Monthly Archives: Sep 2021

ညောင်ဦးမြို့နယ်တွင် စစ်မှုထမ်းဟောင်း ၂ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာမှာနေထိုင်တဲ့ တပ်ထွက် ၂ ဦးဟာ ဒီကနေ့ စက်တင်ဘာ ၂၂ ရက်၊ နေ့လယ်ပိုင်း ညောင်ဦးလမ်း၊ အညာထန်းရည်ဆိုင်ရှေ့မှာ သေနတ်နဲ့ပစ်သတ်တာခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံလိုက်ရသူတွေဟာ ကိုဝင်းလှိုင်နဲ့ ကိုမျိုးစန်း တို့ဖြစ်ကြပြီး နှစ် ယောက်လုံးစစ်မှုထမ်းဟောင်းတွေဖြစ်ကြသလို  စစ်ကောင်စီရဲ့ဒလန်သတင်းပေးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

”သူတို့က စစ်ထွက်တွေ။ ပြီးတော့ စစ်တပ်ရဲ့သတင်းပေးဒလန်လုပ်နေတဲ့ကောင်တွေ သေတာပဲ ကောင်းတယ်။ နေရာမှပဲ ပွဲချင်းပြီးသေတာ” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

ကိုဝင်းလှိုင်နဲ့ ကိုမျိုးစန်း တို့ကို သေနတ်နဲ့ ၂ ချက်စီ ပစ်ပြီး သတ်လိုက်တာလို့  MGN TIGER အဖွဲ့ရဲ့တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။DVB

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ Mytelရုံး‌ ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်မှာရှိတဲ့ စစ်တပ်ပိုင်  Mytel ရုံးမှာ စက်တင်ဘာ ၂၂ ရက် ည ၇ နာရီဝန်းကျင်လောက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့  ‌မြို့ခံတစ်ယောက်က ပြောပါတယ်။

အင်ဂျင်ဒုံရပ်ကွက်နေ မြို့ခံတစ်ယောက်က ” ဗုံးကသုံးလုံး ဆက်တိုက်ပေါက်တာပါ။ ပထမတစ်လုံးက အကျယ်ကြီးပဲကြားလိုက်ရတယ်။ ကျမတို့တတွေ သစ်ပင်အောက်မှာထိုင်နေတုန်း ဖြစ်ပျက်သွားတော့ အရမ်းကြောက်မိပါတယ်”လို့ ပြောပြပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုနဲ့ လူတွေထိခိုက် ဒဏ်ရာရမှုရှိမရှိတော့ လတ်တလော မသိရသေးပါဘူး။

စစ်‌အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြစ်ကြီးနားမှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မြစ်ကြီးနားခရီးစဉ်အပြီး ရက်ပိုင်းအတွင်း Mytel ရုံးမှာ ဗုံးကွဲတာ ဖြစ်ပါတယ်။DVB

တော်လှန်ရေးပြီးလျှင် ပြန်လည်ထူထောင်ရေး အသေအချာလုပ်မည်ဟု NUG အာမခံကတိပေး

တော်လှန်ရေးပြီးလို့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ထူထောင်စဉ်ကာလအ တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သေသေချာချာပြန်လုပ်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အာမခံလိုက်ပါတယ်။

တော်လှန်ရေးမှာ ပြည်သူတွေရဲ့ ထိခိုက်နစ်နာခံရမှုတွေအတွက် စာနာဂုဏ်ယူခြင်း၊ မှတ်သားထားခြင်းများ ပြုလုပ်ထားတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကွန်ရက်စာ မျက်နှာကတဆင့် အသိပေးပါတယ်။

လက်ရှိကာလ ပြည်သူ့ခုခံတော်လှန်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှု တတ်နိုင်သမျှနည်းအောင် အထူးကြိုးပမ်းဆောင်ရွက်ကြပေမဲ့ အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံနဲ့ လက်နက်မဲ့ ပြည်သူများကို အကြမ်းဖက် လုယက်သတ်ဖြတ်ခြင်း၊ အိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးများနဲ့ လူနေအိမ်ရပ်ကွက်ကို ပစ်ခတ်ဖျက်ဆီးခြင်းများစတဲ့ လုပ်ရပ်မျိုးစုံကို ကျူးလွန်နေတာကိုလည်း သူက ထောက်ပြပါတယ်။

အဲလိုအဖြစ်အပျက်တွေအတွက် လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေကို ဝန်နဲ့အား မမျှတဲ့ကြားက ပြည်တွင်းပြည်ပရှိ ပြည်သူတွေရဲ့ အ ကူအညီနဲ့ ကိုယ်စွမ်းရှိသလောက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ဆက်လက်ပံ့ပိုးပေးနေတယ်လို့ ၀န်ကြီးက ဆိုပါတယ်။ 

ဒီလို ပဋိပက္ခဘေးတွေဟာ အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျမှသာ ရပ်တန့်သွားမှာ ဖြစ်လို့ တော်လှန်ရေးကို မြန်မြန်ပြီးဆုံးနိုင်အောင်လည်း ပြည်သူတွေနဲ့အတူတူ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်နေကြတယ်လို့ သူက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ရ ရက်နေ့ကပြီး နိုင်ငံတဝန်းအရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံစစ်ဆင်နွှဲကြဖို့ ပြည်သူလူထုနဲ့ လက်နက်ကိုင်အင် အားစုအားလုံးကို တိုက်တွန်းထားပါတယ်။DVB

စစ်တပ်၏ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် မစိုးမီမီကျော် အရက်ပျံသောက်၍ သေကြောင်းကြံသော်လည်း မသေဘဲ ဆေးရုံရောက်နေ

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သော မစိုးမီမီကျော်သည် စစ်တပ်၏ ညှဉ်း ပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်၍ အရက်ပျံသောက်၍ သေကြာင်းကြံသော်လည်း မသေဘဲ စစ်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် မသျှားပြည့်ခင်ကို online မှတစ်ဆင့် မုန့်ကို လိမ်ညာမှာယူခဲ့ပြီး ပြည်သူအသွင်ယူကာ ဖမ်းဆီးခဲ့ကြောင်း၊ သူမအား ခြိမ်းခြောက်ကာ ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်တို့ နေအိမ်ကို အတင်းအကျပ် ပြသစေခဲ့ပြီး ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်တို့ ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မသျှားပြည့်ခင်နှင့်အတူ အသက်မပြည့်သေးသည့် ကလေးတစ်ယောက်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ ၃ ဦးစလုံး စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းကြောင်း၊ ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင်တို့ကို စစ်ကြော မေးမြန်းပြီးနောက် မစိုးမီမီကျော်အား စာရင်းစာအုပ်များကို ပြကာ ရိုက်နှက်မေးမြန်းကြောင်း သိရှိရသည်။

မစိုးမီမီကျော်သည် အိမ်သာသွားစဉ် အရက်ပျံကို သောက်ကာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သော်လည်း မသေဆုံးဘဲ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ ကျန်းမာရေး အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။လတ်တလော ကိုစိုးပြည့်အောင်နှင့် မသျှားပြည့်ခင်တို့သည် ထားဝယ်မြို့မရဲစခန်းသို့ရောက်ရှိနေကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။khit thit

စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးတင်သွင်း ကုမ္ပဏီများအတွက် ဗဟိုဘဏ်က ဒေါ်လာရောင်းပေးဟုဆို

စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် အပတ်စဉ် လေလံခေါ်ယူပြီး  ဘဏ်ကနေတဆင့် နိုင်ငံခြားငွေရောင်းချပေးနေတယ်လို့   စစ်ကောင်စီ ဗဟိုဘဏ်က စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာလိုအပ်ချက်ရှိနေတဲ့ အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့်ဆေးဝါး ကဏ္ဍတွေအတွက် နိုင်ငံခြား ငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရှိတဲ့ ဘဏ်တွေကတဆင့် အပတ်စဉ် လေလံခေါ်ယူပြီး ရောင်းချပေးနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် စက်တင်ဘာ ၁၃ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၂၀ ရက်အထိ  အမေရိကန်ဒေါ်လာသန်း ၄၀ ရောင်းချပေးခဲ့တဲ့အကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာလည်း အမေရိကန်ဒေါ်လာ ၁၀ သန်းထပ်ရောင်းခဲ့ပါတယ်။ 

လေလံစျေးနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၇၅၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပြီး ဝယ်ယူခွင့်ရရှိတဲ့ဘဏ်တွေက  ကုမ္ပဏီတွေကို  ၁ ဒေါ်လာ မြန်မာငွေ ၁၇၅၃ ကျပ်နှုန်းနဲ့ ပြန်လည်ရောင်းချစေတယ်လို့ဆိုပါတယ်။

ဒီလိုရောင်းချရာမှာလည်း ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီမှ စိစစ်ပေးပို့လာတဲ့ ကုမ္ပဏီတွေကို  သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ရောင်းချပေးနိုင်ဖို့အတွက် ဒီကုမ္ပဏီတွေက စာရင်းဖွင့်ထားတဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရှိတဲ့ဘဏ်တွေဆီ တဆင့်ခံရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “ဗဟိုဘဏ်အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်း (Essential Goods) အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရောင်းချပေးတာက ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ မေးစရာရှိတာက တကယ်လိုအပ်တဲ့ သူတွေရဲ့လက်ထဲ ရောက်ရဲ့လားပေါ့။ ဘာလို့ဆို သူက ဘဏ်က တဆင့်ခံပြီး ရောင်းတာလေ။ ဟုတ်လား၊ ကဲကောင်းပြီ။ သူ့သတ်မှတ်ပေးတဲ့ နှုန်းနဲ့ ပြန်ရောင်းပေးရမယ်လို့ ပြောပေမဲ့  စျေးကွက်မှာရှိတဲ့ စျေးနှုန်းတွေက ဘာလို့ မကျတာလဲ။ အခု မြန်မာပြည်မှာ စားသုံးဆီနဲ့ ပတ်သက်ပြီး အများဆုံး တင်သွင်းနေတာ ဘယ်သူတွေလဲ။ စက်သုံးဆီကကော ဘယ်သူတွေလဲ ပြန်ကြည့်ပါ။ ဦးပိုင်နဲ့ ခရိုနီတွေပဲ ကြီးစိုးနေတာမဟုတ်လား။ ဘဏ်ပိုင်တဲ့သူတွေကကော ဒီလူတွေပဲ မဟုတ်လား”လို့ ပြောပါတယ်။

စီးပွားရေးသုတေသီတဦးကတော့ ခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေတာက လက်ပူတိုက်ဖြေရှင်းနေတဲ့ နည်းလမ်းဖြစ်လို့ အလုပ်မဖြစ်ဘူးလို့ သုံးသပ်ပြောပါတယ်။ 

 “ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေတာက လက်ပူတိုက်ဖြေရှင်းနေတဲ့ နည်းလမ်းပါ။ ဘယ်နိုင်ငံမှာမှ လုပ်လေ့မရှိပါဘူး။ ဒါက နိုင်ငံရဲ့ နိုင်ငံခြားအရံငွေကို လျော့ကျစေပါတယ်။ ရလဒ်က တိုင်းပြည်ရဲ့ ငွေ‌‌ကြေးတန်ဖိုးလျော့ကျစေတာပါ။ မလုပ်သင့်တဲ့ ရှေးကျတဲ့ နည်းလမ်းပါ။ ဘာမှ မထုတ်နိုင်ဘဲ သွင်းကုန်အားကိုးနေတဲ့ တိုင်းပြည်အနေနဲ့ ဒေါ်လာလိုအပ်ချက်က အမြဲရှိနေမှာပါ။ စက်သုံးဆီ စားသုံးဆီနဲ့ ဆေးဝါးက လိုအပ်ချက်အဖြစ်ရှိနေတော့ သွင်းကုန်တွေအတွက် နိုင်ငံခြားငွေက အမြဲလိုနေတဲ့အတွက် ဒေါ်လာတန်ဖိုးက ကျနေဖို့လိုပါတယ်။ ဒီနေရာမှာ ဗဟိုဘဏ်အနေနဲ့ Export Financing ကို ပို့ကုန်သမားအတွက်လုပ်ပေးနိုင်ရင် အုပ်ချုပ်သူအတွက်ကော နိုင်ငံအတွက်ကော မျက်နှာရစေပါတယ်။ ဒါကြောင့် ဗဟိုဘဏ်က  ပို့ကုန်သမားတွေအတွက် နှစ်ပတ်က‌‌နေ တလအထိ Financing လုပ်ပေးရင် Exporter တွေအတွက် Cash Cycle မြန်လာမယ်။ ဒီ့အတွက် ထိုက်သင့်တဲ့ အတိုးယူပေါ့။ သွင်းကုန်သမားတွေက ပို့ကုန်သမားတွေဆီက စျေးသက်သာစွာနဲ့ဝယ်နိုင်မှာ ဖြစ်လို့ စျေးကွက်ထဲကနေဝယ်နေရတဲ့ ဒေါ်လာလိုအပ်ချက် လျော့ကျပြီး exchange rate ကို stabilizing ပြန်ဖြစ်စေမှာပါ။”

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကတော့ စားသုံးဆီစျေးတည်ငြိမ်ဖို့အတွက်   ဆိုကာ  စျေးကွက်မှာလက်ကားစျေးတစ်ပိသာ ကို ကျပ် ၄၀၀၀အထက် ရှိနေတဲ့ စားအုန်းဆီကို ၃၇၀၀ ကျပ် နှုန်းနဲ့ ရောင်းချပေးမယ်လို့ စက်တင်ဘာ၂၁ ရက်နေ့က ကြညာခဲ့ပါတယ်။

အဆိုပါစျေးနဲ့ရောင်းချပေးမယ့် ပမာဏက သတ်မှတ်ချက်ရှိပြီး အမြတ် ၂ ရာခိုင်နှုန်းယူကာ စားသုံးသူထံသက်သာတဲ့နှုန်းနဲ့ ပြန်လည် ရောင်းချလိုသူတွေကို အသင်းရုံးကို ဆက်သွယ်ဝယ်ယူဖို့ လည်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ အိမ်သုံးဆေးဝါးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေရတာဖြစ်ပြီး တရားဝင်တင်သွင်းတဲ့ ပမာဏက  ပျှမ်းမျ တနှစ်ကို အမေရိကန်  ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိပါတယ်။

အလားတူ စက်သုံးဆီတင်သွင်းမှုကလည်း ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တန်ချိန် ၆ သန်းကျော်တင်သွင်းခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ရှိပါတယ်။

ပြည်တွင်းမှာ ဆီစားသုံးမှုပမာဏက တနှစ်ကို တန်ချိန် ၁၀ သိန်းကျော်ရှိတဲ့အနက် ပြည်တွင်းထုတ်လုပ်နိုင်မှုက တန်ချိန် ၄ သိန်းလောက်သာ ရှိတာကြောင့် နှစ်စဉ် စားသုံးဆီတန်ချိန် ၇ သိန်းခန့် တင်သွင်းနေရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိပါတယ်။

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ တန်ဖိုးအဆမတန်ကျဆင်းနေပြီး ပြည်ပသွင်းကုန်တွေစျေးတဟုန်ထိုးမြင့်တက်နေပါတယ်။

ဒီအထဲမှာ ပြည်ပကနေ ပုံမှန်တင်သွင်းနေတဲ့ စားသုံးဆီ စျေးနှုန်းတွေက ရှစ်လအတွင်း ၇၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး  စက်သုံးဆီစျေးနှုန်းက  ရှစ်လအတွင်း ရာခိုင်နှုန်း ၉၀ နီးပါး မြင့်တက်ခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၂ ရက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ငွေလဲကောင်တာတွေမှာ ဝယ်စျေး ၂၀၀၅ ကျပ် နဲ့ ရောင်းစျေး ၂၀၃၅ ကျပ် ရှိပြီး စက်သုံးစီ ဒီဇယ် ၁လီတာ ၁၂၀၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၁လီတာ ၁၂၂၀ ကျပ်၊ အောက်တိန်း(၉၂) ၁လီတာ ၁၂၁၅ ကျပ်၊ အောက်တိန်း(၉၅) ၁လီတာ ၁၂၅၅ ကျပ် ရှိပါတယ်။DVB

မြန်မာ့မီးရထားညွှန်မှူးအဖြစ် အရပ်သားပညာ ရှင်ကို အနားပေးပြီး စစ်ဘက်က ပြောင်းလာသူကို ခန့်အပ်

မြန်မာ့မီးရထား၊ ဦးဆောင်ညွန်ကြားရေးမှူးအဖြစ် သူရဦးအောင်မျိုးမြင့်ကို အစမ်းခန့်ထား လိုက်ကြောင်း စက်တင်ဘာ ၂၂ ရက် ဒီကနေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာ မှာဖော်ပြပါတယ်။

ဦးဆောင်ညွန်ကြားရေးမှူးအသစ်ဖြစ်လာတဲ့ သူရဦးအောင်မျိုးမြင့်မှာ စစ်တပ်ဘက်ကနေ ​​မြန်မာ မီးရထားဌာနသို့ ကူးပြောင်းရောက်ရှိလာတာကြာပြီလို့ သိရပါတယ်။

အရင် မြန်မာ့မီးရထားဦးဆောင်ညွန်ကြားရေးမှူးတာဝန်ကို အရပ်သားပညာရှင်ဦးဘမြင့်က တာဝန်ထမ်းဆောင်ခဲ့တာပါ။ 

ဦးဘမြင့်မတိုင်ခင် ဦးဆောင်ညွန်ကြားရေးမှူးတာဝန်ကို စစ်တပ်ဘက်က ရွှေ့ပြောင်းလာသူတွေ ကသာ ဆက်တိုက်တာဝန်ယူခဲ့ပြီး အခု စစ်အာဏာသိမ်းပြီးနောက် တပ်ဖက်က ကူးပြောင်းလာသူ တစ်ဦး ပြန်လည်ခန့်အပ်တာလို့  အရပ်သား ရထားဝန်ထမ်း တချို့က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီး မကြာခင် အာဏာသိမ်းစစ်ခေါင်းဆောင်မှ ရထားစီးနင်းစစ်ဆေးစဥ် ဦးဘမြင့်က ရိုကျိုးတဲ့ အမူအရာနဲ့ ဆက်ဆံရှင်း​ပြ​နေတဲ့ပုံတွေ လူမူကွန်ရက်မှာ ထွက်လာပြီးနောက် ရထားဝန်ထမ်း အသိုင်းအဝိုင်းအကြား ဝေဖန်တာတွေ အပြင်းအထန်ထွက်ပေါ်ခဲ့ပါတယ်။ 

အဲဒီ့နောက် ဦးဘမြင့်မှာ လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့ပြီး အခုရာထူးအပြောင်းအလဲမှာ ပင်စင်ယူသွားတာကြောင့်ဖြစ်တယ်လို့ ရထားအရာရှိတစ်ဦးက ဆိုပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ နိုင်ငံတဝန်းလှည့်လည်ပြီး  မြေအောက်ရထားတွေ၊ လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့  တစိုက်မတ်မတ် ကြွားဝါပြောဆိုနေပြီးနောက် ခုလို ရထားဌာနအကြီးအကဲ အပြောင်းအလဲရှိလာတာ ဖြစ်ပါတယ်။DVB

အင်းစိန်လမ်းမ ဆင်ရေတွင်းမှတ်တိုင်အနီး စစ်ကားဖြတ်ချိန် ဗုံးပေါက်ပြီး ပစ်ခတ်သံများထွက်ပေါ်

အင်းစိန်လမ်းမ ဆင်ရေတွင်းမှတ်တိုင်အနီး စစ်ကားဖြတ်ချိန် ဗုံးပေါက်ကွဲပြီး ပစ်ခတ်သံများထွက်ပေါ်လာကြောင်း ကမာရွတ်မြို့နယ်တွင် နေ ထိုင်သူအချို့က ပြောသည်။

ည ၇ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို မသိရသေးပေ။” စစ်ကားက အဲ့ဒီမှတ်တိုင်နားလောက်အရောက်မှာ ထပေါက်တာ။ ပေါက်တဲ့အသံတော်တော်ကျယ်တယ်။ ပေါက်ပြီးသိပ်မကြာဘူး သေနတ်သံတွေ ထွက်လာတယ်။ အတွဲလိုက်ပစ်တဲ့အသံပဲ” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦးကပြောသည်။

လက်ရှိတွင် အင်းစိန်လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ မော်တော်ယာဥ်များနှင့် လှည့်လည်နေပြီး အချို့မှာ အိမ်စီးကားများကို အသုံးပြုနေသည်ကို တွေ့ရသည်ဟု ဒေသခံများကဆိုသည်။” မီးတန်းကားတွေ DC ကားတွေနဲ့တင်မကဘူး။ အိမ်စီးကားတွေ ပါလာတာတွေ့တယ်။ အထဲမှာက အဲ့ကောင်တွေပါလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။mizzima

မော်လမြိုင်တွင် မီတာခသတ်မှတ်ရက် မပေးဆောင်ပါက မီးဖြတ်မည်ဟု စစ်ကောင်စီ ခြိမ်း ခြောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ အာဏာသိမ်း စစ်ကောင်စီက မီတာခ တောင်းခံလွှာတွေ လိုက်လံပေးနေပြီး သတ်မှတ်ရက် မီတာမဆောင်ပါက မီးဖြတ်မယ်လို့ ခြိမ်းခြောက်နေကြောင်း  မြို့ခံတွေက ဒီဗွီဘီကို  ပြောပါတယ်။

မော်လမြိုင်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်တင်ဘာ တတိယအပတ်ကစပြီး မီတာခတွေ ပေးဆောင်ဖို့ မီတာဘေစာရွက်တွေ လိုက် လံဖြန့်ဝေနေတာ ဖြစ်ပါတယ်။

မီတာခတွေကို သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ သွားရောက် အခွန်ဆောင်ကြဖို့နဲ့ သတ်မှတ်ရက် အတွင်း မပေးရင် မီးဖြတ်မယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ခြိမ်းခြောက်ပြီး မီတာခတောင်းခံတာကြောင့် ပြည်သူတချို့ သွားရောက် အခွန်ပေးသွင်းနေကြတယ်လို့  ဒေသခံတစ်ဦးက  ပြောပါတယ်။

မီတာခအတွက် စစ်ကောင်စီက ရပ်ကွက်တချို့မှာ ၅ လစာ ပေးသွင်းဖို့နဲ့ တချို့ရပ်ကွက်တွေမှာ တော့ ၆ လစာပေးသွင်းကြဖို့ တောင်းခံလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်မီတာဝန်ထမ်းတွေဟာ မီတာလာမဖတ်ဘဲ မီတာစာရွက်တွေ လာပေးနေတာဖြစ်ပြီး၊ အရင်ကသုံးတဲ့ မီတာယူနစ်ထက်ပိုမို များပြားနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ မော်လမြိုင်မှာတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ပြုလုပ်ပြီး အခွန်ရှာနေ သလို အခုအခါမှာတော့ လျှပ်စစ်မီတာခတွေက အခွန်ရဖို့ ကြိုးပမ်းလာတာပါ။

အိမ်သုံးမီတာခတွေကို ကိုဗစ်ကာလ စားဝတ်နေရေ အခက်ကြုံနေတဲ့ ပြည်သူတွေအတွက် အန်အယ်လ်ဒီအစိုးရလက်ထက်က မီတာယူနစ်ပေါ်လိုက်ပြီး သက်သာ၊ ကင်းလွတ်ခွင့်ပြုခဲ့သလို  အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကင်းလွတ်ခွင့်ပေးတဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ကြေညာထားပါတယ်။DVB

« Older Entries