Monthly Archives: Sep 2021

ဒီးမော့ဆိုတွင် စစ်ကောင်စီမှ‌ နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း မကြာခဏပြု လုပ်နေ

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ “ဒီးမော့ဆိုမှာ ဟိုအရင်ရက်တွေကလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ဒီနေ့နေ့လည်ကလည်း အိမ်နှစ် လုံးကို မီးရှို့ဖျက်ဆီးတယ်။ စစ်သား‌တွေက အကြောင်းမဲ့ သက်သက် ရှို့တာပါ။ ပြီးတော့ လွိုင်ကော်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာအခုထိပဲ”ဟု ဒီးမော့ဆို ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည်ပိုင်းတွင် နေအိမ်များအား လိုက်လ ံမီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံအချို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ (၆) မိုင်ကျေးရွာမှ နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် နေအိမ်မီးရှို့ခံရသည့် ပြည်သူတစ်ဦးကိုလည်း လည်ပင်းလှီး သတ်ဖြတ်ကာ အလောင်းကို မီးရှို့ခဲ့‌သေးသည်။

အဆိုပါ ကြွင်းကျန် ရုပ်အလောင်းကို ကရင်နီအမျိူးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့မှ မီးရှို့သင်္ဂြိုဟ်ပေးခဲ့ကြောင်း KNDF မှ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများအား ဖျက်ဆီးမီးရှို့သည့်အပြင် ဒီးမော့ဆို (၆) မိုင်ကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုး‌ကျောင်းကိုလည်း အကြောင်းမဲ့ ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ယနေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်ကလည်း လွိုင်ကော်မြို့ပေါ်၌ ပစ်ခတ်သံများ၊ လက်နက်ကြီးသံများ ကြားနေပြီး ဒီးမော့ဆို(၆) မိုင် စံပြကျေးရွာဘက်သို့ ဦးတည် ပစ်ခတ်နေသည်ဟုလည်း ဒေသခံများထံက သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ကရင်နီတပ်မတော်အဖွဲ့များ အကြား စက်တင်ဘာ ၁၁ ရက် အထိတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယနေ့တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ခတ်၍ တစ်ဖက်သတ် ထိုးစစ်ဆင်နေကြောင်း ဒေသခံများကပြောသည်။mizzima

စစ်ကောင်စီလှူဒါန်းငွေများကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက COVID-19 ကာကွယ်ရေး အတွက်ပြန်လှူဒါန်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များက စစ်ကောင်စီထံက လက်ခံရရှိထားသည့် ထောက်ပံ့ ငွေ ကျပ်သိန်း ၅၀ကျော် (၅,၅၈၀,၀၀၀ကျပ်)ကို ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် COVID-19 ကာကွယ် ရေးအတွက် ပြန်လည်လှူဒါန်းခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များကို ထောက်ပံ့သည့် အလှူငွေများအား ပြန်လည်လှူဒါန်းရေး ဘာသာရေးခေါင်းဆောင်များ စည်းဝေးတိုင်ပင်ကာ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံအတွက် မီးစက်တစ်လုံးနှင့် ဒီဇယ်ဆီဝယ်ရန် ငွေကျပ်ဆယ်သိန်း၊ ‌ အောက်စီဂျင်စက်ဖြစ်မြောက်ရေးအတွက် ငွေကျပ်ဆယ်သိန်း၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး‌အတွက် ငွေကျပ် ၃,၃၆၄,၀၀၀(ကျပ် သုံးဆယ့်သုံးသိန်း‌ ‌ ခြောက်သောင်းလေးထောင်) နှင့် ကျပ်၂၁၆,၀၀၀( ကျပ်နှစ်သိန်းတစ်သောင်းခြောက်ထောင်) တန် ဆန်၊ဆီ၊ဆားနှင့် ပဲတို့ကို ပြန်လည်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

”နဂိုထဲကမှ ဘာသာရေးဆရာတော်တွေက လက်မခံချင်ကြဘူး။ လက်မခံချင်တဲ့အတွက် ငြင်းပြီးပြီ။ ဒါကို နောက်တစ်ခါ မြို့နယ်သာသနာရေး ဦးစီးမှူးရယ်၊ထွေအုပ်တွေက တစ်ခါပြန်လာပြီး လက်မခံလို့တော့မရဘူး။ လက်ခံရမယ်ဆိုတဲ့ ပုံစံနဲ့ပြန်လာတော့ ဘာသာရေးဆရာတော်တွေက လက်ခံလိုက်ရတာဖြစ်တယ်” ဟု ပလက်ဝမြို့ပေါ်ဒေသခံတစ်ဦးကပြောသည်။

အဆိုပါအလှူငွေကို စက်တင်ဘာ ၁၁ရက်က ချင်းပြည်နယ်စစ်ကောင်စီမှ ပလက်ဝမြို့နယ်အတွင်းရှိ ဘာသာရေးခေါင်းဆောင် ၃၁၀ ပါးအတွက် တစ်ပါးလျှင် ကျပ် ၁၈,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

” ပလက်ဝမြို့နယ်က တခြားမြို့နယ်နဲ့မတူဘူး စားသောက်စရာလိုချင်ရင် သူတို့ကို အာခံလို့ မရတဲ့ သဘောဖြစ်နေတယ်။ ကျောက်တော်ကနေဆန်သယ်မလား။ မတူပီကနေ စားစရာတွေ သယ်မလား။ လမ်းကြောင်းက တစ်ခုပဲရှိတယ်။ အဲဒါကို တပ်ကထိန်းချုပ်ထားတယ်၊၊ ဒါကြောင့်လက်ခံပြီးအခုလိုအားလုံး ပြန်လှူလိုက်ကြတာနေမှာ”ဟု‌ ဒေသခံ တစ်ဦးက ဆိုသည်။

ချင်းပြည်နယ်စစ်ကောင်စီမှ သံဃာတော်များ ၊ သီလရှင်များနှင့် ဘာသာရေးဆရာတော်များ အတွက် ဆွမ်းရိက္ခာများအဖြစ် ထောက်ပံ့ငွေ တစ် ပါးလျှင် ကျပ် ၁၈,၀၀၀/−နှုန်းဖြင့် ထောက်ပံခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို ဖလမ်းမြို့၊ဟားခါးမြို့တို့မှ စစ်ကောင်စီထံ ပြန်လည်အပ် နှံခဲ့ကြပြီး မင်းတပ်နှင့်ပလက်၀မြို့နယ်တို့မှ ထောက်ပံ့ငွေလက်ခံပြီးလူမှုရေးအသင်းများထံတွင် ပြန်လည်လှူဒါန်းခဲ့ကြောင်းသိရသည်။mizzima

၄၈ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင် စီ အစည်းအဝေး မြန်မာကိုယ်စားလှယ်တက်ခွင့်မရ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ  ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၃ ရက် ဒီနေ့ စတင် ကျင်းပနေပါတယ်။

ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့စည်းအဝေးဆုံးဖြတ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်ကိုရော NUG အစိုးရ ကိုယ်စားလှယ်ကိုပါ  ကုလသမဂ္ဂ အထွေထွညီလာခံက ဆုံးဖြတ်ချက်မချမချင်း   မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု တက်ရောက်ခွင့်မပြုသေးပါဘူး။

အောက်တိုဘာ ၈ ရက်အထိကျင်းပမယ့် ဒီအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့  ဒီနေ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အစီရင်ခံတင်ပြမှု၊ စက်တင်ဘာ ၂၂  ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ တွမ်အန်ဒရူးရဲ့ တင်ပြမှုနဲ့ စက်တင်ဘာ ၂၃ ရက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ တင်ပြမှု အစီအစဉ်တွေရှိတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန် ရက်မှာ ရေးပါတယ်။ 

လတ်တလော စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်တွေ  နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့  အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး  NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အချိန်နဲ့တပြေးညီ ပေးပို့နေသလို သီးသန့်အစီရင်ခံစာတစောင်ကိုလည်း မကြာမီ ဆက်လက်ပေးပို့သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက သတင်းစကားပါးထားပါတယ်။

မြန်မာနိုင်ငံက တင်သွင်းရမယ့် လူ့အခွင့်အရေးအစီရင်ခံစာ နောက်ဆုံးအဆင့် တင်သွင်းရမယ့် အစီအစဥ် (UPR report) ကတော့ ၂၀၂၂ ခုနှစ် မတ်လမှာ ကျင်းပမယ့် အစည်းအဝေးကို ထပ်မံရွေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

NUG အစိုးရရဲ့ကိုယ်စားလှယ်လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဏာသိမ်း စစ်ကောင်စီကိုယ်စားလှယ်တို့အနက် ဘယ်သူ့ကို ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် ရွေးချယ်မလဲဆိုတာ   စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွညီလာခံကနေ ဆုံးဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။DVB

မြန်မာအပါအဝင် အာဆီယံ ၆ နိုင်ငံ၌ အကြမ်း ဖက်တိုက်ခိုက်မှုအန္တရာယ်ရှိဟု ဂျပန်က ယင်း ၏ နိုင်ငံသားများကို သတိပေး

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံ ခြောက်နိုင်ငံတွင် ရောက်ရှိနေသော ဂျပန်နိုင်ငံသားများအနေဖြင့် ဘာသာရေး အဆောက်အအုံများ၊ လူစုလူဝေးများနှင့် ခပ်ဝေး‌ဝေး ရှိနေကြရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်တွင် တိုက်တွန်းထားခဲ့ပြီး အဆိုပါ နိုင်ငံခြောက်နိုင်ငံတွင် တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ခြေရှိကြောင်း သတိပေးထားကြောင်း သိရသည်။

“အသေခံ ဗုံးခွဲမှုများကဲ့သို့ မြင့်မားသည့် အန္တရာယ်များ” ရှိနေသည် ဆိုသည့် သတင်းအချက်အလက် ရရှိထားသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုသတိပေးချက်သည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံသားများအပေါ် သက်ဆိုင်အကျုံးဝင်သည်။

တချိန်တည်းမှာပင် ယခုကဲ့သို့ ဂျပန်၏ သတိ‌ပေး အကြံပြုချက်နှင့်ပတ်သက်ပြီး အထက်ပါအာဆီယံနိုင်ငံများအနက် တစ်ချို့တွင် နားမလည်နိုင်ဘဲ ဖြစ်နေပြီး ၎င်းတို့အနေဖြင့် ယင်းကဲ့သို့သော ခြိမ်းခြောက်မှုတစ်ခုနှင့်ပတ်သက်၍ တစုံတရာ မသိထားသလို သတင်းအချက်အလက် ရင်းမြစ်နှင့်ပတ်သက်၍လည်း ဂျပန်ထံမှ အသေးစိတ်အချက်အလက်များ ကြားသိထားရခြင်းမရှိဟု ပြောကြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တန်နီး ဆန်ဂရက်က ပြောကြားရာတွင် ဂျပန်က ယခုသတိပေးချက်၏ မူလရင်းမြစ်ကို ထုတ်ဖော်မထားခဲ့ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ဂျပန်သံရုံးက မပြောခဲ့ကြောင်း ပြောခဲ့သည်။

ထိုင်းလုံခြုံရေးအေဂျင်စီများအနေဖြင့်လည်း ဖြစ်နိုင်ခြေရှိ ခြိမ်းခြောက်မှုအန္တရာယ်တစ်ခုနှင့်ပတ်သက်ပြီး သတင်းရရှိထားခြင်း မရှိဟု ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ကစ်ဆာနာ ပတ်သာနာချာရွန်က ပြောသည်။

အလားတူ ယခု ခြိမ်းခြောက်မှု အန္တရာယ် လယ်ဗယ်တိုးမြှင့်ထားမှုနှင့်ပတ်သက်ပြီး ဘာမှ မသိထားဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသလို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တဲကူ ဖိုင်ဇက်ယာကလည်း ယင်းနိုင်ငံရောက် ဂျပန်နိုင်ငံသားများထံ မည်သည့် သတိပေးချက်မှ ပေးထားခြင်း မရှိဟု ဆိုသည်။

ဂျပန်၏ အကြံပြုချက်ထဲတွင် ယင်း၏နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၌ ပြည်တွင်းသတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်ရန်နှင့် လက်ရှိအချိန်တွင် သတိဖြင့် ရှိနေရန် တိုက်တွန်းထားသည်ဟု သိရသည်။mizzima

ဖာပွန်မြို့၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လူနေအိမ် ၁ လုံးထိမှန်

ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ အခြေချတပ်စွဲထားသော ဗျူဟာကုန်းကနေ စစ်ကောင်စီတပ် ခလရ ၁၉ က  စက်တင်ဘာလ ၁၂ ရက် မနက် ၇ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့  ဒေသခံ ပြည်သူရဲ့ နေအိမ်တစ်လုံး ထိမှန်သွားပါတယ်။

KNU/KNLA  တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့  ဖာပွန်မြို့အတွင်း စစ်ကောင်စီ တပ်စွဲထားတဲ့  ခလရ၁၉ စခန်းကနေ  KNLA ကို ခြောက်လှန့်တဲ့အနေနဲ့  60 MM နဲ့ 81 MM လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

အဆိုပါ ပစ်ခတ်မှုကြောင့် ဖာပွန်မြို့ အနောက်ဘက်ရှိ  ဒေသခံ ပြည်သူနေအိမ် တစ်လုံး ထိမှန်ပြီး အိမ်ခေါင်မိုး ထိခိုက် ပျက်စီးသွားပေမဲ့  လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း  ကရင်ပြည်နယ်အတွင်း  ကေအန်ယူ တပ်မဟာ ၁ နဲ့  တပ်မဟာ ၅ နယ်မြေတွေကို စစ်ကောင်စီ တပ်တွေက အန်စီအေစာချုပ်ကို ဖောက်ဖျက်ပြီး ကျူးကျော်ဝင်ရောက် ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ထိုးစစ်ဆင်ရာမှာ ရွာသားတွေ မွေးမြူထားတဲ့ အိမ်မွေး တိရစ္ဆာန်တွေကို သတ်ဖြတ်စားတာ လက်နက်ကြီးတွေနဲ့ ခြောက်လှန့်ပစ်ခတ်တာတွေရှိသလို ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကရင်ရွာသား အယောက် ၂၀ ထက်မနည်းရှိတယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။DVB

ခင်ဦးမြို့နယ်တွင် စစ်တပ်သတင်းပေးဟု နာ မည်ကြီးသူ လုပ်ကြံသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ ပင်တင်းရွာတွင် ယမန်နေ့ (စက်တင်ဘာ၁၂) ညနေပိုင်းက ပျူစောထီးအဖွဲ့ဝင်ဖြစ်သည့်အပြင် စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ကြီးသူ အမျိုးသားတစ်ဦး ဓားဖြင့် ခုတ်သတ်ခံရသည်။

သတ်ဖြတ်ခံရသူမှာ အသက် ၄၀ ကျော် အရွယ်ရှိ ဦးစောထွန်းနိုင်ဖြစ်ပြီး ခင်ဦးမြို့မှ ပင်တင်းကျေးရွာသို့ အပြန်လမ်းတွင် ဓားဖြင့် အခုတ်ခံရခြင်းဖြစ်ကာ ဓားဒဏ်ရာ ၇ ချက်ထက်မနည်း တွေ့ရသည်ဟု အလောင်းကို မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံရွာသားတစ်ဦးက ဆိုသည်။

“ခင်ဦးမြို့ကနေ သူ့ရွာကို ဆိုင်ကယ်နဲ့ တစ်ယောက်တည်း ပြန်လာတဲ့အချိန်မှာ လမ်းမှာပဲ ဓားနဲ့ခုတ်ခံရတာ။ ပွဲချင်းပြီး နေရာမှာပဲ သေသွားတာ။ သူ့အလောင်းကို ရွာကို ပြန်မသယ်ဘဲ အခင်းဖြစ်နေရာမှာပဲ ထားပြီးတော့ မနက်ရောက်မှ လှည်းနဲ့သယ်ပြီး ခင်ဦးမြို့မှာပဲ (ယနေ့)သင်္ဂြိုဟ်လိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။ 

“သူက သတင်းပေးဒလန်၊ ပျူစောထီးအဖွဲ့ထဲမှာလည်း ပါတယ်လို့ ကြားရတယ်“ ဟုလည်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

သေဆုံးသူ ဦးစောထွန်းနိုင်သည် စစ်တပ်သတင်းပေး ဒလန်ဖြစ်သည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်၍  Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။ 

စက်တင်ဘာ ၁၁ ရက်လည်း ပျူစောထီးအဖွဲ့ဝင်ဟု ယူဆခံထားရသည့် ခင်ဦးမြို့နယ် ယောက်သွားအိုင်ကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ခင်ဦးမြို့နယ်နှင့် ကပ်လျက်ရှိသည့် ကန့်ဘလူမြို့နယ် တရော်ကိုင်းကျေးရွာမှ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။ 

ပျူစောထီးအဖွဲ့ဝင်များအဖြစ် လုပ်ဆောင်နေခြင်းကြောင့် ထိုသူနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒလန်ရှင်းလင်းရေးအဖွဲ့ဟု အမည်ခံထားသည့် ခင်ဦးမြို့နယ်အခြေစိုက် တောကြီးမြွေဟောက်အဖွဲ့က စက်တင်ဘာ ၁၂ ရက်တွင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ခဲ့သည်။

၎င်းတို့အဖွဲ့အနေဖြင့် ခင်ဦးမြို့နယ်အတွင်း ဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသူ ၂၀ ဦးခန့်ကို သတ်ဖြတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ခင်ဦးမြို့နယ်အတွင်းရှိ လောင်းရှည်နှင့် ရွာတန်းကျေးရွာများတွင် ဒလန်ဟု နာမည်ထွက်နေသူ လေးဦး ဓားဖြင့် ခုတ်ခံရပြီးနောက် ဩဂုတ်လဆန်းပိုင်းတွင် လောင်းရှည်ကျေးရွာအုပ်စု ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နုတ်ထွက်စာတင်ခဲ့သည်။myanmar now

တန့်ဆည်တွင် NUG ကို ကုလသမဂ္ဂတွင် အစိုး ရအဖြစ် တရားဝင် အသိအမှတ်ပြုရေးနှင့် အ ကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြည်သူများ ချီတက် ဆန္ဒပြ

khit thit

ယာဉ်ထိန်းရဲဝတ်စုံဝတ်ပါ ဓါးပြ ၆ ယောက်က သိန်း ၄၀,၀၀၀ လုယက်သွား

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့အနီးတွင် ယနေ့နေ့လည်ကဖြစ်ပွားခဲ့သော ငွေကျပ်သိန်းလေးသောင်း ဓါးပြတိုက်လုယက်မှုတွင် လက် နက်ကိုင်ဆောင် ထားသော ယာဉ်ထိန်းရဲဝတ်စုံဝတ်နှစ်ယောက်ပါဝင်ခဲ့သည်ဟု ယုံကြည် စိတ်ချရသော သတင်းရင်းမြစ်များကပြောသည်။“ ဓားပြတိုက်သွားတဲ့ သူတွေက လက်တလောသိရတာက ယာဉ်ထိန်းရဲဝတ်စုံနဲ့ နှစ်ယောက်၊ အရပ်ဝတ်နဲ့က လေးယောက်ပါ တယ်။ လက်နက်နှစ်လက်ပါ တယ်။ အားလုံး‌ခြောက်ယောက်ပေါ့”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက‌ပြော သည်။

ပဲခူးမြို့ ဧရာဝတီဘဏ်မှငွေသယ်ယာဉ်ဖြင့်သယ်ဆောင်လာသောငွေများကို အင်းတကော်မြို့နှင့် သာယာကုန်းအကြားတွင် နေ့လည်ပိုင်းက လုယက်သွား ခဲ့ခြင်းဖြစ်သည်။

ဘဏ်၏ငွေသယ်ကားနှင့် သယ်ဆောင်လာသော လုပ်ငန်းရှင်တစ်ဦး၏ ငွေဖြစ်သည်ဟု ကနဦးသတင်းများရရှိသည်။ ဘဏ်များအနေဖြင့် ငွေသွင်း လိုသူက ငွေပမာဏများ၍ တောင်းခံလျှင် ဘဏ်ငွေသယ်ကားဖြင့် သယ်ပေး လေ့ရှိကြသည်။အဆိုပါ ဓားပြမှုဖြစ်ပွားအပြီး ပဲခူးမြို့အတွင်းနှင့် ဝင်းဘော်ဒတ်ဂိတ်တွင် စစ်‌ကောင်စီတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်။mizzima

သာကေတတွင် အမျိုးသား ၂ ဦးကို စစ်ကောင် စီတပ်က ဖမ်းဆီး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်   ၄  မြောက်ရပ်ကွက်၊ မြို့မ ၁၁ လမ်းရှိ  နေအိမ်တအိမ်မှာ အမျိုးသား ၂ ယောက်ကို စစ်ကောင်စီတပ်တွေက မနေ့ည သန်းခေါင်းကျော် စက်တင်ဘာ ၁၃ ရက်   မနက်အစောပိုင်း ၁ နာရီလောက်မှာ ဝင်ရောက် ဖမ်းဆီးသွားပါတယ်။ 

ဖမ်းခံရသူ နှစ်ယောက်ဟာ  အသက် ၄၀ နီးပါးအရွယ်ရှိပြီး အိမ်ငှားနေကြသူတွေ ဖြစ်ပါတယ်။

“ ဒီကနေ့ မနက်ခင်း ၁ နာရီလောက်က  သူတို့နေတဲ့အိမ်ကို ၀င်ရောက်စီးနင်းဖမ်းဆီးပြီး မနက် ၁၁ နာရီထိ စစ်ကောင်စီတပ်ဖွဲ့တွေ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ မသိပါဘူး။” လို့ သာကေတ ဒေသခံ တဦးက ပြောပါတယ်။ 

သူတို့ကို ကျည်ဆန်တွေနဲ့အတူ ဖမ်းမိတာလို့  ဒေသခံတွေအကြား ပြောနေကြပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသလို  ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။

ဒေသခံတဦးက “သူတို့က ငှားနေကြတာ၊ ထားဝယ်သံဝဲတယ်။ စမ်းချောင်းအဆက်လို့ ကြားရတယ်၊ ခြောက်လုံးပြူး သေနတ်ကျည်ဆန်တွေ့တယ်လို့ကြားတယ်။ သေနတ်တော့ မတွေ့ကြဘူးတဲ့။ သူတို့နှစ်ယောက်ကို ခေါ်သွားကြပြီ။ အခုတပ်က အိမ်ပေါ်မှာ နေနေကြတယ်။” လို့ပြောပါတယ်။ 

စက်တင်ဘာ ၁၂ ရက် မနေ့မနက်က သာကေတမြို့နယ် သုမနလမ်းပေါ်မှာ ကားနှစ်စီးထိခိုက်ပျက်စီးတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီလက်နက်ကိုင်တပ်တွေဟာ မနေ့က  သာကေတမြို့နယ် အမှတ် ၅ ရပ်ကွက်မှာ ဧည့်စာရင်းစစ်ရင်း လူငယ်တချို့ကို ဖမ်းဆီးခဲ့သလို  အမှတ် ၁ ရပ်ကွက်အတွင်းမှာလည်း ဧည့်စာရင်းစစ်ဆေးရင်း လူငယ်တချို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။DVB

« Older Entries