Monthly Archives: Sep 2021

လက်နက်လိုချင်တဲ့ ဧရာဝတီတိုင်းထဲက PDF တွေဆက်သွယ်ဖို့ ကမ်းလှမ်းတဲ့ သတင်းအတု

Ayeyarwaddy Federal Army (AFA) ရဲ့ Facebook page တွင် ဧရာဝတီတိုင်းအတွင်းက ပြောက်ကျားတပ်ဖွဲ့ဝင်တွေ လက်နက်တောင်းနိုင်တယ်လို့ရေးသားထားတာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းက AFA အဖွဲ့ဝင်တချိူ့အဖမ်းခံရပြီးတဲ့နောက် AFA ရဲ့ facebook page ဟာ စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်တယ်လို့ AFA အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောပါတယ်။

အဲ့ဒီလို ထိန်းချူပ်ခံရပြီးတဲ့နောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ပြောက်ကျားတပ်ဖွဲ့ဝင်များအနေနဲ့ AFA ဆီမှ လက်နက်ထုတ်ယူနိုင်တယ်လို့ပြောပြီး ဆက်သွယ်ဖို့ရေးသားထားတာပေါ်ထွက်လာတယ်လို့ဆိုပါတယ်။ဒါဟာ ပြောက်ကျားတပ်ဖွဲ့များကို အယုံသွင်းပြီး ထောင်ချောက်ဆင်ဖမ်းတာလို့ သူက မှတ်ချက်ပြုပါတယ်။mizzima

မဇ္ဈိမသတင်းအယ်ဒီတာဟောင်း ကိုမျိုးသန့်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် မဇ္ဈိမသတင်းအယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ဖူးသူ ကိုမျိုးသန့်ကို ယနေ့ စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီခန့်တွင်အကြမ်းဖက်စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးသွားကြောင်း ၎င်း၏ ဇနီးထံမှ သိရသည်။

“ကိုမျိုးသန့်က ကန်ကြီးထောင့်သူ့ရွာမှာ ပြန်နေနေတာ ကြာလှပြီ။ စစ်တပ်တွေက ရွာကိုဝင်ပြီး အဒေါ်တွေကို ဖမ်းမယ်ဆိုပြီး လုပ်လို့ သူက အဖမ်းခံလိုက်တာ။ ဘာလို့ ဖမ်းတာလဲမသိသေးဘူး” ဟု ကိုမျိုးသန့်၏ ဇနီးဖြစ်သူက ပြောသည်။

ကိုမျိုးသန့်သည် မဇ္ဈိမ သတင်းဌာနတွင် ၈ နှစ်ခန့် သတင်းထောက်၊ အယ်ဒီတာချုပ်များအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး BBC media action တို့ တွင် ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ခဲ့သော သတင်းသမားတစ်ဦးဖြစ်သည်။khit thit

ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာလူထု၏ ခွန်အားနှင့် ကြံ့ခိုင်မှုစွမ်းရည်ကို အသိအမှတ်ပြုကြောင်း ယူကေ ကြေညာ

စစ်အာဏာရှင်ဖိနှိပ်မှုအပေါ် မြန်မာပြည်သူတွေရဲ့ ခုခံဆန့်ကျင်မှုနဲ့ အခြေခံဒီမိုကရေစီအခွင့်အရေးရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာလူထုရဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုစွမ်းရည်ကို ထပ်လောင်းအသိအမှတ်ပြုကြောင်း ယူကေအစိုးရက ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာထုတ်ပြန်ပါတယ်။

မြန်မာပြည်သူတွေနဲ့အတူရပ်တည်တဲ့ ယူကေအစိုးရဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့အဖြစ် စတာလင်ပေါင် ၁၅ ဒသမ ၃ သန်းကျော် ပံ့ပိုးကူညီခဲ့ပြီး စစ်အာဏာရှင်တွေနဲ့တကွ ပတ်သက်ဆက်စပ်သူတွေကို  အရေးယူဒဏ်ခတ်ပိတ်ဆို့မှု (၇) ကြိမ် ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်အာဏာရှင်တွေဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို ဆက်လက်ဖိနှိပ်နေကြောင်း ယူကေအစိုးရက ပြောဆိုထားပြီး စစ်အာဏာသိမ်းပြီးချိန်ကစလို့ လူပေါင်း ၁၀၀၀ ကျော်  သေဆုံးခဲ့ရသလို လူဦးရေ ၂ သိန်း၃သောင်းကျော် အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်နေရကြောင်း ယူကေအစိုးအစိုးရက ဒီနေ့ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က နေပြည်တော် ပြည်ထောင်စုလွှတ်တော်ထဲမှာ စတင်ကျင်းပခွင့်ရခဲ့ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်မှာ နှစ်စဉ်ပြုလုပ်ခဲ့ပါတယ်။DVB

လှည်းကူးတွင် ရပ်ကွက်ရာအိမ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ မြို့မရပ်ကွက် ရာအိမ်မှူး ဦးထိန်လင်းသည် ယနေ့ စက်တင်ဘာ ၁၅ရက် မနက် ၁ဝ နာရီကျော်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နားရွက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

ရပ်ကွက်အတွင်း ဒလန်ဟု အမည်ထွက်နေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးထိန်လင်းအား အနောက်မင်းလမ်းပေါ်ရှိ ကျော်စွာဓာတ်ပုံဆိုင်အနီးတွင် အမည်မသိအဖွဲ့မှ ပစ်ခတ်ခဲ့သော်လည်း ဆိုးရွားသည့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့ခံများထံက သိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၄ရက်ကလည်း စစ်ကောင်စီသတင်းပေးဟု အမည်ထွက်နေသည့် ကွမ်းယာရောင်းသူ ဒေါ်တင်ညိမ်းသေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ခဲ့သေးသည်။

ဒေါ်တင်ညိမ်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ယင်းနေ့ ညပိုင်းတွင် လှည်းကူးမြို့ပေါ်ရပ်ကွက်များမှ လူငယ် ငါးဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာသို့ခေါ်ဆောင်သွားကြောင်းနှင့် ခေါ်ဆောင်ရသည့်အကြောင်းရင်းကို မသိရှိရကြောင်း ဖမ်းဆီးခံထားရသည့် လူ ငယ်များနှင့် နီးစပ်သူများက ဆိုသည်။

ဒလန်စာရင်း ထုတ်ပြန်သတိပေးထားသည့် လှည်းကူး PDF က စက်တင်ဘာ ၁၄ရက်နှင့် ၁၅ ရက် ဖြစ်စဉ်နှစ်ခုနှင့် ပတ်သက်ပြီး ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသလို မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

လက်ရှိတွင် ဆိုင်ကယ်များ၊ ကားများကို ပိုမိုစစ်ဆေးနေပြီး လိုင်စင်မပါသောဆိုင်ကယ်များကို စစ်ကောင်စီတပ်က သိမ်းယူနေကြောင်း မြို့ခံများကပြောသည်။mizzima

ကန်ပက်လက် ယနေ့တိုက်ပွဲ စစ်ကောင်စီဘက်မှ ၄ ဦးသေပြီး အများအပြား ဒဏ်ရာရ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်တွင် ယနေ့ စစ်ကောင်စီတပ်များနှင့် CDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၄ ကောင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း CDF က တရားဝင်သတင်းထုတ်ပြန်သည်။

ယနေ့စက်တင်ဘာ ၁၅ ရက်နေ့ ကန်ပက်လက်မြို့အရှေ့ဖက် ၆ မိုင်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်CDF(Kanpetlet)တို့အကြားတိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄ ကောင် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ကန်ပက်လက် CDF ရဲဘော်များထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း CDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ကန်ပက်လက်မြို့တွင်းသို့ပြန်လာပြီးလက်နက်ကြီးလက်နက်ငယ်များဖြင့်မြို့တွင်းသို့ရမ်းသမ်းပစ်ခတ်မှုများအ ဆက်မပြတ်ပြုလုပ်ခဲ့ပါသဖြင့်မြို့တွင်းရှိ အဆောက်အဦးအချို့ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ပါသဖြင့်မြို့တွင်းရှိမိဘပြည်သူများအနေဖြင့်ပြင်ဆင်စရာများကြိုတင်ပြင်ဆင်ကြပါရန် CDF က အသိပေးချက် ထုတ်ပြန်ထားသည်။khit thit

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) အရှုံးပေါ်နေသဖြင့် ရှယ်ယာထုတ်ရောင်းရန်စီစဉ်နေ

နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline)ဟာ ကြီးမားတဲ့ အရူံးပေါ်နေတာကြောင့် ဆက်လက် ရပ်တည်နိုင်ဖို့အတွက်  နိုင်ငံတော်က ချေးငွေရယူဖို့ဆောင်ရွက်နေသလို အစုရှယ်ယာတွေ ထုတ်ရောင်းဖို့လည်း စီမံနေတယ်လို့ စက်တင်ဘာ ၁၅ ရက် ဒီကနေ့ထုတ်စစ်ကောင်စီအာဘော် ကြေးမုံသတင်းစာပါ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

“ကိုဗစ်တတိယလှိုင်းနဲ့ လေကြောင်း စီးပွားရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီဆောင်းပါးမှာ မြန်မာ အမျိုးသားလေကြောင်းလိုင်းဟာ  ကိုဗစ်ကာလအတွင်း ၀င်ငွေ ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ကိုဗစ်ကြောင့် ၀င်ငွေကျဆင်းနေတဲ့ ကာလနှစ်ချီလာပြီဖြစ်လို့ လေကြောင်းလိုင်း ဆက်ရပ်တည်နိုင်ဖို့အတွက် လေယာဉ်နဲ့ ဝန်ထမ်းအင်အားလျှော့ချပြီး အသုံးစရိတ်လျော့ကျလာအောင် စီမံနေတယ်လို့လည်းဆိုပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှာ  အကြီးမားဆုံးအသုံးစရိတ်က လေယာဉ်တွေငှားရမ်းခ ပေးချေစရိတ်နဲ့ ၀န်ထမ်းလစာစရိတ်တွေ ဖြစ်တဲ့အတွက် လေကြောင်းလိုင်းမှာပြေးဆွဲနေတဲ့ လေယာဉ် ၁၀ စင်းအထိ လျှော့ချပြီး မူလ၀န်ထမ်းအင်အား ၂၀၀၀ ကျော်ကိုလည်း အချိုးကျလျှော့ချဖို့စီမံနေတယ်လို့လည်း ဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါလေကြောင်းလိုင်းမှာ  ဖြစ်ပေါ်နေတဲ့ ငွေကြေးအခက်အခဲတွေ ပြေလည်စေဖို့အတွက် နိုင်ငံတော်ကနေ ချေးယူရရှိဖို့ဆောင်ရွက်နေသလို အများပြည်သူကို အစုရှယ်ယာတွေ ထုတ်ရောင်းချဖို့လည်း စီမံနေတယ်လို့ အဲဒီဆောင်းပါးမှာ ဖော်ပြထားတာပါ။

မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ တရား၀င်ဝဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့  အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရား၀င်အသိပေး ထုတ်ပြန်ထား ခြင်းမရှိသေးပါဘူး။

 မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ ၁၉၄၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့  သက်တမ်း ၇၃ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး စတင်တည်ထောင်စဉ် မူလက MNA အမည်နဲ့တော့ မဟုတ်ခဲ့ပါဘူး။ 

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ Union of Burma Airways (UBA) အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ Burma Airways အဖြစ် အမည်ပြောင်းခဲ့ကာ ၁၉၈၉ ဧပြီ ၁ ရက်နေ့မှတော့ Myanma Airways  အမည်ထပ်မံ ပြောင်းလဲခဲ့ပါတယ်။ ဒီနောက် ၁၉၉၃ ခုနှစ်မှာ Myanmar Airways International (MAI) အမည်နဲ့  ဖက်စပ်လုပ်ကိုင်ခဲ့ကာ ၂၀၁၄ ဒီဇင်ဘာလမှာ  မြန် မာအမျိုးသားလေကြောင်းလိုင်း (MNA)  အဖြစ် နာမည်သစ်နဲ့ပြေးဆွဲခဲ့တာဖြစ်ပါတယ်။  

ပြည်တွင်း ပြည်ပ ခရီးစဉ် ၃၀ ကျော် ပြေးဆွဲပေးနေတဲ့ လေကြောင်းလိုင်းဖြစ်ပေမဲ့ လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပြည်ပခရီးစည်တွေ ပျံသန်းပြေဆွဲမှု ရပ်နားထားရပြီး ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ နိုင်ငံတော်ကနေ အမေရိကန် ဒေါ်လာ ၂၄ သန်း ထုတ်ချေးပေးဖို့ တောင်းခံထားရတယ်လို့ ပြည်တွင်း သတင်းဌာန တစ်ခုမှာ ဖော်ပြထားပါတယ်။DVB

ကလေးမြို့မရဲစခန်းတွင် ပထမဆုံး CDM ပြု လုပ်သူ ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ် မင်းကင်းတိုက်ပွဲတွင် ကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မရဲစခန်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပထမဆုံး CDM ပြုလုပ်ခဲ့သည့် ရဲတပ်သားလှမျိုးထွဋ်သည် မင်းကင်းတိုက်ပွဲတစ်နေရာတွင် ကျဆုံးသွားကြောင်း ကလေးဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက မဇ္ဈိကို အတည်ပြုပြောသည်။

သို့သော်လည်း မင်းကင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ပုံ အသေးစိတ်နှင့် ကျဆုံးခဲ့သည့်ရက်ကို မသိရှိရသေးကြောင်း၊ စိစစ်ပြီးမှ ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။“ကျဆုံးသွားတာ မှန်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ သူက မင်းကင်း PDF အဖွဲ့ဝင်ပါ” ဟု PDF (ကလေး) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကျဆုံးသွားသည့် CDM ရဲတပ်ဖွဲ့ဝင် ဦးလှမျိုးထွဋ်သည် ၂၀၁၇ ခုနှစ် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တက်ကြွစွာ တာ ဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးလည်းဖြစ်သည်။

ယင်းနောက် ကလေးတက္ကသိုလ်မှ ဘွဲ့ရပြီးချိန်တွင် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး မုံရွာမြို့လုံခြုံရေးရဲတပ်ရင်းမှ ကလေးမြို့ မြို့မရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရာ စစ်တပ်က အာဏာသိမ်းချိန်တွင် ကလေးမြို့မ ရဲစခန်းမှ အစောဆုံး CDM ပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရသည်။

ပြည်သူ့နှင့်အတူ ပူးပေါင်းလာသည့် ဦးလှမျိုးထွဋ်၏ စွန့်လွှတ်အနစ်နာခံသော စိတ်ဓာတ်နှင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့မှုအပေါ် လေးစားအသိအမှတ်ပြုကြောင်းနှင့် ဂုဏ်ယူဝမ်းနည်းကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အလိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းကာ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြခြင်းဖြစ်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများရှိနေဆဲ ဖြစ်သည်။mizzima

« Older Entries