက်ပြေးခဲ့ရသဖြင့် ပျက်စီးဆုံးရှုံးမှုများသည်ဟုလည်း ၎င်းက ပြောသည်။

“ဆုံးရှုံးမှုကတော့ တအားကြီးကို များတယ်ဗျ။ ကိုယ့်အိမ်ထဲမှာ ပစ္စည်းတွေလဲ ထားပြီး ထွက်ပြေးရတဲ့အတွက်ကြောင့် ပစ္စည်းတွေကလဲ ဘာမှ မယူလာမိဘူး။ လူလဲ အသက်ကိုပဲ လွတ်အောင်ပြေးကြရတယ်။ ပစ္စည်းတွေက မီးထဲပါသွားတယ်” ဟု ဦးကံဖေက ပြောသည်။ 

စစ်ကောင်စီတပ်က ထယ်လှော်ရွာကို ညနေ ၃ နာရီအထိ တပ်စွဲခဲ့ကြောင်း၊ ထွက်မပြေးဘဲ ကျန်နေခဲ့သူများအနက် အသက် ၅၅ နှစ်အရွယ် ဦးဘဝင်းကို စစ်တပ်က ဦးခေါင်းကို ပစ်ကာ သတ်ဖြတ်ခဲ့ကြောင်း အခြားဒေသခံတစ်ဦးဖြစ်သူ ကိုပွားက ဆိုသည်။ 

“ဦးနှောက်တွေက ထွက်နေတယ်ခင်ဗျ။ ခေါင်းတစ်ချက်ပွင့်သွားတယ်။ စစ်သားတွေက သတ်သွားတာ။ ကျန်နေခဲ့လို့နေမယ်။ သူကရွာသားပဲ။ ဘာမှလဲလုပ်တာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ညနေပိုင်းတွင် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားပြီးနောက် ဒေသခံများ ရွာအတွင်း ပြန်လည်ဝင်ရောက်စဉ် ကျွဲနွားနှင့် ဝက်များကို သတ်ဖြတ်ကာ ချက်ပြုတ်စားသောက်ထားသည်ကို တွေ့ရှိရသည်ဟုလည်း ကိုပွားက ပြောသည်။ 

“သူတို့က ရွာထဲဝင်ပြီး ရွာထဲမှာရှိတဲ့ ဝက်တွေ၊ ကျွဲနွားတွေ အကုန်သတ်တယ်။ အိမ်ပေါ်တွေမှာ ချက်စားတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်ပိုင်း စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်စဉ်အတွင်း ဒေသခံ PDF အဖွဲ့မှ သုံးဦး ဒဏ်ရာရရှိခဲ့ကာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ကိုအောင်လင်းဌေးအမည်ရ အခြားဒေသခံတစ်ဦးက ပြောသည်။ 

“သေနတ်မှန်ပြီး သေသွားတာပေါ့။ ဘေးနားမှာတော့ သွေးတွေအိုင်နေတာပဲ။ ရင်ဘတ်ညာဘက်ခြမ်းကို ထိတာ” ဟု စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သော PDF အဖွဲ့ဝင်နှင့် ပတ်သက်၍ ၎င်းက ပြောသည်။ 

ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာကို စစ်တပ်က ဧပြီလနှင့် ဇူလိုင်လအတွင်း၌ နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းခဲ့ဖူးပြီး ထိုစဉ်က ဒေသခံများပိုင်ဆိုင်သည့် ဆိုင်ကယ်များနှင့် ရွှေငွေပစ္စည်းများ ယူဆောင်သွားခဲ့သည်ဟု သိရသည်။ 

“ဒီတစ်ခေါက်ကတော့ လူတွေ ဘဝပျက်၊  အိုးမဲ့အိမ်မဲ့နေရတော့တာပေါ့ဗျာ။ သူတို့အာဏာရချင်လို့ ပြည်သူကို မတွန်းလှန်ရဲအောင် သတ်ဖြတ်အနိုင်ကျင့် ခြိမ်းခြောက်တယ်လို့ ယူဆတယ်ဗျ” ဟု ယနေ့ ဝင်ရောက်စီးနင်းမှုအပေါ် ကိုပွားက ပြောသည်။ 

မီးလောင်ကျွမ်းနေသည့် နေအိမ်များကို ထယ်လှော်ရွာခံများနှင့်အတူ အနီးအနားရှိ ကျေးရွာများမှ ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကာ မီးရှို့ခံရသည့် နေအိမ် ၂၇ လုံးရှိကာ အိမ် ၂၀ မှာ လုံးဝပျက်စီးခဲ့သည်ဟု သိရသည်။ 

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဆက်တိုက်ဝင်ရောက် စီးနင်းလျက်ရှိသည်။ စက်တင်ဘာ ၉ တွင် မြင်သားရွာကို စစ်တပ်ဝင်ရောက်စီးနင်းစဉ် ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး အများစုမှာ အသက် ၁၈ အရွယ် လူငယ်များဖြစ်သည်။ မြင်သားရွာရှိ နေအိမ် ၂၀ ကျော်ကိုလည်း စစ်တပ်က မီးရှို့ခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၁၀ ရက်တွင်လည်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာတွင် စစ်တပ်က ဝင်ရောက်စီးနင်းကာ နေအိမ် ၃၆ လုံးကို မီးရှို့ခဲ့သည်။ myanmar now

« Older Entries