Monthly Archives: Sep 2021

မန္တလေး စိန်ပန်းရပ်က အမျိုးသား ၁ ဦး စစ် တပ်က ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၉၁ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားမှာ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၃ နာရီကျော်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အမျိုးသား တယောက် ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင်ရှိ ကိုရဲရင့်ဖြစ်ပြီး  ခံဝန်နဲ့နေထိုင်သူဖြစ်ကာ စစ်ကောင်စီတပ်သားတွေက ထွက်ပြေးတယ်ဆိုပြီး ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတာလို့ စိန်ပန်းရပ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

“ခံဝန်နဲ့ ဟာကို လာဖမ်းတာ။ ဖမ်းတဲ့အချိန် ကွမ်းထွေးတာကို ထွက်ပြေးတယ်ဆိုပြီး ပစ်တယ်။ ခေါင်းနဲ့ နောက်ကြောကို မှန်ပြီး သေသွားတာ။” 

သေဆုံးသူကို မဟာလူမှုကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကြီးကို ပို့လိုက်တယ်လို့ သိရပါတယ်။DVB

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူးတို့တွင် စစ်ဆင်ရေးများ တိုးမြှင့်လုပ်မည်ဟု MLF ကြေညာ

ရန်ကုန် ၊ မန္တလေး၊ နေပြည်တော်နှင့် ပဲခူး စသည့် မြို့ကြီး ‌လေးမြို့တွင် စစ်ဆင်ရေးများ တိုးမြှင့်ပြုလုပ်မည်ဖြစ်သောကြောင့် ပြည်သူများအနေ ဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ ထောက်တိုင်များအား လုံးဝမပတ်သက်ဘဲ ရှောင်ကြဉ်ကြရန် မြန်မာ့လွတ်မြောက်ရေးတပ်ဖွဲ့ (MLF) အဖွဲ့က ယ နေ့ စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။

အထက်ပါ မြို့ကြီးများရှိ စစ်ကောင်စီ၏ အကျိုးစီးပွားများနှင့် ၎င်းတို့နှင့် ဆက်နွှယ်သည့် ထောက်တိုင်များ ၊ အနိုင်ကျင့်၍ဓားပြမှုများ ကျူး လွန်နေသော လမ်းတံတားဂိတ်များ အားလုံးတို့ကို MLFမှ တော်လှန်ရေး ထပ်ဆင့်မြှင့်သည့်အ‌နေဖြင့် မဟာမိတ်များနှင့်အတူ ပစ်မှတ်ထား တိုက်ခိုက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

” အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်မှုတွေ၊ မသက်ဆိုင်သူတွေကို စွပ်စွဲရမ်းကားမှုတွေ၊ မီးရှို့ ဖျက်ဆီးမှုတွေ အဲဒါတွေကို တုံ့ပြန်တဲ့အနေနဲ့ မြို့ပြ‌ပြောက်ကျားစစ်ဆင်ရေးကို အရှိန်မြှင့် လုပ်ဆောင်သွားတော့မှာပါ” ဟု MLFမှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြော သည်။

အဆိုပါအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မတ်လနှောင်းပိုင်းမှ စတင်ကာ မြို့ပြ ပြောက်ကျားနှင့် စစ်အာဏာရှင်တော်လှန်ရေး ရေချိန်မြှင့်တင်ရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများကို တစ်စိုက်မတ်မတ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။mizzima

ရေးမြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေ အိမ် ဗုံးခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နေအိမ် စက်တင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင် နေအိမ်ကို အမည်မသိ ဆိုင်ကယ်သမား ၂ ဦးက လက်ပစ်ဗုံး ပစ်သွင်းခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘဲ နေအိမ်ခြံစည်းရိုးသာ ထိခိုက်ပျက်စီးခဲ့တာပါ။

အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးခွဲတိုက်ခိုက်တာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ထုတ်ပြန်ပါတယ်။

အုပ်ချုပ်ရေးမှူးအနေနဲ့ စစ်ကောင်စီရဲ့ ခိုင်းတာတွေ ဆက်လုပ်မယ်ဆိုရင် မိသားစုဝင်တွေကိုလည်း အမြစ်ပါမကျန် ခြေမှုန်းတိုက်ခိုက်သွားမယ်လို့ YSTF က ဆိုပါတယ်။

ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်က ရေးမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့သလို ရဲတပ်သား တစ်ဦးကိုလည်း သုတ်သင်ထားပါတယ်။DVB

စစ်ကောင်စီက ၎င်းတို့ ဖမ်းထားသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်အား ဖုန်းဆက်ခိုင်းပြီး ကျန်အဖွဲ့ဝင်များကို ထောင်ချောက်ဆင်ဖမ်း ဆီးနေ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ ဖမ်းဆီးထားသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုမျိုးဆိုသူကို ဖုန်းဆက်ခိုင်းပြီး ကျန်လွတ်မြောက်နေသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ(PDF) နှင့် PDF များအား ကူညီနေသူများကို ထောင်ချောက်ဆင်ဖမ်းနေကြောင်းသိရသည်။

ကိုမျိုး အသုံးပြုသည့် ဖုန်းမှာ MPT အမျိုးအစား 09 457 699 228 ဖြစ်ပြီး ထိုဖုန်းကိုမဆက်သွယ်ကြရန်နှင့် ထိုဖုန်းဖြင့်ဆက်သွယ်လာပါက ဖုန်းလက်ခံမပြောကြရန် မြို့ပြ‌ပြောက်ကျားတပ်ဖွဲ့ဝင်များက ပြောသည်။

“စစ်ခွေးတွေက သူနဲ့ရင်းနှီးတဲ့သူတွေ၊ သူကိုကူညီနေတဲ့သူတွေဖုန်းခေါ်တယ်။ ပြီးတော့ ဘယ်နေရာမှာ လာတွေ့ပါ။ ဘာလုပ်ပေးပါဆိုပြီး ကိုမျိုးကို ပြောခိုင်းတယ်။ ပြီးတော့ လာတွေ့ရင် စစ်ခွေးတွေက ဝိုင်းဖမ်းတယ် ။ အခုလောလောဆယ် ကန်ကြီးထောင့်မြို့က နှစ်ယောက်နဲ့ ငပုတောမြို့က တစ်ယောက်ကိုတော့ အဲဒီလိုဖုန်းဆက်ခေါ်ပြီး ထောင်ချောက်ဆင်ဖမ်းသွားပြီ”ဟု PDF အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ‌

ကိုမျိုးသည် ရခိုင်ပြည်နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး များပြုလုပ်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ မြို့ပြပြောက်ကျားများကို လာရောက်ကူညီနေသူတစ်ဦးဖြစ်သည်ဟု ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ကိုမျိုးသည် ဧရာဝ တီတိုင်း၊သာပေါင်းမြို့နယ် ၊သဲဖြူကျေးရွာအနီးတွင် စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကိုခံခဲ့ရသည်။mizzima

ရခိုင်ကျောင်းသား ၄ ဦး၏ အယူခံကို ခရိုင်တ ရားရုံး ပယ်ချ 

ပုဒ်မ ၂ ခုဖြင့် ထောင်ချခံထားရသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦးအမှုကို ယမန်နေ့ (စက်တင်ဘာ ၂၃) တွင် အယူခံဝင်လျှောက်လဲချက် တင်ခဲ့ရာ စစ်တွေခရိုင်တရားရုံးက ပယ်ချခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။

“ခရိုင်တရားသူကြီးက လျှောက်လဲချက်ပေးခိုင်းတယ်။ ဘာကြောင့် အယူခံတင်သလဲဆိုတာကို လျှောက်လဲချက်ပေးပြီးပြီးချင်းပဲ ဒီအမှုကို ပယ်လိုက်တယ်ဆိုပြီး အမိန့်ချတယ်” ဟု ကျောင်းသား ၄ ဦး ဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

၂၀၂၀၊ အောက်တိုဘာ ၁၉ တွင် စစ်တွေမြို့၌ စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဖြင့် ကျောင်းသား ၄ ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုပြီး အမြင့်ဆုံးပြစ် ဒဏ်ချမှတ်ခြင်းသည် ဥပဒေအရ မှားယွင်းခြင်းဖြစ်ကြောင်း၊ အယူခံတက်ခြင်းကို ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ခြင်းသည် ဥပဒေရှုထောင့်အရ မှားယွင်းနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ဝေဖန်သည်။

“၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ အရ ဆိုလို့ရှိရင် ၁၉ ရက်၊ ၁၀ လ၊၂၀၂၀ နေ့ ပြုလုပ်မှုတစ်ခုအပေါ်မှာ ၅၀၅ (ခ) အရ တစ်မှု၊ ဘေးစီမံ ၂၉ နဲ့ တစ်မှု ၂ မှုဖွင့်ပြီးတော့၂ မှုလုံးကို အပြစ်ပေးတယ်။ ၂ နှစ်အမြင့်ဆုံးပြစ်ဒဏ်တစ်ခု၊ ၆ လအမြင့်ဆုံးပြစ် ဒဏ်တစ်ခု နှစ်ခုပေးတယ်။ ဥပဒေရှုထောင့်အရဆိုရင် ပြုလုပ်မှုတစ်ခုတည်းအပေါ်မှာ ပြစ်ဒဏ် နှစ်ခုပေးတာဟာ ဥပဒေအရ မှားယွင်းတယ်။ ဒါကြောင့် ခရိုင်တရားရုံးက ဒါကို လက်မခံဘဲနဲ့ ပယ်လိုက်တာဟာ ဥပဒေရှုထောင့်အရ မှားတယ်လို့ ရှေ့နေအမြင်နဲ့ သုံးသပ်ပါတယ်”ဟု ၎င်းက ပြောသည်။

အယူခံကို စစ်တွေခရိုင်တရားရုံးက ပယ်ချလိုက်သည့်အတွက် အထက်ရုံးသို့ အယူခံတက်ရန် ပြင်ဆင်ထားကြောင်း ရှေ့နေက ဆက်ပြော သည်။

“ရခိုင်ပြည်နယ်တရားလွှတ်တော်ကို တက်လို့ရသေးတယ်။ တက်ဖို့အတွက်လည်း မိတ္တူကူးထားတာ ရှိတယ်။ ကျောင်းသားတွေလည်း ဆန္ဒရှိရင် တက်မယ်”ဟု ရှေ့နေ ဦးကျော်ညွန့်မောင်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ တွင် ရခိုင်တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို စစ်တွေခရိုင်တရားရုံးမှ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၊ ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။  

ရခိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး အင်တာနက်ဖြတ်တောက်ခံထားရချိန် ၂၀၂၀ အောက်တိုဘာ ၁၉ က စစ်တွေမြို့၌ ကျောင်းသားများဦးဆောင် ၍ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ” စသည့်အချက်များကို တောင်းဆိုဆန္ဒပြရာ ယင်းနေ့ကတည်းက ကျောင်းသား ၄ ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၁၁ လကျော်ကြာ ထောင်အချုပ်အတွင်းမှ အမှုရင်ဆိုင်ခဲ့ရသည်။

ကျေင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်လိုက်ခြင်းအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ရခိုင်အမျိုးသားပါတီ၏ လူငယ်ကော်မတီက စက်တင်ဘာ ၁၆ တွင် ထုတ်ပြန်ထားသည်။

အလားတူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကလည်း ပွင့်လင်းမြင်သာမှုမရှိသော တရားခွင်မှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်းနှင့် ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြောင်း စက်တင်ဘာ ၁၈ တွင် ထုတ်ပြန်ခဲ့သည်။

” ပြည်သူဘက်မှ ရပ်တည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြ သည့် ကျောင်းသားများအား မတရားဖမ်းဆီးခြင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်းသည် အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်းနှင့် အဆိုပါ ကျောင်းသားလေးဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန်” တောင်းဆိုခဲ့သည်။myanmar now

ထိုင်းနိုင်ငံမှ ပြန်လာသည့် ရွေ့ပြောင်းလုပ် သားများကို မြန်မာဘက်က ထပ်တိုးလက်ခံမည်

ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းနိုင်ငံမှပြန်လာတဲ့ ရွေ့ပြောင်းမြန်မာလုပ်သားတွေကို  မြန်မာဘက်က  စက်တင်ဘာလ ၂၄ ရက်ကစပြီး  ထပ်တိုးလက်ခံသွားမယ်လို့သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်က ကျား ၁၂၅ ယောက်၊  မ ၁၃၉ ယောက် စုစုပေါင်း ၂၉၁ ယောက် လက်ခံခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ အယောက် ၅၀၀ အထိ တိုးမြှင့်လက်ခံသွားမယ်လို့ မြန်မာဌာနဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်ရောဂါအခြေအနေကြောင့် ဖြတ်သန်းသွားရာမှာ အခက်ခဲများစွာ ကြုံတွေ့နေရတဲ့ နောက်ပိုင်း နယ်ခြားသွားလာခွင့်ကို မြန်မာဘက်ကရော ထိုင်းဘက်ကပါလုံခြုံရေးတင်းကျပ်ပြီး ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားတွေ နေရပ်ပြန်ရာမှာ အခက်ခဲရှိခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ တစ်ရက်လျှင် ထောင်ဂဏန်းအထိ နေရပ်ပြန်လာကြပြီး ၂၀၂၁ ခုနှစ်မှာတော့ အယောက်၂၀၀ ဦးထက်မနည်း တစ်ရက်ခြား  ပြန်လည် လက်ခံခဲ့ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ဝင်ခွင့်မပေးဘဲ  ယာယီပိတ်ခဲ့တာလည်း ရှိပါတယ်။ 

ယာယီပိတ်ပြီးနောက် သြဂုတ် ၁ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးရာ တစ်ရက်ခြား အယောက်၂၀၀  ဝန်းကျင်လက်ခံခဲ့ပါတယ်။DVB

စစ်ကောင်စီတပ်အတွက် တပ်သားသစ်များရောက်

လှည်းကူးအခြေစိုက် အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ တပ်သားသစ်များရောက်ရှိလာကြောင်း မျက်မြင်သက်သေတစ်ဦးက မဇ္ဈိမကို ပြောသည်။“ ဖောကားအကြီးလေးစီးနဲ့ လာပို့သွားတာ။ အားလုံး လည်ဂတုံး၊ အင်္ကျီအဖြူ တွေ ဝတ်ထားတယ်။

စစ်ကားတစ်ကားမှာ အယောက် ၂၅၊ ၃၀ ရှိတယ်။ အသက်ကလည်း လူငယ်အရွယ်တွေပဲ ” ဟု ကိုယ်တိုင်မြင်တွေ့ရသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းပထမဆုံးပြန်တွေ့ရသော စစ်သင်တန်းကျောင်း လည်ပတ်မှုဖြစ်ကာ သင်တန်းကာလမှာ လေးလဖြစ်သည်ဟု သိရသည်။လေ့ကျင့်ရေးကွင်း ကလည်း သေနတ်နှင့် လက်နက်ကြီးပစ်သံများ ပြန်ကြား လာရကြောင်း ဒေသခံများကပြောသည်။mizzima

ဧရာဝတီတိုင်းအတွက် ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော် စစ်ကောင်စီ အစားထိုးခန့်အပ်

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန် CDM မှာပါဝင်ခဲ့ပြီး အလုပ်ထုတ်ပယ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ လူ ၃၃၄ ဦးကို အကြမ်းဖက်စစ်ကောင်စီက အစားထိုး ခန့်အပ်လိုက်ပါတယ်။

ဧရာဝတီတိုင်းအတွက် အသစ်ခန့်အပ်လိုက်တဲ့ ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂) ၃၃၄ ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ အောင်စာရင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး အောက်တိုဘာလက စတင်ကာ အစားထိုးခန့်အပ်သွားမှာဖြစ်တယ်လို့ CDM ဝန်ထမ်း ၁ ဦးကပြောပါတယ်။

” ဒီအချိန်မှာ ရိုင်းရိုင်းပြောရရင် ခွေးတိုးပေါက်က ဝင်လာကြတာပေါ့။ အဓိကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့အရေးကြီးပါတယ်။ စစ်အာဏာရှင် အုပ်ချုပ်တာ လက်မခံနိုင်လို့ ဒီလမ်းရွေးခဲ့တာ နောင်တ မရပါဘူး အမြဲဂုဏ်ယူနေမှာပါ”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်လို့ အလုပ်ထုတ်ပယ်ခံရပြီး အလုပ်လက်မဲ့ဖြစ်နေပေမယ့် ပြည်သူတွေအပေါ် လိပ်ပြာသန့်သန့်ဆက်ဆံနိုင်တာကြောင့် ဝမ်းသာရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွက် အစားထိုးခန့်အပ်လိုက်တယ် ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂) ၃၃၄ ဦးမှာ တိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်က စစ်တပ်ထောက်ခံသူ မိသားစုအသိုင်းဝိုင်းက လူတွေဖြစ်တယ်လို့ သိရပါတယ်။DVB

အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း ကဆုန်စိုင်းတက်နေ

အတက်အကျ အနိမ့်အမြင့်ရှိသည့် အထွေထွေကုန်ဈေးနှုန်းမှာ အာဏာသိမ်းပြီးနောက် အတက်ကြမ်းနေပြီး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် အရှိန်အဟုန်ပြင်းပြင်းရိုက်ခတ်ခံနေရသည်။

ငွေကြေးတတ်နိုင်သူများလက်လှမ်းမီသည့် ရွှေမှအစ အခြေခံစားသောက်ကုန်အထိ ဈေးတက်နေခြင်း ဖြစ်ပြီး ဆင်းရဲနွမ်းပါးသောအိမ်ထောင်စုများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အကြီးအကျယ် ခါးစည်းခံနေရသည်။

ဓာတ်ဆီနှင့် ဒီဇယ်ဈေးတက်သည့်အပြင် အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုကြောင့် သွင်းကုန်ကို မှီခိုရသည့် မြန်မာနိုင်ငံတွင် အစစအရာရာဈေးကြီးလာပြီး ဆိုင်ရှေ့မရပ်ဝံ့သည်အထိ တစ်နေ့တခြား ဈေးတက်နေကြောင်း ဈေးဝယ်သူများက ဆိုကြသည်။

အခြားတစ်ဖက်တွင်မူ ကိုဗစ်နိုင်တင်း(Covid-19) နှင့် အာဏာသိမ်းမှု ဂြိုဟ်ဆိုးနှစ်ခု ဝင်မွှေခံရသောကြောင့် စီးပွားရေးယိုယွင်းလာနေပြီး ဝင်ငွေလည်း ထိခိုက်နေကြသည်။ 

အခြေခံစားသောက်ကုန်များ

စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်၍ စားနပ်ရိက္ခာ မရှားပါးကြောင်း စစ်ကောင်စီက ကြွားလုံးထုတ်လေ့ရှိသော်လည်း အာဏာသိမ်းပြီး ၈ လနီးပါးကြာမြင့်ချိန်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အချို့မှုန့်တို့ ဈေးကြီးလာသည်။

စစ်အာဏာမသိမ်းမီက ပေါ်ဆန်းမွှေးတစ်အိတ် (၁၀၈ ပေါင်) လျှင် ကျပ် ၅၀,၀၀၀ ကျော်ဖြင့် ဝယ်နိုင်သော်လည်း ယခုအခါ ၆၀,၀၀၀ မှ ၇၀,၀၀၀ ကျပ်အထိ၊ ဟင်းရွက်ဆီ ၅ လီတာတစ်ဗူးကို ၉,၅၀၀ ကျပ်မှ ၁၃,၅၀၀ ကျပ်အထိ တက်သွားကြောင်း ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှ အသက် ၃၀ အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။

“ဝင်ငွေမရှိတဲ့အတွက် မလောက်ငတာတော့ သေချာတယ်။ အဲဒီတော့ အရင်လို များများစားစားဝယ်ပြီး မိသားစုအတွက် ချက်ပြုတ်လို့တော့ မဖြစ်နိုင်ဘူးလေ။ သေချာတာကတော့ မိုးဖိုချောင်ကုန်ကျစရိတ်က အရင်ကထက် သိသိသာသာများလာပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ စည်းစနစ်မကျသည့် အုပ်ချုပ်ရေးယန္တရားနှင့် အာဏာထိန်းချုပ်မှုအခြေအနေကြောင့် အခြေခံကုန်ဈေးနှုန်း ဝရုန်းသုန်းကားဖြစ်လာပြီး အချိန်ကြာလာလျှင် ဝင်ငွေမရှိသည့် မိသားစုများအတွက် ပိုစိတ်ပူစရာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာတွင် စားသုံးမှုများသည့် စားအုန်းဆီကို ပြည်ပမှ တင်သွင်းရပြီး အာဏာမသိမ်းမီ ဇန်နဝါရီ ၂၈ တွင် လက်လီပုံး ဆွဲဈေး ၂,၄၄၅ ကျပ်ရှိသော်လည်း စက်တင်ဘာ ၂၀ တွင် ၄,၁၂၀ ကျပ်ရှိလာကြောင်း မြန်မာနိုင်ငံ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စာရင်းများတွင် တွေ့ရသည်။

ကုန်ဈေးနှုန်းတည်ငြိမ်ရေးဟုဆိုကာ အသင်းအဖွဲ့များဦးစီး၍ ဆန်၊ ဆီနှင့် ဆေးဝါးများကို ရောင်းချသော်လည်း ကျယ်ကျယ်ပြန့်ပြန်မရှိသေးပေ။ အဆိုပါကုန်ပစ္စည်းတင်သွင်းသူများလိုအပ်သည့် ဒေါ်လာများကို ဗဟိုဘဏ်က ဦးစားပေးရောင်းချပေးနေသည်။

အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာပြီး ရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ ကိုဗစ်နိုင်တင်းနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် ၆ လအတွင်း(အောက်တိုဘာလအတွင်း) မြန်မာနိုင်ငံမှ လူဦးရေ ၃ ဒသမ ၄ သန်းကျော် ငတ်မွတ်နိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) က ဧပြီ ၂၂ တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ဆင်းရဲနွမ်းပါးသူတွေဟာ အလုပ်အကိုင်တွေဆုံးရှုံးနေကြပြီး ထမင်းဟင်း ဝယ်ခြမ်းစားသောက်ဖို့ မတတ်နိုင်တော့တဲ့အခြေအနေ ဖြစ်နေပါတယ်” WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ထုတ်ပြန်ချက်တွင်ပြောသည်။

ထို့ကြောင့် စားနပ်ရိက္ခာအကူအညီများတိုးမြှင့်ပေးသွားမည်ဟု WFP က ကတိပြုခဲ့ပြီး ဇူလိုင်အတွင်းက ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ လူပေါင်းသုံးသိန်းကျော်ကို အစားအစာများ ထောက်ပံ့ခဲ့သည်။

ကုန်ဈေးနှုန်းတက်ကြောင်း အိမ်ရှင်မများက ညည်းတွားနေသော်လည်း စားသောက်ကုန်ထုတ်လုပ်ရေးကို ကြိုးစားဆောင်ရွက်နေသဖြင့် ကုန်ဈေးနှုန်းမြင့်မားစွာ မတက်ဟု စက်တင်ဘာ ၆ ၌ ပြုလုပ်သော ကိုဗစ်ဆိုင်ရာ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုသည်။ 

ပင်မြင့်စံ ဒေါ်လာနှင့် ရွှေဈေး

အာဏာမသိမ်းမီ ဇန်နဝါရီက တစ်ဒေါ်လာ ၁,၃၃၇ ကျပ်ရှိသော်လည်း စက်တင်ဘာ ၂၄ တွင် ၂,၁၀၀ ကျပ် ရှိရာ တစ်ဒေါ်လာလျှင် ၇၆၃ ကျပ်တက်လာပြီး ကျပ်ငွေတန်ဖိုးသည် ၈ လအတွင်း ၅၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြည်တွင်းငွေလဲကောင်တာများ၏ ငွေလဲလှယ်နှုန်းထားများအရ သိရသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းလာပြီး အမေရိကန်ဒေါ်လာ စုဆောင်းသဖြင့် ဒေါ်လာဈေး မကြုံစဖူးမြင့်တက်လာကြောင်း မန္တလေးမြို့မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ကျပ်ငွေ ယုံကြည်မှု တည်ဆောက်နိုင်မှုအားနည်းတာပေါ့။ ဒါပါပဲ။ ကုန်ဈေးနှုန်းတက်တာတွေကတော့ ဒေါ်လာနဲ့သွင်းတဲ့ဟာတွေက ဒေါ်လာနဲ့တွက်ပြီး ရောင်းကြတာပေါ့။ တချို့လည်း သွင်းပြီးသား၊ တချို့လည်း သွင်းဆဲပေါ့။ အဲ့ဒီပေါ်မှာ ဒေါ်လာဈေးနဲ့ ကောက်မြှောက်ပြီး ဈေးဖွင့်ကြတာ” ဟု ၎င်းက ရှင်းပြသည်။

ဒေါ်လာဈေးတက်မှုကို ထိန်းသိမ်းရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က (စက်တင်ဘာ ၁၅ ထိ) ဒေါ်လာ ၁၄၄ ဒသမ ၈ သန်းကို ဈေးကွက်အတွင်း ရောင်းချခဲ့သော်လည်း အမှန်တကယ်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သောကြောင့် ဆင့်ပါးစပ်နှမ်းပက်ရုံသာရှိကြောင်း ကုန်သည်များက ဆိုသည်။ 

အခြားတစ်ဖက်တွင် ဒေါ်လာဈေးထိန်းချုပ်ရန် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ရောင်းဝယ်ရန်သတ်မှတ်ချက်မှာလည်း မှောင်ခိုရောင်းဝယ်မှုကို အားပေးရာရောက်စေသောကြောင့် ဖျက်သိမ်းပစ်လိုက်ရသည်။

ပို့ကုန်ရပ်ဆိုင်းနေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းတို့ကြောင့် ဒေါ်လာစီးဝင်မှု အားနည်းသော်လည်း စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများကို ဒေါ်လာဖြင့် ဝယ်ယူရသောကြောင့် ဒေါ်လာလိုအပ်ချက်မြင့်မားကာ ဈေးတက်လာကြောင်း ကုန်သည်များက ယူဆသည်။

ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ မြန်မာရွှေဈေးမြင့်တက်လာရာ ဇန်နဝါရီ၌ အခေါက်ရွှေတစ်ကျပ်သား ၁၃ သိန်းကျော်သာရှိပြီး စက်တင်ဘာ ၂၄ တွင် ၁၉ သိန်းကျော်ရှိသဖြင့် ၄၅ ရာခိုင်နှုန်းကျော် ဈေးတက်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“လူထုက စုတာအတွက်ပဲ ဝယ်တဲ့အတွက် ရွှေဈေးပြန်ကျသွားရင် ဒါက အရှုံးပေါ်နိုင်ပါတယ်။ အခုချိန်ကတော့ စုမယ့်လူ မဝယ်သင့်သေးဘူး” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က Myanmar Now ကို ပြောသည်။

ရန်ကုန်တွင် ရွှေဈေးမြင့်တက်နေခြင်းဖြစ်ပြီး ရွှေတူးဖော်သည့်နေရာများတွင် ၁၃ သိန်းဝန်းကျင်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးပြန်ပွင့်ပါက ရွှေအဝင်များပြီး ဈေးပြန်ကျနိုင်ကြောင်း ၎င်းက ဆိုသည်။

ရွှေဈေးတက်ခြင်းကြောင့် ယခင်က ၇ သိန်း၊ ၈ သိန်းဖြင့် ဝယ်ယူထားသူများမှာ အမြတ်အစွန်းကြီးကြီးဖြင့် ပြန်လည်ရောင်းချနိုင်သော်လည်း ဈေးကွက်ထဲတွင် အမှန်တကယ်အရောင်းအဝယ်ဖြစ်မှု နည်းပါးကြောင်း၊ ရွှေဈေးမှာ နိုင်ငံရေးတည်ငြိမ်ပါက ဈေးပြန်အေးနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

အားလုံးကို ထိသည့် စက်သုံးဆီဈေး

အာဏာမသိမ်းမီ ဓာတ်ဆီ(92) တစ်လီတာ ၅၈၅ ကျပ်ရှိသော်လည် စက်တင်ဘာလလယ်တွင် ၁,၁၆၀ ကျပ် ရှိလာကာ ၉၈ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။ 

ခေတ်မကောင်းသဖြင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းနေပြီး ဆီဈေးမြင့်တက်မှုကြောင့် တက္ကစီယာဉ်မောင်းများ၊ ကားဖြင့် ကုန်စည်ပို့သူများ တွက်ချေမကိုက်ဖြစ်နေကြောင်း ရန်ကုန်မြို့မှ ကားဖြင့် ကုန်ပစ္စည်းပို့ဆောင်ပေးနေသည့် အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ဆိုသည်။

“အရင်တုန်းကဆိုရင် လေးကြောင်း၊ ငါးကြောင်းလောက်အထိ ပို့ရတယ်။ အခုကတော့ မပို့ရတဲ့နေ့တွေလည်း ရှိတယ်။ ပို့ရရင်တော့ တစ်ကြောင်းလောက်ပဲ ရှိတယ်။ အဲ့ဒီမှာတင် အသွားအပြန်ဆီဖိုးနဲ့ ပို့ရတဲ့ခရီးနဲ့က ဆီဖိုးလောက်ပဲ ပြန်ရနေပြီး စားဝတ်နေရေးအတွက် မဖူလုံတော့ဘူး ” ဟု ၎င်းက ဆိုသည်။

“လုပ်ငန်းက မဖြစ်သလောက်နီးပါးဖြစ်နေတယ်။ အဲ့ဒီကြားထဲမှာမှ စက်သုံးဆီဈေးက မြင့်လာတော့ ကျွန်တော်တို့အတွက်၊ ဘယ်လိုပြောရမလဲ၊ စားဖို့တောင် အဆင်မပြေဘူး” 

ယခင်က ဆီ ၅,၀၀၀ ဖိုးထည့်၍ ကုန်ပစ္စည်းပို့ဆောင်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင် ပြန်ရနိုင်သော်လည်း ယခုအခါ ၁၀,၀၀၀ ကျပ်သာ ရနိုင်တော့ကြောင်း၊ သယ်ယူစရိတ်တိုးကောက်ရန်မှာ လုပ်ငန်းမကောင်းသည့် လက်ရှိအချိန်တွင် အခက်အခဲရှိကြောင်း ၎င်းက ဆိုသည်။

စက်သုံးဆီဈေးတက်ပါက သယ်ယူပို့ဆောင်ရေးစရိတ်လည်း မြင့်တက်လာမည်ဖြစ်ပြီး တစ်ဆက်တည်း အထွေထွေကုန်ဈေးနှုန်းလိုက်တက်လာကာ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို စားသုံးသူတို့ ခါးစည်းခံရမည် ဖြစ်သည်။

လယ်သမားများ လက်လှမ်းမမီသည့် ဓာတ်မြေဩဇာဈေး

ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်ပမှတင်သွင်းသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာဈေး မြင့်လာသဖြင့် လယ်သမားများဒုက္ခရောက်နေကြောင်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ ရွှေစင်ကြယ် ဆေးနှင့် မြေဩဇာဆိုင်ရှင် ဒေါ်နွယ်နီလှိုင်က ပြောသည်။ 

ကုန်ကြမ်းပြတ်လပ်မှု၊ ကုန်ပစ္စည်းတင်သွင်းရန်ခက်ခဲမှုကြောင့် ယူရီယားပုလဲဓာတ်မြေဩဇာ၊ ရွှေနဂါး၊ အာမို စသည့် ဓာတ်မြေဩဇာတစ်အိတ်လျှင် ယခင်က ကျပ် ၂၅,၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုအခါ ၆၀,၀၀၀ အထိ စျေးတက်သွားကြောင်း ၎င်းက ဆိုသည်။ 

“(ဈေး) ကျနိုင်တယ်လို့တော့ မထင်သေးဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အခုက အတက်တွေချည်းပဲ ဖြစ်နေတယ်။ ဒီနေ့နဲ့ မနက်ဖြန်တောင် မတူဘူး။ ကျွန်မတို့ဆိုရင် အရမ်းစိတ်ညစ်ရတယ်။ အရောင်းအဝယ်သမားတွေဆိုတော့ ကုန်အောင် ရောင်းနိုင်မှ အဆင်ပြေတယ်လေ။ ဒီနေ့ဘောင်ချာဖြတ်တယ်။ ပိုက်ဆံပေးလိုက်တယ်။ နောက်နေ့ကျတော့ ဈေးက မတူတော့ဘူး”ဟု ၎င်းက ဆိုသည်။

ဈေးနှုန်းကြီးမြင့်မှုကြောင့် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲကြပြီး တချို့မှာ လုံးဝမသုံးနိုင်ဘဲ စိုက်ခင်းများကို ပစ်ထားလိုက်ရသည့်အခြေအနေရှိကြောင်း လှည်းကူးမြို့နယ်မှ အမည်မဖော်လိုသည့် လယ်သမားတစ်ဦးက ပြောသည်။

“မကိုက်မှန်းသိပေမဲ့ မြေတွေရှိနေတော့လည်း ဒီအတိုင်းထားလို့ကမဖြစ်ဘူး။ လုပ်နေကြရတာပဲ။ အဲ့ဒီတော့ ကုန်ကျစရိတ်တွေများ၊ ထွက်လာတဲ့သီးနှံက ထင်ထားသလိုမထွက်လာခဲ့ရင် အခက်အခဲတွေ ပိုများသွားတာပေါ့” ဟု ၎င်းက ပြောသည်။

စိုက်ခင်းအတွက် ဝယ်သုံးရသည့် ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသော်လည်း ကောက်ပဲသီးနှံမှာ ပြည်ပကုန်သွယ်ရေးလမ်းကြောင်းများ မပွင့်၍ ဈေးနှုန်းကျဆင်းနေသည်ဟု ၎င်းက ဆိုသည်။

ဒေါ်လာ၊ မြေဩဇာတို့ ဈေးတက်မှုကြောင့် လယ်သမားများ ဒုက္ခတွေ့ရခြင်းမှာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်သည်ဟု ၎င်းက အပြစ်ဖို့သည်။

ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း

ကုန်စည်များနှင့် ဝန်ဆောင်မှုများဈေးတက်ခြင်း၏ ကုန်ကျစရိတ်အတိုင်းအတာတစ်ရပ်ကို ငွေကြေးဖောင်းပွမှုဟု ခေါ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးသုတေသနဌာနက ထုတ်ပြန်သည့် ငွေကြေးဖောင်းပွမှုအစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။

ငွေကြေးဖောင်းပွမှုမှာ ငွေစက္ကူသစ်များထုတ်ဝေသုံးစွဲမှုကြောင့် လည်ပတ်ငွေကြေးပမာဏ ကြီးထွားလာခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားအခြေအနေတို့ကြောင့်ဖြစ်နိုင်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာဘဏ်၏ ခန့်မှန်းမှုအရ ၂၀၂၁ တွင် မြန်မာနိုင်ငံ၏ ပျှမ်းမျှငွေကြေးဖောင်းပွနှုန်းသည် ၆ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒုတိယနှစ်ဝက်အတွင်း ပိုမိုမြင့်တက်နိုင်ကြောင်း သိရသည်။ 

ဆိုလိုသည်မှာ နှစ်စတွင် ကျပ်တစ်သိန်းဖြင့် ဝယ်ယူနိုင်သည့် ကုန်ပစ္စည်းတစ်ခုသည် နှစ်ကုန်တွင် ၁၀၆,၀၀၀ ဈေးပေးရတော့မည်ဖြစ်သည်။

စစ်ကောင်စီသည် ငွေစက္ကူအသစ်များထုတ်ဝေသုံးစွဲနေပြီး ထိုအခြေအနေကြောင့် လည်ပတ်ငွေကြေးပမာဏ ကြီးထွားကာ ကုန်ဈေးနှုန်းတက်စေကြောင်း အမည်မဖော်လိုသည့် ဘဏ္ဍာရေးကျွမ်းကျင်ပညာရှင်တစ်ဦးက ဩဂုတ်လဆန်းတွင် Myanmar Now ကို ပြောဆိုထားသည်။ 

“လုပ်ငန်းတွေက ပုံမှန်မလည်ပတ်နိုင်ဘူး။ ပုံမှန်မလည်ပတ်နိုင်ဘဲနဲ့ ငွေစက္ကူတွေထပ်ပြီးတော့ လည်ပတ်မှုထဲ ရောက်လာတယ်ဆိုရင် ဝယ်အားက များမယ်။ ရောင်းအားက သိပ်မရှိဘူးပေါ့နော်။ လုပ်ငန်းတွေ မလည်ပတ်တဲ့အတွက်ကြောင့်ပေါ့။ အဲ့ဒါကြောင့် ကုန်ဈေးနှုန်းတွေက ဒီထက်ပိုပြီး တက်လာနိုင်စရာ အကြောင်းရှိတယ်”ဟု ၎င်းက ဆိုသည်။myanmar now

မအူပင်မြို့တွင် အန်အယ်လ်ဒီပါတီမြို့နယ်အ လုပ်အမှုဆောင်အပါအဝင် လူငယ် ၁၀ ဦး အဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ စက်တင်ဘာ ၂၃ ရက် ညက အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်အလုပ်မှုဆောင် မမီးလေး အပါဝင် လူငယ်  ၁၀ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။

တာတပေါကျေးရွာမှာနေထိုင်တဲ့ အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် မမီးလေး အပါအဝင် လူငယ် ၁၀ ဦးကို မနေ့ည ၁၁ နာရီခွဲလောက်မှာ စစ်တပ်က အင်အား ၅၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်အပြည့်အစုံနဲ့ အင်အား ၅၀ လောက်နဲ့လာတာ။ အဖမ်းခံရတာ ၁၀ ယောက်ကျော်လောက်ရှိမယ်။ အဲ့မှာ ဆရာ ဆရာမတွေလည်း ပါသွားတယ်။ မမီးလေးအပြင်ပါတာကိုပြောတာ”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မမီးလေးရဲ့ အမျိုးသားဖြစ်သူကတော့ လာရောက်ဖမ်းဆီးချိန်မှာမရှိတာကြောင့် လွတ်မြောက်ခဲ့ပေမယ့် စစ်တပ်နဲ့ရဲက ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

မမီးလေးအပါဝင် ဖမ်းဆီးခံရသူ ၁ဝ ဦးကို ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်ထားတယ် ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

မအူပင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရပ်ရွာအကျိုးဆောင်ရွက်နေတဲ့ အပြစ်မဲ့ပြည်သူတချို့ကိုလည်း  အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့ပြီး  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့မှာ ဖမ်းဆီးခံရတဲ့ ပြည်သူ  ၅၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။DVB

« Older Entries