အကြမ်းဖက်စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် ထန်တလန်တမြို့လုံးနီးပါး နေရပ်စွန့်ခွာ

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ချင်းပြည်နယ်၊ ထန်တလန်မြို့နေ ပြည်သူလူထုကို  စက်တင်ဘာ ၂၁ ရက် မနက်ဖန် နောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာကြဖို့ ခြိမ်းခြောက်တာကြောင့် မြို့ခံပြည်သူတွေအားလုံးနီးပါး နေရပ်စွန့်ခွာနေရကြရပြီး တချို့ကတော့  အိန္ဒိယနယ်စပ်ကို ထွက် ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ထန်တလန်မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေက  လက်နက်ကြီးတွေနဲ့ အပြင်းအထန် ဆက်တိုက်ပစ်ခတ်၊ မီးရှို့၊ လူတွေကို ပစ်သတ်ခဲ့ပြီး  မြို့ခံပြည်သူတွေကို စက်တင်ဘာ ၂၁ ရက်နေ့နောက်ဆုံးထားပြီး မြို့ကနေထွက်ခွာဖို့ ခြိမ်းခြောက်ခဲ့တာလို့  ချင်းပြည်နယ်ကာ ကွယ်ရေးတပ် CDF ဗဟို တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

ထန်တလန်မြို့ကို စစ်ကောင်စီတပ်တွေက ထိန်းချုပ်ဖို့ အင်အားသုံး ကြိုးစားနေပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေလည်း  ဖြတ်တောက်ထားပါတယ်။

ထန်တလန်မြို့ပေါ်မှာ နေထိုင်တဲ့ပြည်သူတစ်သောင်းကျော်အထဲမှာ ထောင်နဲ့ချီတဲ့ ပြည်သူ အများစုက ထန်တလန်ဝန်းကျင်ရှိ ကျေးရွာတွေဘက် ရွှေ့ပြောင်းသွားနေကြပြီး တချို့ကတော့  အိန္ဒိယနယ်စပ် မီဇိုရမ်ဘက် ထွက်ပြေးတိမ်းရှောင်နေရကာ စားဝတ်နေရေးအခက်အခဲတွေရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ 

စက်တင်ဘာ ၁၈ နေ့က ထန်တလန် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စစ်သား ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ထန်တလန် CDF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်တပ်တွေက မြို့ထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ထန်တလန်မြို့က နေအိမ် ၁၀ လုံးကျော်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

မီးလောင်အိမ်တွေကို အကူအညီပေးဖို့သွားရောက်ခဲ့တဲ့ သင်းအုပ်ဆရာတစ်ယောက်ကိုလည်း စစ်တပ်ကပစ်သတ်ခဲ့ပြီး ရွှေလက်စွပ်ကို လက်ဖြတ်ပြီး ဖြုတ်ယူသွားပါတယ်။ 

ဟားခါးမြို့ကိုလည်း စစ်ကောင်စီတပ်တွေက  အကြမ်းဖက်ထိန်းချုပ်ဖို့ကြိုးစားနေပြီး မင်းတပ် CDF နဲ့လည်း ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။

ချင်းပြည်နယ်မှာ ဖြစ်နေတဲ့အခြေအနေတွေအရ  စစ်ကောင်စီနဲ့ညှိနှိုင်းစရာအကြောင်းမရှိတော့ဘဲ ရင်ဆိုင်တုံ့ပြန်သွားမယ်လို့ မင်းတပ် CDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

စက်တင်ဘာလဆန်းကစပြီး စစ်ကောင်စီတပ်နဲ့ ထန်တလန် CDF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့က နယ်မြေအရအရေးပါတဲ့ လုံလဲရ် စစ်ကောင်စီတပ်စခန်းကို ထန်တလန် CDF က သိမ်းယူခဲ့ပါတယ်။

ထန်တလန်မြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူတစ်သောင်းကျော်ရှိပြီး အနီးအနားကျေးရွာတွေမှာ နေထိုင်တဲ့ပြည်သူက လေးသောင်းနီးပါးရှိနေပါတယ်။

ချင်းခရစ်ယာန်ဘုရားကျောင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာ၊ သောက်စားမူးယစ်နေတာ၊ သင်းအုပ်ဆရာကို ပစ်သတ်တာ၊ ဒေသ ခံပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်နေတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်က အပြင်းအထန်ရှုံ့ချပြီး အဆိုပါလုပ်ရပ်တွေ ရပ်တန့်ဖို့ စက်တင်ဘာ ၁၉ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s