Monthly Archives: Sep 2021

အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) အတွက် လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချရန် တရားရုံးချိန်းဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါ သုံးဦးကို စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှုအတွက် လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်ရန် ဇဗ္ဗူသီရိမြို့နယ် သီးသန့်အထူးတရားရုံးက ချိန်းဆိုလိုက်ကြောင်း ၎င်း၏ရှေ့နေက ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ပါ သုံးဦးကို စွဲဆိုထားသည့် ဆူပူရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် ပတ်သက်ပြီး ယနေ့ စက်တင်ဘာ ၁၄ ရက်ရုံးချိန်းတွင် နှစ်ဘက် လျှောက်လဲချက်များကို ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရုံးချိန်းအတွင်း ကြားနာချိန် မိနစ် ၃၀ခန့် ရှိခဲ့သည်ဟု ရှေ့နေထံက သိရသည်။“နှစ်ဘက်လျှောက်လဲချက်ကိုကြားနာပြီးတော့ ၉လပိုင်း ၂၁ရက် နောက်တစ်ပတ် တနင်္လာနေ့မှာ စွဲချက်အမိန့်ချမယ်လို့ ရုံးကချိန်းဆိုလိုက်ပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးကပြောသည်။ယနေ့ရုံးချိန်းတွင် စစ်ဆေးရန် ရှိနေသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့်ပတ်သက်၍ တရားလိုပြ သက်သေ နှစ်ဦး၏ဆင့်စာ အတည်မဖြစ်သေး၍ မစစ်ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှုများကို စစ်ဆေးနေကြဖြစ်သော်လည်း ယမန်နေ့ စက်တင်ဘာ ၁၃ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကျန်းမာရေးမကောင်း၍မစစ်ဆေးဖြစ်ခဲ့‌ ကြောင်း၎င်းကရှင်းပြသည်။

“မနေ့က ကားမူးတာသက်သက်ပါရှင့်။ ကျန်တဲ့ ကျန်းမာရေးအခြေအနေက ဘာမှမဖြစ်ပါဘူး။ ပြီးတော့ ပြန်ရောက်သွားတဲ့ အခါမှာလည်း COVID-19 ကို အကုန်လုံးစစ်ရတယ်လို့ ပြောပါတယ်။ အကုန်လုံး ပိုးမတွေ့ပါဘူး။ ဒီနေ့လည်းလန်းလန်းဆန်းဆန်းပါပဲ။ ဆေးလည်းသောက်လာတယ်ပြောပါတယ်”ဟု ဒေါ်မင်းမင်းစိုးကပြောသည်။

အမှု မစစ်ဆေးခင် အမှုသည်များနှင့် အမှုအကြောင်းဆွေးနွေးရန် ခဏတာ တွေ့ဆုံခွင့်ရခဲ့ပြီးနောက် ရုံးပိတ်ရက်များကြောင့် နှစ်လကျော်ကြာအောင် စစ်ဆေးနိုင်ခြင်းမရှိခဲ့သည့် အမှုများကို ယနေ့ စက်တင်ဘာ ၁၄ရက်တွင် ဇဗ္ဗူသီရိမြို့နယ် သီးသန့်အထူးတရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။mizzima

အင်တာနက်လိုင်းများ ဖြတ်တောက်ထားသော ဖားကန့်တွင် ဆယ်ဇင်းရွာ သပိတ်စစ်ကြောင်း ရဲစခန်းရှေ့၌ ရဲနှင့်စစ်သားများ ပြည်သူနှင့် အမြန်ပူးပေါင်းရန် ချီတက် ဆန္ဒပြ

khit thit

ကနီမြို့နယ်ထဲက ဝင်းမနားရဲစခန်းကို PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ် ဖွဲ့ဝင် ၃ဦးကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်ထဲက ဝင်းမနားနယ်မြေခံရဲစခန်းအား ကနီ (PDF1) နှင့် Myanmar Defence Foce တို့ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးခဲ့သည်ဟု ကနီ (PDF1) က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် စက်တင်ဘာ ၁၂ရက်‌ နံနက် ၉နာရီတွင် စတင်ဖြစ်ပွားခဲ့ပြီး နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပစ်ကူခြင်း၊ စစ်အင်အားများဖြည့်တင်းခြင်းများ ပြုလုပ်လာသည့်အတွက် ကနီပြည်သူ့ကာကွယ်ရေးတပ်(KPDF1) နှင့် Myanmar Defence Foce တို့က ထိုးစစ်ဆင်မှုရပ်တန့်ကာ ဆုတ်ခွာခဲ့ရကြောင်းသိရသေးသည်။

ထိုတိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ကျဆုံးခဲ့သော်လည်း KPDF1 ဘက်မှ ရဲဘော်တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူမရှိကြောင်းသိရသည်။

စင်တင်ဘာ ၁၁ ရက် ည၁၀ နာရီ အချိန်ကလည်း ကနီပြည်သူ့ကာကွယ်ရေးတပ်(KPDF1) နှင့် Myanmar Defence Foce တို့ ပူးပေါင်းတပ်ဖွဲ့သည် ဝင်းမနားနယ်မြေခံရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း ည ၁၂ နာရီဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တူမီးသေနတ်များက ပစ်ခတ်ရန် အခက်အခဲဖြစ်လာ‌ခြင်းကြောင့် တိုက်ပွဲကိုရပ်နားခဲ့ရသည်ဟု သိရသည်။

ရဲတပ်ဖွဲ့ဝင်များအား ပြည်သူနှင့်အတူ ပူးပေါင်းရန်ကမ်းလှမ်းခဲ့သော်လည်း လက်ခံခြင်းမရှိသည့်အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။mizzima

ရန်ကုန် တောင်ဒဂုံတွင် ဗုံး ၂ ကြိမ်ပေါက်၊ အင်းစိန်တွင်လည်း ဗုံး ၁ လုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်များက ရမ်းကားနေ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၄ရက်နေ့ ညနေပိုင်းတွင် ဗုံး ၂ ကြိမ်ပေါက်ကွဲပြီး စစ်ကောင်စီတပ်များ ရမ်းကားနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၂၇ မိနစ်တွင် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်၊ ဂိတ်ဟောင်းအနီး စစ်ကောင်စီတပ်များ တပ်စွဲထားသော မြို့နယ် ဘောလုံးကွင်းအနီးတွင်လည်းကောင်း၊ ညနေ ၆ နာရီ ၃၇ မိနစ်တွင် အထက ၃ ကျောင်းအနီးတွင်လည်းကောင်း ၂ ကြိမ်ဗုံးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“သူတို့တပ်တွေ ရှိနေတဲ့ နေရာတွေ နားမှာပဲ ဗုံးတွေကပေါက်တာ။ အခုတော့ ဆိုင်ကယ်တွေ၊ ကားတွေကို စစ်တယ်။ ကားပေါ်က လူတွေကို ဆင်းခိုင်းတယ်။ အင်္ကျီတွေပါချွတ်ခိုင်းတယ်။ ဆဲတယ်။ ကန်တယ်။ အတော်တော့ ရမ်းကားတယ်။ ခွေးရူးလိုပဲ။ ဓာတ်မီးတွေနဲ့ ထိုးကြည့် နေရာတကာကို” ဟု စစ်ကောင်စီတပ်များ၏ စစ်ဆေးမှု ကြုံခဲ့ရသူ ပြည်သူတစ်ဦးက ပြောသည်။

တောင်ဒဂုံဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်များ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးသော်လည်း ဒေသခံတချို့ကမူ လူထိခိုက်ခြင်းမရှိနိုင်ဟု ခန့်မှန်းပြောဆိုကြသည်။ အလားတူ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ GTI အနီးတွင်လည်း ယနေ့ည ၈ နာရီ ၁၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲကြောင်း၊ ဗုံးပေါက်ကွဲမှုသည် အသံကျယ်လောင်ပြီး အနီးအနားပတ်ဝန်းကျင်ရှိ အိမ်များ တုန်ခါသွားကြောင်း ဒေသခံများ က ပြောဆိုသည်။

ယနေ့ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ အများအပြားရှိခဲ့ပြီး လှည်ကူးမြို့နယ်တွင်လည်း စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း သိရှိရသည်။khit thit

AYA ဘဏ်ကား ဓားပြတိုက်ခံရပြီးနောက် ပဲခူးမြို့ခံလူငယ်များကို စစ်တပ်က လိုက်လံဖမ်း ဆီးနေ

ပဲခူးမြို့နဲ့ ရန်ကုန်မြို့အကြားရှိ အင်းတကော်မြို့နားမှာ  စက်တင်ဘာ ၁၃ရက် ညနေပိုင်းက ငွေပို့တဲ့  AYA ဘဏ်ကား ဓားပြတိုက်ခံရပြီး  ငွေကျပ်သိန်း ၄ သောင်းလောက်ပါသွားတယ်လို့ သတင်းထွက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ပဲခူးမြို့က လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေပါတယ်။

မနေ့ ညပိုင်းက စတင်ကာ အိုးလေးစု၊ မဟာစေတီစတဲ့ ရပ်ကွက်တွေထဲ စစ်ကောင်စီက ပတ်မွှေနေပြီး စက်တင်ဘာ ၁၄ ရက် ည ၆ နာရီလောက်အထိ လူငယ် ၂၀ လောက်ကို  စစ်ကောင်စီက ဖမ်းသွားတယ်လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။

“အခုချိန်အထိ (ညနေ ၆ နာရီခန့်) တောင် အိုးလေးစုထဲမွှေနေတုန်း။ မနေ့က အဖမ်းခံလိုက်ရသူတွေ စစ်လိုက်။ လိုက်ထပ်ဖမ်းလိုက် လုပ်နေတာ။ မဟာစေတီ ဘုရားဆိုင်ခန်းက လူငယ်တချို့ ပါသွားတယ်။ စုငှားနေကြတာ။ PDF  မဟုတ်လည်း  PDF  ပဲထိုးချမှာပဲ။ အခုက အဆောင်တွေ အဓိက လိုက်မွှေနေတာ” 

မနေ့ကဘဏ်ကား ဓားပြတိုက်ခံရတဲ့ ဖြစ်ရပ်မှာ သီလရှင် ၂ ပါးအပါအဝင် ၇ ဦးကို ဖမ်းဆီးရမိပြီး ဓားပြတိုက်ဖို့ကို ပဲခူး PDF ခေါင်းဆောင် စီစဉ်တာလို့ စစ်ကောင်စီပြန်ကြားရေးက ဒီကနေ့ စွပ်စွဲ ထုတ်ပြန်ထားပါတယ်။

ပဲခူးမြို့မှာ PDF ဆိုပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တစ်ချို့ကိုလည်း ဘဏ်ကားဓားပြတိုက်ခံရတဲ့ ကိစ္စနဲ့ ရောချပြီး ပုံဖျက်လုပ်ဆောင်နေတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာ ဒလန်တွေမွေးထားပြီးတော့ ပျောက်နေတာကြာပြီး ပြန်ဝင်လာတဲ့သူတွေကို စောင့်ကြည့်သတင်းပို့လုပ်ခိုင်းထားတယ်။ ပြီးရင်ဝင်ဖမ်းတယ်” လို့သူကပြောပါတယ်။

ပဲခူးမြို့အနောက်ဘက်ခြမ်း ရပ်ကွက်တွေဖြစ်တဲ့ မဟာမြိုင်၊ မဟာစေတီဖက်၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ အိုးလေးစု ရပ်ကွင်တွေဘက်ကို စစ်တပ်က အဓိကမွှေနေတာဖြစ်ပြီး မြို့အရှေ့ဘက်ခြမ်းက ဆံတောင်တွင်းနဲ့ ကျောက်ကြီးစုရပ်ကွက်တွေလည်း ပါတယ်လို့ သိရပါတယ်။DVB

ခင်ဦးမြို့နယ်၊ ပြင်ထောင်ကျေးရွာအနီး Mytel တာဝါတိုင် ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြင်ထောင်ကျေးရွာအနီးရှိ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွားဆက်နွှယ်နေတဲ့  Mytel ဆက်သွယ်ရေး တာဝါတိုင်တစ်တိုင်ကို စက်တင်ဘာ ၁၃  ရက် ညပိုင်းက  ဖျက်ဆီးခံလိုက်ရပါတယ်။

အဆိုပါ တာဝါတိုင်ကို ဘယ်အဖွဲ့က ဖျက်ဆီးသွားတယ်ဆိုတာ မသိရပေမဲ့ ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ  ပြင်ထောင်ကျေးရွာကိုရောက်လာပြီး မီးရှို့ဖျက်ဆီးခံရတဲ့   Mytelတာဝါတိုင်ကို လာရောက်ကြည့်ရှုစစ်ဆေးသွားတယ်လို့ ဒေသခံ ရွာသားတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာကနေ အပြန်လမ်းမှာ  တဲစု‌ကျေးရွာကိုဝင်ရောက်ပြီး ရွာသား  ဦးမြခဲနေအိမ်ကနေ စားသောက်ကုန်ပစ္စည်းတွေနဲ့ ရောင်းချဖို့ထားတဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေ ယူဆောင်သွားသလို ကိုမင်းမင်းဦးနေအိမ်ကနေ လည်း  စားသောက်ဖွယ်ရာတွေနဲ့ စက်ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့  ဒေသခံရွာသားတွေထံက သိရပါတယ်။ 

စက်တင်ဘာ ၇ ရက်နောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ  မီးရှို့ဖျက်ဆီးခံရတဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင်တစ်တိုင်ပေါင်း ၈၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။DVB

တန့်ဆည်၊ ကံထူးမရဲစခန်း ပတ်လည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မိုင်းများ ထောင်ပြီး လုံခြုံရေးတိုးမြှင့်ထား

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ကံထူးမရဲစခန်း၏ တောင်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းများတွင် ယနေ့ စက်တင်ဘာလ ၁၄ ရက် ညနေ ၄ နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြေမြှုပ်မိုင်းများ ထောင်နေသည်ကို တွေ့ရပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“ရဲစခန်းက အနောက်ဘက်မှာ အပေါက်ဝ ရှိပါတယ်။ ဒီနေ့ညနေ ၄ နာရီလောက်မှာ ရဲစခန်းရဲ့ တောင်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းမှာ မိုင်းထောင်နေကြတာကို တွေ့ရတယ်၊ နောက် လုံခြုံရေးလည်း အရင်ကထက် ပိုချထားတာ တွေ့ရတယ်၊ ဝင်တိုက်ခံရမှာ ကြောက်နေပုံပဲ” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါရဲစခန်းအတွင်း ယခင်က ရဲဝန်ထမ်းများ၏ မိသားစုဝင်များပါ နေထိုင်ကြပြီး ၎င်းတို့အား တန့်ဆည်မြို့ရဲစခန်းသို့ ပြောင်းရွှေ့ရန် ခေါ်ဆောင်သွားကြောင်းနှင့် ကံထူးမရဲစခန်းအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ထပ်မံအင်အားဖြည့်ထားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

“၁၁ ရက်နေ့က တန့်ဆည်ကနေ ကားကြီးနဲ့ စစ်သား ၁၀ ယောက်လောက် ကံထူးမရဲစခန်းကို ရောက်လာတယ်၊ အဲဒီကားပြန်တော့ ကံထူးမစခန်းက ရဲမိသားစုဝင်တွေကို တန့်ဆည်စခန်းကို ပြန်ခေါ်သွားတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်ပြောသည်။စက်တင်ဘာလ ၁၂ ရက်နေ့အထိ တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင်ဆိုင်သည့် Mytel ဆက်သွယ်ရေးတာဝါတိုင် ၈ ခု ဖောက်ခွဲဖျက်ဆီးခံထားရသည်။khit thit

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အန်အယ်လ်ဒီထံပေးပို့သည့်စာ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီရဲ့  ပိုင်ဆိုင်မှုကို စစ်ဆေးဖို့အတွက်  ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်ကို  စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က စာနှစ်စောင် ပေးပိုခဲ့ပါတယ်။  

အဆိုပါ စာနှစ်စောင်ကို ရှေ့နေအဖွဲ့က စက်တင်ဘာ ၁၄ ရက် ဒီနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ   ပေးအပ်ခဲ့ပေမယ့် မယူခဲ့ဘူးလို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ရှေ့နေဦးခင်မောင်ဇော်က “ဒေါ်အောင်ဆန်းစုကြည်က စာအိတ်မှာပါတဲ့ လိပ်စာကိုကြည့်ပြီး သူ့ကို ပေးတာမဟုတ်ဘူးတဲ့။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုပေးတာတဲ့။ စစ်ဆေးဖို့အတွက်ဖိတ်တဲ့ကိစ္စ။ သူက ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံးက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ သူတစ်ယောက်တည်း ဆုံးဖြတ်ခွင့်မရှိဘူး။ ဒါကြောင့် ဒီကိစ္စကိုလက်မခံဘူးဆိုပြီးတော့ ပြန်ပေးလိုက်ပါတယ်ဗျ။ ရွေးကောက်ပွဲကော်မရှင်က ပေးတဲ့စာနှစ်စောင်ပါ” လို့ ပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ပိုင်ဆိုင်မှုတွေနဲ့ ဝင်ငွေရတဲ့ လမ်းကြောင်းတွေကို စစ်ဆေးမယ်လို့ ဩဂုတ်လ ၁၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်အသစ်ကိုလည်း  ဖွဲ့စည်းခဲ့ပါတယ်။ 

စစ်ကောင်စီခန့်  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကလည်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ မသမာမှုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အနေနဲ့ အရေးယူဖို့ စဉ်းစား ဆောင်ရွက်သွားမယ်လို့  မေလ ၂၁ရက်နေ့မှာ ပြောဆိုထားပါတယ်။ 

တရုတ်နိုင်ငံကတော့ အန်အယ်လ်ဒီ ပါတီကို ဖျက်သိမ်းမယ့် စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို လက်မခံဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကိုယ်စားလှယ်က   ဩဂုတ်လအတွင်းမှာ ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ‌နိုင်ငံကိုယ်စားပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီလေးခုကို ဖိတ်ကြား တက်ရောက်စေခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ  စက်တင်ဘာ ၁၃  ရက်နေ့မှာ  ရုံးချိန်းကို ကားနဲ့အလာ ကားမူးပြီး ကျန်းမာရေးမကောင်းတာကြောင့် ရုံးချိန်းကို မတက်နိုင်ဘဲ  ခွင့်တိုင်ခဲ့ရပြီး ဒီကနေ့မှာတော့ ကျန်မာရေးပြန်သက်သာလို့  ဇမ္ဗူသီရိအထူးတရားရုံး၊ ရုံးချိန်းကို လာရောက်ခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။DVB

« Older Entries