Monthly Archives: Sep 2021

အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာစစ်ရှောင်များအ တွက် မီဇိုလူငယ်အသင်းက ငွေကြေး၊ အ စားအစာနှင့် ပစ္စည်းများ လှူဒါန်း

အိန္ဒိယနိုင်ငံ Hnahthial ခရိုင် Young Mizo Association (YMA) ဗဟိုဌာနခွဲမှ မြန်မာနိုင်ငံ ချင်းပြည်နယ်မှ စစ်ရှောင်လာသည့် မီဇိုရမ်ပြည် နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၀ရွာသို့ အစားအစာ၊ ပစ္စည်းတချို့ နှင့် ငွေကြေးများ သွားရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။ ယနေ့ စက် တင်ဘာ ၁၇နေ့တွင် Young Mizo Association (YMA) က ဆန်၊ ပဲ၊ အိပ်ယာခင်း၊ စောင်၊ အဝတ်အစားနှင့် ငွေကြေး များကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ဒီမှာက စစ်ရှောင်လာတဲ့ မြန်မာနိုင်ငံသား တသောင်းကျော်‌ လောက်ရှိမယ်။ ဒီနိုင်ငံက ဗဟိုအစိုးရက အကူအညီပေးတာ တော့မရှိသေးဘူး။ မီဇိုလူငယ်အဖွဲ့တွေ၊ အနုပညာရှင်တွေ၊ ဘာသာရေးအသင်းအဖွဲ့၊ ပရဟိတအဖွဲ့တွေကနေ နည်းအမျိုးမျိုးနဲ့ ရန်ပုံငွေရှာ စု‌ဆောင်းပြီး စစ်ရှောင်တွေကို အကူအညီပေးနေတာပါ”ဟု ကူညီပေးရေး‌ ဆောင်ရွက်နေသူကပြောသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ မြန်မာစစ်ရှောင် အများစုနေထိုင် ခိုလှုံနေကြသည့် Hnahthial ခရိုင် အတွင်းရှိ Thing Sai ရွာတွင် ၈၃၆ဦး၊ Cherhlun ရွာတွင် ၁၄၀ ဦး၊ Bualpui H ရွာတွင် ၁၄၉ ဦး၊ Ngharchhip ရွာတွင် ၁၄၄ ဦး၊ New Ngharchhip ရွာတွင် ၄၂၅ ဦး၊ Tarpho ရွာတွင် ၈၆ ဦး၊ South Chawngtui ရွာတွင် ၂၀ ဦး၊ Khawhri ရွာတွင် ၃၆ ဦး၊ Tuipui D ရွာတွင် ၃၆ ဦး နှင့် Hnahthial ရွာတွင် ၇၅ ဦး နေထိုင်ရာ စစ်ရှောင် စုစုပေါင်း ၁၉၄၇ ဦး ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၀ရက်က ချင်းအမျိုးသားတပ်မတော် (CNA)၊ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား‌နေသဖြင့် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ထန်တလန် (Thlantlang)၊ ရာပဲလ် (Ralpel) ၊ဘုံးခွား (Bung Khua)၊ လုံလဲရ် (Lungler) တို့ မှ တိုက်ပွဲရှောင်ပြည်သူအများအပြား အိန္ဒိယနိုင်ငံအတွင်းသို့ တိမ်းရှောင်ထွက်ပြေးလာခဲ့ကြ ခြင်းဖြစ်သည်။

ထပ်မံတိမ်းရှောင် လာသူများလည်း ရှိနေသေးကြောင်း သိရသည်။mizzima

လောင်းလုံးမြို့နယ်၌ ရွာသား ၁၂ ဦးကို စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုမှာ  စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် အပါအဝင် ဒေသခံပြည်သူ  ၁၂ ယောက် လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ် အင်အား ၇၀ လောက်ဟာ အချုပ်ကား တစ်စီးနဲ့အတူ မနက် ၈ နာရီလောက် ရောက်ရှိလာပြီး ကျေးရွာအုပ်စုအတွင်း သေနတ်နဲ့လိုက်လံပစ်ခတ်တပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးသွားခဲ့တာပါ။ 

အပြစ်မဲ့ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို အချုပ်ကားနဲ့ စစ်ကောင်စီလက်အောက်ခံ လောင်းလုံးမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရေဖြူကျေးရွာဒေသခံ ရွာသားတစ်ဦးက” အပြစ်မရှိဘဲ သေနတ်နဲ့ လိုက်လံပစ်ခတ်ဖမ်းဆီးတာ။ လက်နက်အားကိုးနဲ့ လူရမ်းကားတွေ။ မင်းမဲ့စရိုက်ဆန်ဆန် လိုက်ပစ်ခတ်ပြီး လူတွေကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်”လို့ ပြောပါတယ်။ 

အဆိုပါကျေးရွာနဲ့ အနီးအနားက ဂေါ့အင်း၊ ကဒက်ငယ်ထိန်၊ ဝံတွင်း၊ ကျောက်ဖြူကျေးရွာတွေမှာပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ကင်းပုန်းဝပ်ပြီး လမ်းသွားလမ်းလာတွေကို စောင့်ကြည့်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မိဘပြည်သူများအနေနဲ့ အောက်ရေဖြူကျေးရွာအုပ်စုဘက်ကို ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ကြဖို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)မေတ္တာရပ်ခံ အသိပေးထားပါတယ်။DVB

တရားမဝင်ငွေစက္ကူကြေညာသည့်သတင်း မ ဟုတ်မှန်ကြောင်း ဗဟိုဘဏ်ဖြေရှင်း၊ ရွှေနှင့် ဒေါ်လာဈေး ပြန်တက်

ကျပ်ငါးထောင်တန်နဲ့ ကျပ် တသောင်းတန် ငွေစက္ကူတွေကို  တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်ပြီ လို့ လူမှုကွန်ရက်ပေါ်မှာ ကောလာဟလသတင်း ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာပြည်တွင်း ရွှေနဲ့ ဒေါ်လာဈေး  ဝယ်လိုအားကြောင့် စျေးမြင့်သွားခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က အဲဒီသတင်း ထွက်ပေါ်ခဲ့ပြီးနောက် နာရီအတော်အတန်အကြာမှာ ဗဟိုဘဏ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ဝေထားတဲ့ ကျပ် ငါးထောင်တန်နဲ့ ကျပ်တသောင်းတန် ငွေစက္ကူတွေ တရားဝင် ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်တယ်ဆိုတဲ့ သတင်းအချက်အလက်မှာ မမှန်ကန်ကြောင်းနဲ့  ဖေ့စ်ဘွတ်ခ်  စာမျက်နှာပေါ် ပျံ့နှံ့နေတဲ့ စာအတုသာဖြစ်ကြောင်း ကြေညာချက်ကို  စက်တင်ဘာ ၁၆ ရက် ညနေခင်းအချိန်မှာ တရားဝင်စာထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာငွေစက္ကူအပေါ် အယုံအကြည်နည်းလာပြီး အစိုးရိမ်လွန်နေတဲ့ လူတွေက ရွှေနဲ့ဒေါ်လာကို လိုက်လံဝယ်ယူခဲ့တာကြောင့် ရွှေနဲ့ဒေါ်လာတန်ဖိုးက ရုတ်ချည်းမြင့်တက်ခဲ့ ရပါတယ်။

နိုင်ငံခြားငွေကြေးလဲလှယ်ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင် ရရှိထားတဲ့လုပ်ငန်းရှင်တဦးက “ဒေါ်လာစျေးက အဲ့ဒီနေ့ မနက်ပိုင်းက စျေးကျနေတာ။ ကျပ် ၁၉၁၀-၂၀ ဝန်းကျင်ပဲရှိတယ်။ ညနေပိုင်းမှာ စျေးပြန်တက်သွားတာ။ ရွှေစျေးလည်း ပြန်တက်သွားတယ်လေ။ ဘယ်က လုပ်လဲတော့ ကျနော်တို့ သေချာတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီဒေါ်လာစျေးတို့ ရွှေစျေးတို့ တက်စေချင်တဲ့လူ ရှိလို့နေမှာပေါ့။ ကျနော်တို့ ပြည်သူတွေကိုယ်တိုင်ကလည်း နဂိုကတည်းက အစိုးရိမ်လွန်နေတာလည်းပါတယ်။ ပြီးတော့ ငွေကြေးအပေါ် ဗဟိုဘဏ်အပေါ် ယုံကြည်မှု ကျနေတာလဲ ပါတာပေါ့။ အဲ့တော့ ဒီကောလဟာလ ထွက်လာတဲ့အခါ မှန်တာ၊ မှားတာ အပထား။ လူတွေက စိုးရိမ်ပြီးတော့ ဝယ်ကျတာပေါ့နော်” လို့ပြောပါ တယ်။

ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ အမေရိကန်တဒေါ်လာတန်ဖိုးက ငွေလဲကောင်တာတွေမှာ ဝယ်စျေး တစ်ဒေါ်လာကို ၁၉၇၀ ကျပ် နဲ့ ရောင်းစျေး ကျပ် ၂၀၂၀ ကျပ် ရှိပြီး ဥရောပငွေကြေးတန်ဖိုးက တယူရိုကို ဝယ်စျေး ၂၀၈၀ ကျပ်နဲ့ ရောင်းစျေး ၂၁၅၀ ကျပ်၊ စင်္ကာပူ ငွေကြေးတန်ဖိုးက တဒေါ်လာကို ဝယ်စျေး ၁၃၆၀ ကျပ် နဲ့ ရောင်းစျေး ၁၄၁၀ ကျပ်၊ ထိုင်းငွေကြေးတန်ဖိုးက တဘတ်ကို ဝယ်စျေး ၅၆.၅ ကျပ် နဲ့ ရောင်းစျေး ၅၉.၅ ကျပ် ရှိပါတယ်။

ရွှေလုပ်ငန်းရှင်တဦးကလည်း “ဒီလိုမျိုးကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ကိုယ့်လိုအပ်ချက်တခုတည်းအတွက် သူများတွေကို ကောလာဟလလွှင့်ပြီးတော့ ဒီအပေါ်မှာ လုပ်စားသလိုမျိုး ဖြစ်နိုင်သလို ကိုယ်လိုချင်တာကို အတင်း လိုက်လုပ်တဲ့ အခါကျတော့ ရွှေစျေး၊ငွေစျေးတွေ တက်သွားတာပေါ့။ ဒီလိုတက်သွားတဲ့အပေါ်မှာ ကုန်စျေးနှုန်း ဆိုတာမျိုးက သူ့အချိုးကျ လိုက်ပြီးတက်သွားတာမျိုးလေ။ ဒါကြောင့် ဒီလိုမျိုးက မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆို အခြေခံ စားကုန်တွေပါ လိုက်တက်သွားလို့ရှိရင် လူတွေကလည်း အလုပ်က ကောင်းကောင်းလုပ်နေရတာမဟုတ်လို့ အခြေခံ လူတန်းစားတွေမှာ ပိုပြီးဒုက္ခရောက်သွားစေနိုင်တယ်။ နိုင်ငံတော်ပိုင်းကလည်း ဒီလိုမျိုး ကောလာဟလ ထွက်လာပြီဆိုရင် ချက်ချင်း ဖြေရှင်း တာမျိုးက အကောင်းဆုံးပဲဗျ။ အဲ့လိုမှပဲ  အချိန်မီထိမ်းသိမ်းနိုင်မယ်လေ။ မဟုတ်လို့ရှိရင် ကျွံသွားပြီးမှဆိုရင် လူတွေ တော်တော်များများဒုက္ခရောက် ကုန်မှာပေါ့။ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ဗဟိုဘဏ်က အခုလိုထွက်ရှင်း တာမျိုးက ပိုကောင်းတာပေါ့နော်” လို့ဆိုပါတယ်။

ရန်ကုန်ရွှေစျေးကွက်မှာ အကယ်ဒမီ တကျပ်သားစျေးနှုန်းက မနေ့က ကျပ်  ၁၈သိန်း ၁သောင်း ၃ထောင်သာရှိခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ၁၈သိန်း ၄သောင်း ၉ထောင်အထိ ရောက်သွားခဲ့ကာ ညနေ ၃နာရီမှာတော့ ၁၈သိန်း ၄သောင်း ၅ထောင် ရှိပါတယ်။DVB

တာဝန်မဲ့ လက်လွှဲရောင်းချခဲ့တဲ့ သြစတေးလျ သတ္တုတွင်းကုမ္ပဏီ Myanmar Metals ကို အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက် တိုင် ကြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဘော်တွင်းသတ္တုစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဩစတေးလျကုမ္ပဏီ Myanmar Metals က ၎င်းတို့ရဲ့ အစု ရှယ်ယာတွေကို ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေထံ ရောင်းချပြီး မြန်မာနိုင်ငံက အပြီးပိုင်ထွက်ခွာသွားမှုပေါ် အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်တိုင်ကြားလိုက်ပါတယ်။ဒီကန့်ကွက်တိုင်ကြားမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ မဟာမိတ်အဖွဲ့ (NGO coalition)၊ Publish What You Pay နဲ့ မြန်မာအဖွဲ့စုစုပေါင်း ၂၄၅ အဖွဲ့တို့က နိုင်ငံစုံလုပ်ငန်းတွေအတွက် OECD လမ်းညွှန်ချက် သြစတေးလျနိုင်ငံလုံးဆိုင်ရာ ကန့်ကွက်လွှာ တိုင်တန်းရန်လမ်းကြောင်း (AusNCP) နဲ့ အညီ သြစတေးလျ သတ္တုတွင်း ကုမ္ပဏီ Myanmar Metals ကို ကန့်ကွက်တိုင်တန်းလိုက်တာပါ။

“အမျိုးသမီးတွေ၊ အမျိုးသားနဲ့ ကလေးငယ်တွေဟာ ကိုဗစ်ကပ်ဘေးသင့်နေပြီး မြန်မာစစ်တပ်က လူသေကြေစတဲ့ ဖြိုခွင်းမှုတွေအကြား အသက်ရှင်သန်ရပ်တည်ရေး ကြိုးပမ်းနေရချိန်မှာ Myanmar Metals ကုမ္ပဏီကတော့ သူ့ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေထံ တာဝန်မဲ့စွာ ရောင်းပစ်ထားခဲ့ဖို့ လုပ်နေပါတယ်။ ဒါဟာ မြန်မာလူထုရဲ့ လူ့အခွင့်အရေးကို အလေးမထား ပစ်ပယ်ရာကို ပြသနေပါတယ်” လို့ ကန့်ကွက်တိုင်ကြားခဲ့တဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းများရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲက ပြောကြားပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ကန့်ကွက်တိုင်ကြားလွှာထဲမှာ နိုင်ငံစုံလုပ်ငန်းတွေအနေနဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ကိုင်ရာမှာ လိုက်နာဆောင်ရွက်ရမယ့် လူ့အခွင့်အရေးတွေကို လေးစားလိုက်နာရေး တာဝန်ရှိမှု အပါအဝင် စည်းမျဉ်းစည်းကမ်းတွေနဲ့ တာဝန်ဝတ္တရားတွေကို နိုင်ငံစုံလုပ်ငန်းတွေအတွက် OECD လမ်းညွှန်ချက်တွေမှာ ရှင်းလင်းစွာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။Myanmar Metals ကုမ္ပဏီဟာ အကျိုးတူ ဖက်စပ်လုပ် ငန်းကို ရောင်းချဖို့ ဆုံးဖြတ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ရှယ်ယာတွေ ရောင်းပြီးနောက်ပိုင်း ထွက်ပေါ်လာနိုင်တဲ့ လူအခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေကို ကာကွယ် လျော့ချရေး လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းနဲ့ ပါဝင်ပတ်သက်နေတဲ့ အကျိုးဆိုင်များနှင့် အဓိပ္ပာယ်ပြည့်ဝတဲ့ ထိတွေ့ညှိနှိုင်းမှုများ လုပ်ဆာင်ရန် ပျက်ကွက်ကြောင်း စတဲ့ တာဝန်ခံမှုဆိုင်ရာတွေ ပျက်ကွက်ခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းများရဲ့ ကန့်ကွက်စာမှာ ဖော်ပြထားပါတယ်။

ဘော်တွင်းသတ္တုစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အစုရှယ်အားလုံးကို ဖက်စပ်လုပ်ကိုင်နေတဲ့ ပြည်တွင်း ကုမ္ပဏီ ဝင်းမြင့်မိုရ်ထံ အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချဖို့ သဘောတူထားကြောင်း သြစတေးလျသတ္တုတွင်း ကုမ္ပဏီ (Myanmar Metals) က ဩဂုတ် ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့တာပါ။အဆိုပါ ဘော်တွင်းသတ္တုစီမံကိန်းကို သြစတေးလျသတ္တုတွင်း ကုမ္ပဏီ (Myanmar Metals ) က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝင်းမြင့်မိုရ်ကုမ္ပဏီနဲ့ EAP Global Mining ကုမ္ပဏီတို့က ၂၄ ဒသမ ၅ ရာခိုင်နှုန်းစီ ပါဝင်ပြီး Bawdwin Joint Venture (BJV) ကုမ္ပဏီနာမည်နဲ့ ဖက်စပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။“တာဝန်ယူ တာဝန်ခံမှု စံနှုန်းမြင့်မြင့်မားမား အသေအချာ ရှိဖို့ဆိုရင် Myanmar Metals အနေနဲ့ စာချုပ်မူကြမ်း၊ ဝင်ငွေစီးဆင်းမှုနဲ့ မြန်မာစစ်တပ်နဲ့ ထုတ်လုပ်မှု အကျိုးအမြတ်ခွဲဝေရေး သဘောတူညီချက်တွေကို အစုရှယ်ယာ ရောင်းချမှု မတိုင်မီ ထုတ်ပြန်ဖို့ လိုပါမယ်” လို့ Publish What You Pay ရဲ့ သြစတေးလျ ဒါရိုက်တာ Clancy Moore ကပြောပါတယ်။

OpenOil ရဲ့ တွက်ချက်မှုအရ လုပ်ငန်းလုပ်ဆောင်ချိန်ကစလို့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံက ငွေ၊ ခဲ နဲ့ သွပ်သတ္တု ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၂ သန်းခန့်ရရှိနိုင်တဲ့ လုပ်ငန်းဖြစ်ပြီး၊ ဒီရောင်းချမှုနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ အနောက်သြစတေးလျ သတ္တုတွင်း ကုမ္ပဏီ Mark Creasy အပါအဝင် အစုရှယ်ယာဝင်တွေက စက်တင်ဘာလ ၂၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်အနေနဲ့ အာဏာတည်မြဲခိုင်မာရေးနဲ့ နိုင်ငံတစ်ဝန်း ကျူးလွန်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် လိုအပ်တဲ့ ငွေကြေးသုံးစွဲဖို့ ကြိုးပမ်းနေရချိန်မှာ အခုလိုရောင်းချဖို့ အဆိုပြုချက် ထွက်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်၊ တွဲဖက် ပါမောက္ခ ဒေါ်ထွေးထွေးသိန်းကတော့ “သူတို့ရဲ့ လက်ရှိ လုပ်ငန်းလည်ပတ်မှု ဒါမှမဟုတ် လုပ်ငန်းရောင်းချမှုတွေကနေ လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးတွေ မရှိရေး သေချာအောင် Myanmar Metals အနေနဲ့ မြင့်မားတဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်း စည်းမျဉ်းမူဘောင်တွေ ရှိရပါမယ်။ အဲဒီ သတ္တုတွင်းကို စစ်တပ်နဲ့ နှီးနွှယ်တယ်လို့ ယူဆထားခံရတဲ့ လုပ်ငန်းကို ရောင်းလိုက်ပြီဆိုတာနဲ့ ရပ်ရွာဒေသခံတွေကို တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ တိုးလာနိုင်တဲ့ ဘေးအန္တရာယ်ရှိတဲ့ ပဋိပက္ခဇုန် အတွင်းမှာ ရှိပါတယ်” လို့ဆိုပါတယ်။

ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ ဒုတိယအကြီးမားဆုံးဖြစ်တဲ့ သွပ်၊ ခဲ၊ ငွေနဲ့ ကြေးနီ သတ္တုတွေ ထွက်ရှိရာ ဘော်တွင်းသတ္တုတွင်း စီမံ ကိန်းကို သြစတေးလျသတ္တုတွင်းကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ ဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။ဒါပေမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာ ဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာချိန်မှာတော့ သြစတေးလျသတ္တုတွင်းကုမ္ပဏီ (Myanmar Metals) က ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာတွေကို ရောင်းချပြီး အပြီးပိုင်ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပါတယ်။“ရောင်းဖို့ အဆို ပြုထားတဲ့ အစီအစဉ်အရ Mark Creasy နဲ့ ကုမ္ပဏီ ဒါရိုက်တာ အများအပြားရဲ့ ဘဏ်စာရင်းတွေထဲ ဘဏ္ဍာငွေကြေးရောက်ပါလိမ့်မယ်။ ဒါတင်မကသေးဘဲ တူးဖော်ရေး လုပ်ငန်းစပြီဆိုတာနဲ့ လူသတ်မြန်မာ ဗိုလ်ချုပ်တွေရဲ့ အိတ်ကပ်ထဲ ဒေါ်လာသန်းချီ ရောက်သွားပါလိမ့်မယ်” လို့ Publish What You Pay ရဲ့ သြစတေးလျ ဒါရိုက်တာ Clancy Moore ပြောကြားပါတယ်။khit thit

မြန်မာ​​ပြည်သူများကို အကူအညီအမြန်ဆုံးပေးရန် ကိုရီးယားလွှတ်တော်ရေးရာကော်မတီ က တိပြု

မြန်မာ​​ပြည်သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေအမြန်ဆုံးပေးနိုင်အောင်  ကြိုးစားမယ်လို့ ကိုရီးယားလွှတ်တော်ရေးရာကော်မတီက ကတိပြုပြောကြားလိုက်ပါတယ်။

NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံစဥ် လွှတ်တော်နိုင်ငံခြားရေးနဲ့ တောင်မြောက်ပေါင်းစည်းရေး ကော်မတီဝင်လည်းဖြစ်တဲ့ လွှတ်တော်အမတ် ကင်မ်ဟွန်းဂေါ်လ်ကတိပြုပြောကြားခဲ့တာပါ။

လွှတ်တော်အမတ် ကင်မ်ဟွန်းဂေါ်လ်ဟာ ​တောင်ကိုရီးယားသမ္မတကင်မ်ဒဲဂျွန်ရဲ့ သားလည်းဖြစ်ပါတယ်။

အဲဒီလို​တွေ့ဆုံစဥ်မြန်မာပြည်သူတွေစစ်အာဏာရှင်ကို ခုခံတော်လှန်နေကြတဲ့အပေါ် စာနာ နားလည်ကြောင်း ကင်မ်ဟွန်းဂေါ်လ်ကထည့်သွင်းပြောကြားခဲ့သေးကြောင်း မြန်မာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ 

​မြန်မာကိုယ်စားလှယ်နဲ့အဖွဲ့ဟာ ကွယ်လွန်သူ ကိုရီးယားသမ္မတကြီး ကင်မ်ဒဲဂျွန်ရဲ့မြေး ကင်မ်ဂျွန်ဒဲ၊ လူငယ်ကင်မ်ဒဲဂျွန်အဖွဲ့ဥက္ကဋ္ဌ အီဒဲဆွန်းတို့ကို ဆိုးလ်မြို့ရှိ ရုံးခန်းကို သွားရောက် တွေ့ဆုံပြီး မြန်မာ့ဒီမိုရေစီအရေးအား ဆွေးနွေးခဲ့ကြပါတယ်။

​လူငယ်ကင်မ်ဒဲဂျွန်အဖွဲ့က မြန်မာ့ဒီမိုကရေစီတော်လှန်ရေး အောင်မြင်တဲ့အထိ အမြဲ အားပေးထောက်ခံဝန်းရံသွားမယ်လို့ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်အနေနဲ့ NUGအစိုးရကို အားပေးနေတဲ့ အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။DVB

ကျိုက်ထိုမှ ဓားစာခံ ရပ်ကျေးအုပ်ချုပ်ရေးရုံး စာရေး ဒဏ်ရာများဖြင့် သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဘိုက္ကားရွာ အုပ်ချုပ်ရေးမှူးရုံးစာရေးကို စစ်သားများက ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် ငါးရက်အကြာ ယမန်နေ့(စက်တင်ဘာ ၁၆)တွင် ကျိုက်ထိုဆေးရုံ၌ အလောင်းလာထုတ်ရန် မြို့ပေါ်ရှိ ရပ်ကွက်ရုံးတစ်ရုံးမှတဆင့် အကြောင်းကြားခဲ့ကြောင်း မိသားစုဝင်သုံးဦးက အတည်ပြုသည်။

ထိုရုံးတွင် ရုံးစာရေးအဖြစ် ၂၂ နှစ်ကြာ တာဝန်ထမ်းခဲ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် မပါဝင်သော အသက် ၄၄ နှစ်အရွယ် ဦးရန်နိုင်ဦးကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရကြောင်း၊ ဇနီးသည် ဒေါ်သီတာအေးမှာ ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင်တစ်ဦးဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“သူ့ဟာသူ အေးဆေးနေတာ။ ဆေးရုံကို သေပြီးမှ လာပစ်ထားတာ ဟုတ်မှာပေါ့။ နည်းနည်းတောင် အနံ့ထွက်နေပြီ။ သေပြီး တစ်ရက်လောက်နေမှ လာထားတာနေမှာပေါ့။ ကျွန်မတို့ကတော့ ကျွန်မတို့လူတစ်ယောက်သေထားတော့ ဘာမှလည်း မကြားချင်လို့ (ဘာအကျိုးအကြောင်းမှ) မမေးခဲ့ဘူး”ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ဦးရန်နိုင်ဦး၏ ရုပ်အလောင်းကို ကျိုက်ထိုဆေးရုံက ကိုဗစ်အကြောင်းပြချက်ဖြင့် စေ့စပ်စွာ ကြည့်ခွင့်မပြု၊ ဓာတ်ပုံရိုက်ခွင့်မပြုခဲ့ကြောင်း၊ ရင်ခွဲရုံ၌ ခေတ္တပြချိန်တွင် ဒဏ်ရာအချို့ရှိနေသည်ကို သတိထားမိကြောင်း၊ ဖမ်းဆီးခံရချိန်တွင် ရောဂါအခံမရှိကြောင်း၊ ရုပ်အလောင်းကို ကျေးရွာသုသာန်၌ပင် နေ့တွင်းချင်း မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“သေချာတော့ပေးမကြည့်ဘူး။ ရင်ခွဲရုံမှာ တွေ့ရတာကတော့ လက်နဲ့ လည်ပင်းမှာ အညိုအမည်းတွေနဲ့။ တစ်ထွာလောက်ရှိတယ်”ဟု အထက်ပါ မိသားစုဝင် အမျိုးသမီးက ပြောသည်။

ဦးရန်နိုင်ဦးကို မည်သည့်နေရာသို့ ဖမ်းခေါ်သွားသည်ကို အတိအကျအတည်မပြုနိုင်သော်လည်း ကျိုက်ထိုမြို့ရှိ စစ်တပ်သတင်းရင်းမြစ်တစ်ဦး၏ ပြောပြချက်အရ စက်တင်ဘာ ၁၅ ရက်ကတည်းက သေဆုံးခဲ့ကြောင်း၊ မေးရိုးများ ကျိုးနေကြောင်း၊ ခန္ဓာကိုယ်ကို ရေနွေးပူဖြင့် လောင်းခံထားရသည့် ဒဏ်ရာများရှိကြောင်း သိရသည်ဟု မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့မြောက်ဘက် ၄ မိုင်အကွာရှိ ဘိုက္ကားရွာအတွင်း စက်တင်ဘာ ၁၂ မွန်းလွဲ ၁ နာရီခန့် ဖမ်းဆီးခံရချိန်တွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးထွန်းလင်းဆိုသူပါ ပါဝင်ခဲ့သော်လည်း ၎င်းမှာ ညနေပိုင်းတွင် ပြန်လွတ်လာသည်ဟု မိသားစုဝင်များထံမှ သိရသည်။ ဦးထွန်းလင်းနှင့်မူ အဆက်အသွယ်မရသေးပါ။

ဦးရန်နိုင်ဦးကို ဖမ်းဆီးပြီးချိန်တွင် ဘိုက္ကားရွာနေအိမ်သို့ စစ်သား ၁၀ ယောက်ကျော် ရောက်လာပြီး ဇနီးဖြစ်သူ ဒေါ်သီတာအေးကို ရှာဖွေခဲ့သေးသည်ဟု ကာယကံရှင်က ပြောသည်။

“ကျွန်မ အမျိုးသားကို ရိုက်နှက်ပြီးဖမ်းသွားပြီ။ ဖုန်းရတဲ့အချိန်မှာပဲ ကျွန်မလည်း ရှောင်လိုက်တယ်။ နောက်တော့ ကျွန်မအိမ်ကို လာဝိုင်းတယ်။ … (ဦးထွန်းလင်း) သူ့ဆီက ကြားတာက ရိုက်ဖမ်းသွားတဲ့ အချိန်ကတည်းက သွားတွေ ကျွတ်သွားတယ်တဲ့။ နောက်ရက်တွေမှာ သတင်းစုံစမ်းမရဘူး။ ၅ ရက်မြောက်နေ့မှာ သူဆုံးပြီလို့ သတင်းရတယ်”ဟု ဒေါ်သီတာအေးက ပြောသည်။

စစ်သားများ နေအိမ်သို့ ရောက်လာစဉ် အိမ်ကို နိုင်ငံပိုင်သိမ်းမည်ဟု အော်ဟစ်ကြိမ်းမောင်းပြီးနောက် ပရိဘောဂများနှင့် မျက်နှာကြက်ကိုပါ မချန် ရိုက်ချိုးဖျက်ဆီးသွားသည်ဟု ဖြစ်စဉ်အတွင်း နေအိမ်၌ ရှိနေသည့် ဒေါ်သီတာအေး၏ မောင်ဖြစ်သူ ကိုအောင်အောင်က ပြောသည်။

“သူတို့ သေနတ်တွေ မောင်တင်းပြီး ဝင်လာတာက ၁၀ ယောက်လောက်ရှိတယ်။ အရက်စော်လည်း နံတယ်။ ကျွန်တော့်အစ်မကို ရှာပေး။ ည ၈ နာရီမှာ လာအပ်ရင် မင်းယောက်ဖကို ပြန်လွှတ်မယ်လို့ ပြောတယ်။ အစ်မက NLD ပါတီ မြို့နယ်အလုပ်မှုဆောင်ဖြစ်တော့ သူတို့ အဓိကဖမ်းချင်တာ။ အစ်မကို မမိတဲ့အတွက်ကြောင့် မိတဲ့သူကို ဖမ်းရိုက်နှက်ပြီး သတ်ပစ်တာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အလိုရှိသူကို မမိ၍ မိသားစုဝင်များထဲမှ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများပါမချန် ဓားစာခံအဖြစ် ဖမ်းသွားတတ်သည်။ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁၀၀၀ ကျော် ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မှတ်တမ်းတင်ထားသည်။

ဦးရန်နိုင်ဦးသေဆုံးသည့် ကိစ္စနှင့် စပ်လျဉ်း၍ ဒေသဆိုင်ရာ စစ်ကောင်စီတာဝန်ရှိသူများထံ မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရခဲ့ပါ။myanmar now

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရ

စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ဖမ်းဆီးတရားစွဲထားတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်တည်ထောင်သူ ဒေါ်မျိုးမျိုးအေးဟာ အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“စက်တင်ဘာ ၁၅ ရက်နေ့က ထောင်တွင်းရုံးထုတ်တွေရှိတယ်ဆိုပြီး သတင်းကြားတဲ့အတွက် သွားရောက်စုံစမ်းရာမှာ ဒေါ်မျိုးမျိုးအေးကို တိုက်ပိတ်ထားတယ်ဆိုတာပဲသိရပြီး ဘာကြောင့်ဆိုတာတော့ မသိခဲ့ရပါဘူး။”

စစ်အာဏာရှင်ဆန့်ကျင်တဲ့ အလုပ်သမားသပိတ်တွေကို ဦးဆောင်ခဲ့လို့ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဧပြီလထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ကို ကိုဗစ်ကြောင့် လော့ဒေါင်း ချထားတာကြောင့် မိသားစုတွေဟာ အဖမ်းခံရသူတွေနဲ့အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။ 

လက်ရှိအချိန်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့ဝင် ၁၄ ယောက်နဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS- TUsF ရဲ့အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

တခြားအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေကိုလည်း စစ်ကောင်စီက ခြိမ်းခြောက်နေတာ ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒေါ်မျိုးမျိုးအေးအပါအဝင် အလုပ်သမားအရေး ဆောင်ရွက်သူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေကို အပြင်းအထန်ရှုတ်ချတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က ပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်မျိုးမျိုးအေးဟာ အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေထဲမှာ အရင်ဆုံးအဖမ်းခံခဲ့ရသူဖြစ်ပါတယ်။

အလုပ်သမားအရေဆောင်ရွက်နေသူတွေကို ဖမ်းဆီးတရားစွဲအနိုင်ကျင့်နေတာတွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO က အကူအညီပေးစေချင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေးဆောင်ရွက်သူတွေကို ဖမ်းဆီးတာတွေကြောင့် အခြေခံလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း တရားမဲ့ပြုကျင့်တာတွေနဲ့ ပိုမိုကြုံတွေ့လာရတယ်လို့ စက်ရုံလုပ်သားတချို့က ပြောဆိုကြပါတယ်။DVB

« Older Entries