Monthly Archives: Sep 2021

မာစီဒီးကားဖြင့် တရားမဝင်မြန်မာလုပ်သား များကို ဘန်ကောက်ပို့သည့် ထိုင်းဇနီးမောင်နှံ ဖမ်းဆီးခံရ

မာစီဒီးကားထဲမှာ ဌာနဆိုင်ရာအင်္ကျီအမျိုးစုံချိတ်ဆွဲပြီး  မြန်မာ-ထိုင်းနယ်စပ်မှတဆင့်  ဘန်ကောက်မြို့ကို  မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားမဝင်ပို့ဆောင်တဲ့ ထိုင်းဇနီးမောင်နှံ မဲဆောက်မြို့အရှေ့ပိုင်း အဖွဲ့စုံဂိတ်မှာ စက်တင်ဘာ  ၂၁ ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအာဏာ ပိုင်တွေထံက သိရပါတယ်။ 

မဲဆောက်မြို့မှတစ်ဆင့် ဘန်ကောက်မြို့ကို ဦးတည် မောင်းနှင်လာတဲ့ မာစီဒီးကားအမည်းရောက်တစ်စီးကို မဲဆောက်အဖွဲ့စုံဂိတ်မှာ ဌာနဆိုင် ရာ၊ ထိုင်းစစ်တပ်၊ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း စစ်ဆေးရာ ယာဉ်မောင်းသူ နိုင်းဖုန်းစပ်နဲ့ ဇနီးဖြစ်သူတို့မှာ အရှေ့ခန်းထိုင်ပြီး ရခိုင်ပြည်နယ်မှ လာသူ မြန်မာနိုင်ငံသား ၃ ဦးကိုတော့ ယာဉ်အနောက်ခန်းမှာ ထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံပြည်ဝင်ခွင့်စာရွက်စာတမ်းမရှိသလို ထိုင်းနိုင်ငံ ဌာန ဆိုင်ရာတချို့လက်မှတ်နဲ့ ဆင်တူအင်္ကျီတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့ကို တရားမဝင်လူ မှောင်ခိုသယ်ဆောင်မှုနဲ့ တရားဥပဒေ အတိုင်းအရေးယူနိုင်ဖို့ မဲဆောက် မြို့မရဲစခန်းကို အပ်နှံသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်ကူးစက်မှုနောက်ပိုင်း နယ်စပ်ဖြတ်ကျော်မှုတွေကို နှစ်နိုင်ငံစလုံး တင်းကျပ်ထားပြီး ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံဘက်ကို တစ်ရက်ကို အယောက် ၂၀၀ အထက် တစ်ရက်ခြား နေရပ်ပြန်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်သူတွေများနေပြီး  မိသားစု  စားဝတ်နေရေးအတွက် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံကို တစ်ရက် အယောက် ၅၀ လောက် တရားမဝင် သွားရောက်နေကြပြီး   အဖမ်းခံရသူရှိနေသလို  လွတ်မြောက်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ရသူတွေလည်း ရှိပါတယ်။DVB

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ဇာတိအိမ်အပြန်လမ်း စစ်‌ ဆေးရေးဂိတ်တွင်အဖမ်းခံရ

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ဖြစ်သူ အသက် ၂၁ နှစ်အရွယ် မအေးနန္ဒာစိုးသည် မန္တလေးမှ စစ်ကိုင်းဘက်သို့ အပြန်လမ်း စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

စစ်ကိုင်းဘက်အ၀င် စစ်‌ဆေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးရာက ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ကျောင်းသားများသမဂ္ဂ ထံကသိရသည်။ “သူက အဲဒီနေ့က မန္တလေးကနေ စစ်ကိုင်းဘက် သူ့ဇာတိကို ပြန်တာ၊ စစ်ကိုင်းအဝင် စစ်ဆေးရေးဂိတ်မှာ အရပ်ဝတ်နဲ့ ရဲတွေကမှတ်ပုံတင်စစ်ပြီး ဖမ်းလိုက်ကြတာ၊ ဘယ်လိုသိရလဲဆိုရင် အဲဒီကားဂိတ်ကို ကျွန်တော်တို့ခရီးသည်မိန်းကလေးက သူဆင်းရမယ့်ဂိတ်ကိုမရောက်ဘူး။ အ ဆက်အသွယ်မရဘူးမေးတော့ သူတို့ကပြန်ပြောပြတာ” ဟု ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကဆိုသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ မအေးနန္ဒာစိုးသည် စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေးတွင်တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ “ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ(၄၈)နာရီကျော် ကြာမြင့်ပြီဖြစ်သော်လည်း ရဲဘော်အေးနန္ဒာစိုးကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်ချုပ်နှောင်ထိန်းသိမ်းထားသည်ကိုမူ ယခုအချိန်ထိ အကြောင်းတစ်စုံတစ်ရာမျှ မသိရှိရသေးချေ။

ထို့ကြောင့် ရဲဘော်အေးနန္ဒာစိုး၏အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်မိသည်” ဟု ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန် ကြားရေးမှ ယနေ့ စက်တင်ဘာ ၂၁ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ “ကျောင်းသား၊ကျောင်းသူတွေဆိုတာ လူထုကို စည်းရုံးနိုင်သူတွေ၊ လူ ထုနဲ့တသားထဲဖြစ်နေသူတွေဆိုတော့ စစ်တပ်က ကြောက်တာပေါ့ဗျာ။ ဒါကြောင့်ပဲ ကျောင်းသား၊ သမဂ္ဂလို့ကြားတာနဲ့ ဖမ်းကြတာပေါ့” ဟုပြန်ကြားရေးတာဝန်ခံက ပြောသည်။

စက်တင်ဘာ ၆ ရက် ညပိုင်းကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊ဗဟိုအမှုဆောင်အဖွဲ့ ဒု-ဥက္ကဌဖြစ်သူ ကိုထက်အောင်သည် ပြည်မြို့နေအိမ်တွင် တိမ်းရှောင်နေစဥ် လက်နက်အပြည့်စုံပါရှိသော အရပ်ဝတ်စစ်ဗိုလ်တစ်ဦးမှ စစ်ဆေးမေးမြန်းစရာရှိသည် ဟုဆိုကာ ဖမ်းဆီးမှုဖြစ်ပွားခဲ့သေးသည်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့စက်တင်ဘာ ၂၀ ရက်အထိ ၁,၁၁၄ ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှထုတ်ပြန်ထားသည်။mizzima

NLD ပါတီဝင် အပါအဝင် စုစုပေါင်း ၃ ဦးကို ရန်ကုန်-ပုသိမ်လမ်းပေါ်တွင် ဖမ်းဆီး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင် နေထိုင်သည့် NLD ပါတီဝင် တစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးအား အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံရဲများက စက်တင်ဘာ ၁၈ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်တွင် ရန်ကုန်-ပုသိမ် လမ်းပေါ်တွင် ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရန်ကုန်-ပုသိမ် လမ်းပေါ်ရှိ ကျောင်းကုန်းမြို့နှင့် ပန်းတနော်မြို့ကြားတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ ကန်ကြီးထောင့်မြို့နယ်ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခံထားရသူ ကိုစည်သူအောင်နှင့် ကန်ကြီးထောင့်မြို့ ကမ်းနားလမ်းနေ ကိုအောင်နိုင်ထွေး၊ ကိုဘိုဘိုထွန်း တို့​ဖြစ်ကြောင်း သိရသည်။

“သူတို့ သုံးယောက်က ဆန္ဒပြတာတွေပြီးကတည်းက ရှောင်နေတာပါ။ ရန်ကုန်ဘက်ကို သွားမလို့ထင်တယ်။ ဒါးက-မြဝတီဂိတ်လို့ခေါ်တဲ့ နေရာကနေ ခရီးသည်တင် မှန်လုံကားတစ်စီးကို စစီးသွားတာ။ဒါးက မှာရှိတဲ့ဒလန်က သူတို့ဘယ်ကားကို ဘယ်အချိန်က စီးသွားတယ်ဆိုတာ ရဲကို သတင်းပေးလိုက်တာထင်တယ်။

ကွက်တိသိလို့ လမ်းမှာကားတားပြီး ဖမ်းတာ။အင်းမ ရဲစခန်းကို တစ်ခါတည်း ခေါ်သွားတယ် ။ပြီးတော့ ပုသိမ်တောင်ပေါ် စစ်တပ်ထဲမှာ ရိုက်နှက်ပြီး စစ်ဆေးနေတယ်လို့ သိရတယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါနိုင်ငံရေးတက်ကြွလှုပ်ရှားသူ သုံးဦးကို ဖမ်းဆီးပြီးနောက် စက်တင်ဘာ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် ကန်ကြီးထောင့်မြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဆိုသူကိုလည်း စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွား‌ကြောင်း သိရသည်။mizzima

ပခုက္ကူမြို့တွင် အပြစ်မရှိပြည်သူ ၃ ဦးကို ရဲများက ရိုက်နှက်ဖမ်းဆီး

ပခုက္ကူမြို့မှာ သတင်းပေး ၁ ဦး  သေနတ်နဲ့ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားပါတယ်။

၂၀ ရက်နေ့ည ၁၁ ခွဲလောက်က ပခုက္ကူမြို့ ဆင်ပေါက်လှရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အမျိုးသား ၃ ဦးလုံးက သူတို့သတ်တာမဟုတ်ကြောင်း ငြင်းဆန်ပေမယ့် ရဲတွေက ရိုက်နှက်ခေါ်ဆောင်သွားတာလို့ မျက်မြင်တဦးက ပြောပါတယ်။

“မင်းတို့ ဝန်မခံမချင်း မင်းတို့ မိသားစုဝင်တွေကို ဖမ်းထားပြီး ပြန်မလွှတ်ဘူးလို့ ခြိမ်းခြောက်ပါတယ်။ ပထမဦးဆုံး အဖမ်းခံရတဲ့သူကို ရှေ့ကနေပြေးစမ်းဆိုပြီး ပြောပါတယ်။ ဟိုအကိုက ဘာမှမသိရှာတော့ မပြေးပဲ လုပ်သမျှပဲခံနေတော့ အပစ်မခံရပါဘူး။ နောက်ပြီး အဲ့အကိုရဲ့ မိန်းမကလည်း ဗိုက်ကြီးကြီးနဲ့ မွေးခါနီးနေပါပြီ။ အပြစ်မရှိတဲ့ သူတွေကို သူတို့တပ်ချင်တဲ့ ခေါင်းစဉ်တွေတပ် အတင်းစွပ်စွဲပြီး သေလောက်အောင် ရိုက်နှက်ဖမ်းခေါ်သွားတာပါ။”

ဖမ်းဆီးခံရသူတဦးရဲ့ ညီမဖြစ်သူတွေကိုလည်း စစ်ကောင်စီတပ်က ခေါ်ဆောင်သွားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားတဲ့အပြင် ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေကိုလည်း သိမ်းယူသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

သူတို့ ၃ ဦးလုံးကို မိသားစုဝင်တွေ တွေ့ခွင့်ရဖို့ ညှိနှိုင်းတာတွေ လုပ်ဆောင်ပေမယ့် တွေ့ခွင့်မရရှိသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီသတင်းပေးလို့ လူသိများတဲ့ ဘဲဥဆိုသူဟာ စက်တင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခံခဲ့ရတာလို့ ဒေသခံတွေဆီက သိရပါတယ်။DVB

လေဖြတ်‌နေသော နိုင်ငံရေးအကျဉ်းသားဟောင်းကို စစ်ကောင်စီတပ် ဖမ်းဆီး

လေဖြတ်ဝေဒနာခံစားနေရသော အသက် ၆၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်းကို စစ်ကောင်စီတပ်က ယမန်နေ့ညနေက ဖမ်းဆီးသွားသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၅ )ရပ်ကွက်၊ ဒေသအခေါ်(အတီးစု အရပ်)တွင် နေထိုင်သူ ဦးဇော်ထိုက်ကို စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့က ဖမ်းသွားခြင်းဖြစ်သည်။ ဦးဇော်ထိုက်သည် ဧပြီလကတည်းက နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(ဂ)တို့ဖြင့် အမှုဖွင့်ထားသည့်အတွက် ရှောင်တိမ်း‌နေရသူဖြစ်ကြောင်း သိရသည်။

“သူက နိုင်ငံရေးအကျဉ်းသားဟောင်းဆိုပေမယ့် အာဏာမသိမ်းခင်ကတည်းက လေဖြတ်နေတာ ဒီတော်လှန်ရေးမှာ ဘာမှလုပ်နိုင်မယ်မထင်ဘူး။ ဒလန်က သတင်းပေးလို့သာ အဖမ်းခံရတာသူက သူ့ရောဂါနဲ့သူ ဘာမှမလုပ်နိုင်လို့ ရှောင်နေတာပါ”ဟု ပုသိမ်နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသည့်အတွက် ရောဂါအခံရှိသူ ၎င်းအတွက် စိတ်ပူပင်နေကြကြောင်း မိသားစုဝင်များက ပြောသည်။mizzima

စစ်ကောင်ထံက ရရှိမည့် COVID-19 ရောဂါကာကွယ်ဆေးများကို မြို့နယ် ၆ ခုတွင် ထိုးပေးသွားမည်ဟု AA ပြော

စစ်ကောင်စီထံက ရရှိလာမည့် COVID-19 ရောဂါ ကာကွယ်ဆေးများကို ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ခြောက်ခုက ဒေသခံများကို ဦးစားပေးအနေဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။ ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်း၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ယနေ့ စက်တင်ဘာ ၂၁ ရက်က ရခိုင်ဘာသာစကားဖြင့် ရခိုင်ပြည်သူများထံ အသိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

COVID-19 ရောဂါကာကွယ်ဆေးနှင့် ပတ်သက်ပြီး မည်သည့်နေရာတွင် ကာကွယ်ဆေးအလုံးရေ မည်မျှခန့် လိုအပ်ကြောင်း စစ်ကောင်ဘက်က ကမ်းလှမ်းမေးမြန်းလာမှုအပေါ် အဆင်ပြေသလောက် ပေးနိုင်သည်အထိ ပေးနိုင်‌ကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။

“ COVID-19 ကာကွယ်ဆေးအပါအဝင် အဲဒီရောဂါနဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ၊ ကာကွယ်ဆေးတွေကို ဘယ်နေရာမှာ ဘယ်လောက်လိုအပ်လဲဆိုတာ ကျွန်တော်တို့ကို စကစ ဘက်က မေးဖူးတယ်။ မိမိတို့ဘက်ကလည်း အဆင်ပြေသလောက် ပေးနိုင်တဲ့အထိ ပေးနိုင်ကြောင်း အကြောင်းပြန်ထားပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ စစ်ကောင်စီထံက COVID-19‌ ရောဂါ ကာကွယ်ဆေး အလုံးရေ လေးသောင်းခန့် ရရှိမည်ဟု ခန့်မှန်းထားပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့ရှိ မြို့နယ် ခြောက်ခုမှ ဒေသခံပြည်သူများကို ဦးစားပေးအနေဖြင့် ထိုးနှံပေးသွားမည်ဟု AA က ပြောထားသည်။

“အရေအတွက်ခန့်မှန်းခြေ လေးသောင်းဆိုရင် ဒီအတိုင်း စဉ်းစားထားပါတယ်။ အဲဒီထက်များရင်တော့ နောက်တစ်မျိုး ထပ်တိုးစဉ်းစားပြီး လုပ် ဆောင်သွားပါမယ်။ အရေအတွက် ဘယ်လောက်ရမှာလဲ။ ထိုးပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လောက်အထိ သွားရောက်ထိုးပေးနိုင်မလဲ။ ဘယ်အချိန်ထိုးပေးမှာလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကာကွယ်ဆေးကို နည်းမှန်လမ်းမှန် ထိုး‌ပေးသွားမယ်” ဟု AA က ပြောသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ရခိုင်ပြည်သူအားလုံးကို COVID-19 ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် အခွင့်အရေးရပါက ကာကွယ်ဆေးကို လက်လွတ်မခံဘဲ မဖြစ်မနေ ထိုးနှံကြရန် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက AA ၏ ထုတ်ပြန်ချက်များတွင် တိုက်တွန်းထားသည်။

စေတနာနှင့် ရည်ရွယ်ချက်ကို မကွဲပြားနိုင်သည့် အနေအထားတွင် စစ်ရေး၊ လုံခြုံရေးဆိုင်ရာများကို အလေးအနက်ထား ဆောင်ရွက်ပြီး အ ခြေအနေကို သတိထား စောင့်ကြည့်ကာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးခိုင်သုခက ဆိုထားသည်။ လက်ရှိတွင် ရခိုင် ပြည် နယ်အတွက် COVID-19ရောဂါ ကာကွယ်ဆေးအလုံးရေ နှစ်သိန်းသုံးသောင်းနီးပါးခန့် ခွဲတမ်းရရှိထားပြီး ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် အပြီးသတ်ရောက်ရှိမည်ဖြစ်ကာ ဦးစားပေးအုပ်စု ၁၆ အုပ်စုကို ထိုးနှံပေးသွားရန် စစ်ကောင်စီက စီစဉ်ထားသည်။

ကာကွယ်ဆေးထိုးပေးမည့် ၁၆ အုပ်စုတွင် AA တပ်ဖွဲ့ဝင်များ၊ အသက် ၅၅ နှစ်အထက် အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာ ရေးဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများနှင့် မသန်စွမ်းများလည်း ပါဝင်ကြောင်း သိရသည်။

AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီဘက်က COVID-19ရောဂါ ကာကွယ်ဆေး ထိုးပေးမည်ဟု ပြောဆိုမှုနှင့် ပတ်သက်ပြီး AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက စတင်ပြီး နှစ်နှစ်နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် တိုက်ပွဲများ ယာယီရပ်တန့်နေခဲ့သည်။mizzima

စစ်ကောင်စီတပ်က ထားဝယ်ကျောင်းသား ၂ ဦးကို ဖမ်းကာ အခြားသူများ နေအိမ်လိုက်လံပြသခိုင်း

စစ်ကောင်စီတပ်များက ထားဝယ်တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ဖမ်းဆီးပြီး အခြားသူများ၏နေအိမ်များကို လိုက်လံပြသခိုင်းစေခဲ့ကြောင်း ကျောင်းသား သမဂ္ဂက ပြောသည်။

ထားဝယ်မြို့ မြို့သစ်( ၄)လမ်းဘက်ရှိနေအိမ်တွင်ရှိနေသော မြန်မာစာ တတိယ နှစ်ကျောင်းသား ကိုစိုးပြည့်အောင်နှင့် အင်္ဂလိပ်စာမေဂျာမှ မစိုးမီးမီကျော်တို့ကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီတပ်က သေနတ် ပစ်ဖောက်ပိတ်ဆို့ကာ ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။

” မနေ့က သပိတ်မလိုက်ဖြစ်ဘဲ သူတို့က အိမ်မှာ ကျန်နေခဲ့မိတာ။ သပိတ်လိုက်တဲ့သူတွေကတော့ လွတ်မြောက်သွားတယ်။ ထားဝယ်မှာ နေ့တိုင်းထွက်နေတဲ့ သပိတ်တွေ ပပျောက်သွားအောင် စစ်တပ်ဘက်က လူဖမ်းဖို့ ခြေရာခံနေကြတာ” ဟု သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။သူတို့နှစ်ဦးစလုံးကို စစ်သားတွေက ကားပေါ်တင်ပီး အခြားအိမ်များ လိုက်ပြခိုင်းခြင်း၊ ဆက်စပ်သူတွေကို ဖုန်းခေါ်ပီး ဆက်သွယ်ခိုင်းခြင်းများ ပြုလုပ်နေသည်ဟုလည်း သမဂ္ဂက ပြောသည်။

” ထားဝယ်တက္ကသိုလ်ကျောင်းသားတွေ အဖမ်းခံရတာ အခုဆိုရင် ၃၀ နီးပါးရှိပီ ။ အဖမ်းခံရပီး သတင်းမရတာက များတယ်။ ပြည်သူတွေ အနေနဲ့ တော်လှန်နေတဲ့ လူငယ်တွေကို စောင့်ရှောက်ကာကွယ်ပေးကြပါ။ မိမိကိုယ်တိုင် လည်း တော်လှန်တဲ့အလုပ်တခုခု ဥပမာ စစ်တပ်စီးပွားရေးကို သပိတ်မှောက် တာမျိုး ပြုလုပ်ပေးကြပါ” ဟု သမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောသည်။mizzima

ဓမ္မအမှုဆောင် ဆရာတစ်ဦးသေဆုံးမှုနဲ့ ပက်သက်လို့ ချင်း CDF မှသတ်တာဆိုပြီး အကောင့်တုများအသုံးပြုဝါဒဖြန့်မှုများ ရှိနေ

ထန်တလန် သင်းအုပ်ဆရာပါစ္စတာ သေဆုံးမှုဖြစ်စဉ်နဲ့ပက်သက်ပြီး Leng Houng Lawi ဆိုသည့်အကောင့်တုတစ်ခုမှ ဓမ္မအမှုဆောင် ဆရာသေဆုံးရခြင်းဟာ စစ်တပ်မှ ပစ်ခတ်လို့သေတာမဟုတ်ပဲ CDF အဖွဲ့မှ ဒလန် ဆိုပြီး ပစ်ခတ်လို့ သေရတာဆိုပြီး မျက်မြင်တွေ့ရှိသည့်သူတစ်ဦးဟန်ဖြင့် ရေးသားထားတာတွေ့ရပါတယ်။

အဆိုပါအကောင့်ဟာ အခြား ဖေ့ဘုတ်စ်အသုံးပြုသူ ချင်းအမျိူးသားတစ်ယောက်ရဲ့ နာမည်၊ဓာတ်ပုံတို့ကို အသုံးပြုပြီး သတင်းအမှားကို စတင်ဖြန့်ဝေခဲ့တာပါ။CDF အဖွဲ့ဝင်တစ်ဦးကတော့ စက်တင်ဘာလ ၁၈ ရက်နေ့ ထန်တလန် တိုက်ပွဲညက မိမိတို့ CDF အဖွဲ့ဟာ မြို့ပြင်မှာသာ ရှိနေကြောင်းနဲ့ အိမ်များမီးလောင်ချိန်နဲ့ ဓမ္မအမှုဆောင်ဆရာသေဆုံးချိန်တွင်လည်း ထန်တလန် မြို့အတွင်း စစ်ကောင်စီတပ်သားတွေသာ ရှိနေကြောင်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေထန်တလန်မြို့မှ ဖမ်းဆီးမိတဲ့ လူငယ်တွေရဲ့ဖုန်းတွေကို သိမ်းဆည်းပြီးနောက် အဲ့ဒီလူငယ်တွေရဲ့ ဖေ့ဘုတ်စ်အကောင့်တွေကို အသုံးပြုပြီးချင်းလူမျိူးများကြား တောင်ပိုင်း မြောက်ပိုင်း သွေးခွဲခြင်းများ CDF များ မတိုက်ပါက မြို့ဟာ အေးချမ်းနေမှာဖြစ် ကြောင်း CDF ကြောင်း မြို့ပျက်နေရပြီ အစရှိသဖြင့် ကာယကံရှင် ခွင့်ပြုချက်မပါပဲ ရေးသားမှုများ ရှိနေကြောင်း မျက်မြင်တွေ့ရှိသူအချိူ့က ဆိုပါတယ်။

အခြားသူ တစ်ဦးရဲ့ ဓာတ်ပုံ၊နာမည် များအသုံးပြုပြီး ဓမ္မဆရာ သေဆုံးမှုအား CDF မှသတ်သည်ဆိုတဲ့ အကောင့်တုရဲ့ သတင်းအမှားကိုတော့ တပ်မတော် ထောက်ခံသူများစွာမှ ပြန်လည်မျှဝေခဲ့တာကို တွေ့ရပါတယ်။mizzima

« Older Entries