Monthly Archives: Sep 2021

ကလေးတွင် PDF၊ CNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးကာ အများအ ပြားထိခိုက် ဒဏ်ရာရ

ကလေးမြို့ လေးအိမ်စုရွာနှင့် စည်ပင်ကြီးရွာ အနီးတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၂နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၁ဝဝကျော်ခန့် ချီတက်လာသည်ကို PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း People’s Defence Force – Kalay ထုတ်ပြန်ချက်အရသိရသည်။

“ယနေ့တိုက်ပွဲအတွင်း မင်းအောင်လှိုင်လက်ပါးစေ အကြမ်းဖက်စစ်သား အနည်းဆုံး သုံးဦး‌သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရှိရပြီး မိမိတို့ PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့မှ ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခံရခြင်းကြောင့် လက်နက်ကြီးများကိုသာ အဓိကအားကိုး ပစ်ခတ်ခဲ့ပြီး ရှေ့ဆက်မတက်နိုင်ဘဲ စည်ပင်ကြီးရွာဘက်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ကာ စည်ပင်ကြီးမှတဆင့် မြို့လှ၊ အင်ဒိုင်းကုန်းဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။khit thit

ပြည်သူများမလိုအပ်ဘဲ ခရီးဝေးမသွားကြရန် ဖယ်ခုံ PDFမှ သတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံမြို့ရှိ မိဘပြည်သူများအနေဖြင့် မလိုအပ်ပါက ခရီးဝေးမသွားကြရန် ဖယ်ခုံ PDF မှ စက်တင် ဘာ ၂၆ ရက် နေ့စွဲဖြင့် အသိပေး ထုတ်ပြန်လိုက်သည်။

ဖယ်ခုံ PDF သည် တစ်နိုင်ငံလုံးရှိ PDF များနှင့်အတူ အကြမ်းဖက်အာဏာရှင်များကို တိုက်ခိုက် တွန်းလှန်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးဝေးမသွားကြရန် ၊ ဘော်ဒီမြင့်ကုန်ကား၊ တွဲကား၊ ဆယ်ဘီးကား၊တွဲကားနောက်တွင် သယ်ဆောင်လာသည့် ကုန်ကားများ မိုးကာဖွင့် မောင်းနှင်လာပေးရန်နှင့် ပြည်သူများ အကြမ်းဖက်စစ်ကောင်စီနှင့် လုံးဝ ပတ်သက်မှု မပြုလုပ်ရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု သက်သေတွေ့ရှိပါက အသက်အန္တရာယ် စိုးရိမ်နိုင်ဖွယ်ရှိကြောင်း ဖယ်ခုံ PDF မှထုတ်ပြန်ထားသည်။

ကောလာဟလ သတင်းအမှားများ မဖြန့်ကြရန်နှင့် ဖော်ပြပါရှိသည့်အချက်များကို မလိုက်နာပါက အကြောင်းတစ်စုံတစ်ရာဖြစ်ပွားလာလျှင် PDF ဖယ်ခုံနှင့် လုံးဝသက်ဆိုင်မည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။mizzima

ပုလဲမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက် ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာကနေ ဂန့်ဂေါနယ်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ ယာဉ်တန်းပါ ကား ၃ စီး လယ်ဓမ္မရွာအနီး စက်တင်ဘာ ၂၆ ရက် မနက် ၈ နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

“မနက်က စစ်ကောင်စီ အသုံးပြုလာတဲ့ မှန်လုံကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲတယ်။ သုံးစီးလုံး မိတယ်။ ကား‌ဘေးက မှန်တွေ အကုန်ကွဲသွားတယ်ဗျ။ သေဆုံးမှုနဲ့ အထိအခိုက်ကတော့ မသိရဘူး။ ဒီကောင်တွေ မိုင်းမိပြီး ကန်ဒေါင့်ရွာဆီ အပြေးမောင်းသွားတာဗျ။ ပုလဲ-ဂန့်ဂေါလမ်းကို ခရီးသည်တင်ယာဉ်တွေ စီးပွားရေးသမားရဲ့ ကုန်ကားတွေ မလာကြဖို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။ တကယ်လို့ တားမြစ်ချက်ကို မလိုက်နာဘဲ လာခဲ့မယ်ဆိုရင်တော့ ပုလဲ PDF တပ်ဖွဲ့က အာမ မခံဘူး” လို့ ပုလဲPDFခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်အတွင်း စစ်ကားတွေနဲ့ အသွားအလာမလုပ်ဘဲ အရပ်သုံးကားတွေကို သုံးပြီး ကျေးရွာတွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်တာတွေ နေ့စဉ် လုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ မင်းတိုင်ပင်​ကျေးရွာနဲ့ ကန့်ထောင့်​ကျေးရွာကြားမှာရှိတဲ့ ဦး​နှောက်လမ်းခွဲမှာ စစ်​ကောင်စီတပ် သား အပြည့်ပါလာတဲ့ကား တစီး  မိုင်းထိမှန်ခဲ့ပါတယ်။DVB

ဒီးမော့ဆိုမြို့နယ် ကုန်းသာနှင့် ကျောက်ဆည် ကန်အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်များ ဖရိုဖရဲဖြစ်ကာ ဆုတ်ခွာထွက်ပြေး

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာနှင့် ကျောက်ဆည်ကန်ကျေးရွာအနီးတဝိုက်တွင် စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီခန့်မှစ၍ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ယနေ့ ည ၇ နာရီခန့်အချိန်ထိနှစ်ဖက်ပစ်ခတ်မှုများရှိနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များ ဖရိုဖရဲဖြစ်ကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

ယနေ့တိုက်ပွဲတွင် ထိခိုက်မှုများသော စစ်ကောင်စီတပ်သည် ကျောက်ဆည်ကန်ကျေးရွာသို့ ညနေပိုင်းတွင် စစ်အင်အား ထပ်မံဖြည့်တင်းခဲ့ပေမယ့် တပ်များ ဖရိုဖရဲဖြစ်ကာ ကုန်းသာကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားကြောင်း KNDF မှ ယနေ့ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲ၊ ကုန်းသာ၊ ကျောက်ဆည်ကန်ရွာများရှိ နေအိမ်များအတွင်း တပ်စွဲကာ အများပြည်သူပိုင်ပစ္စည်းများအား ခိုးယူဖျက်ဆီးသွားသလို ပြန်လည်ဆုတ်ခွာချိန်တွင် မိုင်းများ ထောင်ခဲ့ကြောင်းလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်နေမှုအား ကရင်နီတပ်တော် KA၊ KNDF၊ KGZ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်လျှက်ရှိကြောင်း သတင်းရရှိသည်။ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားထိခိုက်သေဆုံးခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အချို့ အသေးစားထိခိုက်မှုများရခဲ့ကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။khit thit

ကေအန်ယူနယ်မြေတွင် ၆ လအတွင်း တိုက်ပွဲ ၃၃၄ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံး

ကေအန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေအကြား  ၆ လအတွင်း တိုက်ပွဲပေါင်း ၃၃၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်ကစတင်ပြီး  KNU နယ်မြေအတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း ၁၊၂ ၊  ၃ ၊ ၄ နဲ့ စစ်ကောင်စီရဲ့တပ်တွေနဲ့တိုက်ပွဲပေါင်း ၃၃၄ ကြိမ်ဖြစ်ပွားခဲ့ရမှာ စစ်ကောင်စီတပ်ဘက်က  ၂၁၄ ဦး သေဆုံးပြီး ၂၄၉ ဦး ဒဏ်ရာရရှိခဲ့သလို ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDO ဘက်က ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလ ၂၂ ရက်ကလည်း ကေအန်ယူ သထုံခရိုင် တပ်မဟာ ၁ ရဲ့ ဒေသခံတပ်ဖွဲ့တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေ သိမ်ဇရပ်ကားလမ်းမပေါ်မှာ  ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၂၅ ယောက်သေဆုံးပြီး ၅ ယောက် ပြင်းထန်စွာဒဏ်ရာရရှိသည့်အပြင် ကားတစ်စီးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ကေအန်ယူ – ညောင်လေးပင်ခရိုင် တပ်မဟာ ၃ မှာလည်း စက်တင်ဘာ  ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများလို့တပ်အားလုံး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားမှု တွေ တိုးမြှင့်လုပ်ဆောင်လာတဲ့အတွက် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်နဲ့ လုံခြုံရေးကို တာဝန်ယူပေးနေတဲ့  KNDO တပ်တွေနဲ့ မကြာခဏ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

KNDOရဲ့နယ်မြေအတွင်း စစ်ကောင်စီတပ်​တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့ရာ ဒေသခံတွေရဲ့ လယ်၊ တောင်ယာ၊ ဥယျာဥ်ခြံ လုပ် ငန်းခွင်တွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ပစ္စည်းဥစ္စာတွေကို လုယူတာ၊ တိရစ္ဆာန်တွေကို ပစ်ခတ်သတ်ဖြတ်တာတွေပြုလုပ် ကျူးလွန်ခဲ့ပါတယ်။

ဒေသခံတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်မှု ၂၀၄ ချက်၊ တိုက်လေယာဉ်နဲ့  ၄ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ရွာသား ၃ ဦး ဒဏ်ရာရရှိပြီး အိုးအိမ် အဆောက်အဦးများစွာ ပျက်စီးခဲ့သလို ကျွဲ ၄ ကောင်၊ နွား ၄ ကောင်၊ ဆိတ် ၆ ကောင် သေဆုံးပြီး၊ နွား ၃ ကောင်၊ ဆိတ် ၁ ကောင် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တပ်တွေက မတရားယူဆောင်သွားတဲ့ ဒေသခံပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေရဲ့ တန်ဖိုးငွေ ကျပ်သိန်း ၁၅၀ နီးပါးရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကေအန်ယူ လက်အောက်ခံ ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့ တပ်နဲ့ ဘီဂျီအက်ဖ်တွေ လူအင်အား၊ လက်နက်အင်အားဖြည့်တင်းပြီး နယ်မြေတိုးချဲ့လှုပ်ရှားလာတာတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ကေအန်ယူတာဝန်ရှိသူတွေက သတိပေး ပြောဆိုထားပါတယ်။DVB

စစ်တပ်အထိနာနေသော ကောလင်းခရိုင်တွင် ဖုန်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရ 

တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း ကောလင်းခရိုင်အတွင်းရှိ ပင်လည်ဘူး၊ ဝန်းသိုနှင့် ကောလင်းမြို့နယ်တို့တွင် ယနေ့ (စက်တင်ဘာ ၂၆) နံနက်ပိုင်းမှစတင်၍ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၆ နာရီမှ စတင်ကာ ဆက်သွယ်ရေးအော်ပရေတာ လေးခုလုံးတွင် ဖုန်းနှင့် အင်တာနက်ပြတ်တောက်ခဲ့ခြင်းဖြစ်ကာ ကြိုးမဲ့အင်တာနက် (Wifi) စနစ်လည်း အသုံးပြုမရတော့ကြောင်း အဝေးရောက် ကောလင်းနှင့် ပင်လည်ဘူး ဒေသခံများက ဆိုသည်။ 

“ဒီမနက် ၆ နာရီထိ သူငယ်ချင်းနဲ့ အဆက်အသွယ်ရပါတယ်။ အခုကတော့ ဘယ်ဖုန်းမှ ခေါ်မရဘူးခင်ဗျ” ဟု ရန်ကုန်တိုင်းတွင် ရောက်ရှိနေသည့် ကောလင်းဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့အတူ ပင်လည်ဘူးဒေသခံတစ်ဦးကလည်း “ညတုန်းကအထိတော့ အကုန်လုံး အဆက်အသွယ်ရတယ်။ ဒီနေ့မနက်ကျတော့ အကုန်လုံး ဆက်သွယ်လို့ မရတော့ဘူး။ ကျွန်တော်တို့ကျတော့ တခြားနယ်ကို သွားပြီးတော့မှ အင်တာနက်ရတဲ့ဆီ လာခဲ့ရတာ။ အခုတော့ လောလောဆယ် အဆက်အသွယ်ပြတ်နေတယ်” ဟု ပြောသည်။

ပင်လည်ဘူးမြို့နယ်၌ စက်တင်ဘာ ၂၂ နှင့် ၂၄ ရက်က ကချင်လွတ်လွတ်ရေးတပ်မတော် (KIA) ကြီးကြပ်သော ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကသာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ သေဆုံးကာ လက်နက်ခဲယမ်းအ မြောက်အမြား သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

ယနေ့ နံနက်ပိုင်းတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြီးနောက် ဝန်းသိုရှိ တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၁၁ နှင့် ၁၂၀ သို့ စစ်ရဟတ်ယာဉ်နှစ်စီး ဆင်းသက်ခဲ့ကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင် ပင်လည်ဘူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။ 

“သူတို့ လေယာဉ်နဲ့တက်ခဲ့တော့ ကျွန်တော်တို့တွေက အကုန်လုံး နေရာရွှေ့ပြောင်းပြီးသားလေ။ လေယာဉ်နဲ့ ဗုံး ၁၀ လုံးလောက်ရှိတယ်။ လယ်ကွင်းထဲ ပစ်ချသွားတယ်လို့ ပြောတယ်” ဟု ပင်လည်ဘူးဒေသခံက ဆိုသည်။ 

ထို့ပြင် ဝန်းသိုဘက်မှ စစ်ကား ၁၇ စီး ပင်လည်ဘူးဘက်သို့ တက်လာပြီး စစ်ကောင်စီတပ် တပ်စွဲထားရာ မူးမြစ်ကမ်းဘေးရှိ နောင်မူးရွာတွင် အင်အားဖြည့်တင်းခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက် ဂျက်တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် မိမိတို့ရပ်ရွာများတွင် စစ်မျက်နှာဖွင့်စေလိုကြောင်း ပင်လည်ဘူး PDF က ယနေ့ နံနက်ပိုင်းတွင် ကြေညာထားသည်။ 

စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးမြို့နယ်များသည် ကချင်ပြည်နယ်အစပ်ဖြစ်သော ကသာခရိုင်နှင့်လည်း နယ်မြေချင်းထိစပ်လျက်ရှိသည်။ ကသာမြို့နယ် မိုးဒါးတိုက်နယ်တွင်လည်း စက်တင်ဘာ ၂၀ ရက်က KIA၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများပြားခဲ့သည်။ 

တစ်နိုင်လုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်တွင် ကြေညာပြီးနောက် ဒေသအသီးသီးတွင် စစ်ကောင်စီကို ခုခံသောတိုက်ပွဲများ ပြင်းထန်လာကာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၂၅ ခု တွင် အင်တာနက်ဖြတ်တောက်ခံထားရသည်။ myanmar now

ခင်ဦးမြို့နယ်၌ အရပ်သား ၃ ဦးကို ပစ်သတ်ပြီး ပြန်ထွက်ခွာလာသည့် စစ်ယာဉ်တန်းမိုင်းခွဲခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ  စက်တင်ဘာ ၂၆ ရက် မနက်က ကျေးရွာတွေကိုဝင်ရောက် စီးနင်းပြီး CDM ဆေးမှူးအပါအဝင် အရပ်သား ၃ ဦးကို ပစ်သတ်ထွက်ခွာသွားတဲ့ စစ်ယာဉ်တန်း ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ယောက် အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်က ပြောပါတယ်။

ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ အောင်သာ၊ မှန်တော၊ ကျွန်းလည်စတဲ့ကျေးရွာတွေကို ဒီနေ့မနက်က စစ်ကားအလတ် ၅ စီး ၊ ဆိုင်ကယ် ၁၅ စီးနဲ့ စစ်အင်အား ၇၀ လောက်နဲ့ ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မှန်တောနဲ့ အောင်သာရွာကြားက ကွမ်းခြံကို PDF စခန်းအထင်နဲ့ဝင်စီးတာပါ။ ရွာတွေထဲလည်း ဝင်ပစ်တာဆိုတော့ အရပ်သား ၃ ဦး သေတယ်။ ကျနော်တို့က စစ်ကားတွေအပြန် နှစ်နေရာခွဲပြီး မိုင်းဆွဲခဲ့တာပါ။ တနေရာကတော့ အောင်ပါတယ်။ စစ်ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ထိတယ်။ အနည်းဆုံး ၅ ကောင်လောက်ကတော့ အပြင်းအထန်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသူတွေ တင်သွားတဲ့ ကားနှစ်စီးကတော့ ရွှေဘိုကို တခါတည်း မောင်းသွားတယ်” လို့ ပြောပါတယ်။

စစ်တပ်က စီးနင်းပစ်ခတ်လို့  မှန်တောကျေးရွာက ကိုစိုးမိုးအောင်၊ ကိုမျိုးမြင့်အောင်နဲ့ ရွှေဘိုနယ်ကနေလာတိမ်းရှောင်နေတဲ့ CDM ဆေးမှူး ၁ ဦးလည်း သေဆုံးခဲ့ရပြီး တခြားတစ်ဦးက ပေါင်ကို ကျည်ထိမှန်ခံရကာ ဖမ်းဆီးခံရသူတစ်ဦးကိုတော့ စစ်ဗိုလ်တစ်ဦးနဲ့ အမျိုးတော်လို့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းဟာ  ရွာအဝင်မှာ ဆိုင်ကယ်တွေ၊ ကားတွေကို အောင်သာကျေးရွာအဝင်နားမှာ ရပ်နားထားခဲ့ကြပြီး လမ်းပြအကူအညီနဲ့ မှန်တောကျေးရွာဘက်ကို ခြေလျင် ၀င်ရောက်လာကြတယ်လို့ဆိုပါတယ်။ 

လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို  မြကံ‌ကျေးရွာအရှေ့ဘက်ရှိ သံလမ်းကူးမှာ  PDF တပ်ဖွဲ့မှ လမ်းကနေ စောင့်ကြိုပြီး မိုင်းဆွဲပြီးတိုက်ခဲ့တာကြောင့် ကားတစ်စီးမိုင်းထိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဆက်လက်ဆုတ်ခွာလာကြရာ ကံသစ်ကျေးရွာအလွန်မှာလည်း PDF ပြောက်ကျားတပ်က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ်နဲ့ ကားပေါ်ပါလာသူ စစ်ကောင်စီတပ်သား ၅ ယောက် ထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်တပ်ရဲ့ စီးနင်းပစ်ခတ်မှုကြောင့်‌ ကျေးရွာပေါင်း ၅ ရွာလောက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လတ်တလော သေဆုံးသူတွေရဲ့ အလောင်းတွေကို သွားရောက်ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။DVB

NLD ပါတီဝင်၊ ပရဟိတလှုပ်ရှားသူ ကိုသန်းထွန်းဦးကို အကြမ်းဖက်စစ်တပ်က ယမန်နေ့က ဖမ်းဆီးပြီး ယနေ့ သေဆုံးဟု အကြောင်း ကြား၊ အလောင်းပြန်မပေး

မန္တလေးမှ NLD ပါတီဝင်လည်းဖြစ်၊ ပရဟိတ လှုပ်ရှားသူလည်းဖြစ်သူ ကိုသန်းထွန်းဦး(ခ)ကိုမင်းကိုသိန်း(ခ) ကိုဖက်တီးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ပြီး ယနေ့ သေဆုံးသွားပြီဟု မိသားစုကို အကြောင်း ကြားလာကြောင်း ၎င်းနှင့်ရင်းနှီးသော မန္တလေး သံဃာသံမဂ္ဂဆရာတော်များထံမှ သိရှိရသည်။

မန္တလေး၊ အောင်မြေသာဇံမြို့နယ်၊ ပွဲကုန်းရပ်ကွက်မှ ကိုသန်းထွန်းဦး(ခ) ကိုဖက်တီးကို နေအိမ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် စစ်ကောင်စီတပ်များက လာရောက် ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရာတွင် ဒူးထောက်ခိုင်းပြီး ကိုသန်းထွန်းဦးက ၀လွန်း၍ ဒူးမထောက်နိုင်ကြောင်း၊ အကြမ်းဖက်စစ်တပ်က ကိုသန်းထွန်းဦးကို ဒူးမထောက်သဖြင့် ခြေထောက်ကို သေနတ်ဖြင့်ပစ်ခတ်ပြီး ပါးရိုက်ခြင်း၊ ခေါင်းကို ရိုက်နှက်ခြင်းများ လုပ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်ကြောင်း သိရှိရသည်။

” မနေ့က နေ့လယ်ပိုင်းက ကိုမင်းကိုသိန်း ရဲ့ အိမ်ကို စစ်ခွေးများရောက်ရှိလာပြီး ဝင်ရောက် ဖမ်းဆီးရာမှာ ဒူးထောက်ခိုင်းပါတယ်၊ ကျွန်တော့် ခန္ဓာကိုယ်ကြောင့် ဒူးထောက်လို့ မရလို့ပါ လို့ ပြောတဲ့ အတွက် ဒူးမထောက်ရကောင်းလား ဆိုပြီး အိမ်ထဲမှာပဲ သေနတ်နဲ့ ဒူးကို ပစ်ပါတယ်။ ထို ဒါဏ်ရာနဲ့ ဖမ်းဆီးသွားပြီး အမှတ်(၇) ရဲစခန်းမှာ ထားပါတယ်။

(ဒူးထောက်ဖို့ဆိုတာ သူ့ခန္ဓာကိုယ်ကို ကြည့်ကြည့်ပါ) သည်ကနေ့ ညနေပိုင်းမှာတော့ ကိုမင်းကိုသိန်း ဆုံးပြီလို့ အသိပေးလာပါတယ်”ဟု ကိုမင်းကိုသိန်း(ခ) ကိုသန်းထွန်းဦး(ခ) ကိုဖက်တီး၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

“ဆရာတော်တို့ကြားတာတော့ သူ့ကို အဆက်အသွယ် မသင်္ကာမှုနဲ့ ဖမ်းတယ်လို့ ကြားပါတယ်။ အလောင်းတော့ ပြန်မရသေးဘူး” ဟု မန္တလေး သံဃာ့သမဂ္ဂဆရာတော်တစ်ပါးက မိန့်ကြားသည်။

ကိုမင်းကိုသိန်း(ခ) ကိုသန်းထွန်းဦး(ခ) ကိုဖက်တီးသည် ၁၉၈၉ – ၉၀ ဗကသများအဖွဲ့ချုပ် ၊ အကသ ၊ မန္တလေး ခရိုင် ၊ ကျောင်းသားသမဂ္ဂများတွင် ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် NLD ပါတီဝင်နှင့် ပရဟိတ လုပ်ငန်းများလုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။khit thit

« Older Entries