ညောင်ရွှေရှိ Mytel တာဝါတိုင်ကို တောင်ကြီး PDF မီးရှို့ဖျက်ဆီ


ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ Mytel တာဝါတိုင်တစ်ခုအား ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ တွင် မီးရှို့ဖျက်ဆီးလိုက်သည်ဟု တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။mizzima
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ Mytel တာဝါတိုင်တစ်ခုအား ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ တွင် မီးရှို့ဖျက်ဆီးလိုက်သည်ဟု တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။mizzima
စစ်ကိုင်းတိုင်းမြို့တော် မုံရွာတောင်ဘက်ရှိ မုံရွေးနှင့် ကြေးမုံရွာများကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ ၂၇) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။
မုံရွာမြို့အဝင်ရှိ အဆိုပါကျေးရွာများကို စစ်ကောင်စီတပ်က နံနက် ၅ နာရီခွဲဝန်းကျင်မှ နေ့ခင်း ၁၂ နာရီအထိ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ် ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံအချို့နှင့် PDF အဖွဲ့ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။
“လူတစ်ယောက် ခေါင်းကို (သေနတ်) မှန်တယ်။ (စစ်သုံး Faw) ကားနဲ့ တက်နင်းတယ်” ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
ကြေးမုံရွာမြောက်ပိုင်းတွင် စစ်တပ်က ပစ်ခတ်ပြီး ကားဖြင့် တက်ကြိတ်သတ်ဖြတ်ခံရသူမှာ ဒေသခံ PDF အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော အသက် ၃၀ အရွယ် ကိုမြင့်ကျော်မိုးဆိုသူဖြစ်ပြီး အလောင်းကောက်ယူနိုင်ပြီဖြစ်သော်လည်း လုံခြုံရေးအရ အသေးစိတ်မပြောနိုင်ကြောင်း မုံရွေး PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
ကိုမြင့်ကျော်မိုးမှာ ကြေးမုံရွာ၏ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တောပုရွာ PDF ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ စစ်ကောင်စီသ တင်းပေးများ၏ အန္တရာယ်ကြောင့် ၎င်း၏ ဇာတိရွာတွင် မနေနိုင်ဘဲ အလျဉ်းသင့်ရာ နေရာများတွင် ပြောင်းရွှေ့နေထိုင်ရသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီနေ့ သူ့ကလေးတွေ (PDF) ကို ကာပေးရင်းနဲ့ အသက်ပေးသွားတာ။ သူတို့ရွာ ခဏခဏဝင်ဖမ်းလို့ ရွာတွေမှာ လှည့်နေနေကြတာ။ (သူတို့အဖွဲ့က) အကြီးအကျယ်ကြီးတော့ မဟုတ်ဘူး။ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့အဆင့်ပဲ။ သူတို့ပိတ်မိတဲ့နေရာမှာ ကလေးတွေကို ကာပေးတာ။ ပစ်တာတော့ မပစ်ဘူး။ ရှေ့ကနေ ထွက်လိုက်တာ။ ကြေးမုံနဲ့ တောပုံရွာသားတချို့ ကားပေါ်ပါသွား (ဖမ်းသွား) တယ်”ဟု ထိုသူက ဆက်ပြော သည်။
ကိုမြင့်ကျော်မိုး ခိုလှုံသည်ဟု ယူဆသော ကြေးမုံရွာမြောက်ဘက်ပိုင်းမှ အိမ်တစ်လုံးကိုလည်း စစ်တပ်က မီးရှို့သွားကြောင်း၊ ဖမ်းထားသည့် ရွာသား ၁၀ ဦးကို ကြေးမုံရွာ ဘုန်းကြီးကျောင်းတွင် ထားရှိကာ ရိုက်နှက်စစ်ဆေးပြီးနောက် Light Truck ယာဉ်ပေါ်တင်၍ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်း မုံရွေး PDF ခေါင်းဆောင်က မွန်းလွဲ ၁ နာရီခန့်တွင် ပြောသည်။
နောက်ထပ်ဒေသခံနှစ်ဦး၏ အဆိုအရ အင်အား ၂၀၀ ခန့်ရှိသည့် စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များက စစ်ကား ၁၄ စီး၊ Light Truck တစ်စီး၊ ဆိုင်ကယ်များဖြင့် ရောက်လာခြင်းဖြစ်ပြီး စက်သေနတ်များ၊ လက်နက်ကြီးများပါ သုံး၍ နှိမ်နင်းခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်က မည်သည့်အချိန်ကတည်းက ရွာကို ပိတ်ဆို့ထားသည်ကို သတိမထားမိဘဲ နံနက် ၅ နာရီခွဲတွင် စက်သေနတ်ကဲ့သို့ အတွဲလိုက်ပစ်သည့် အသံများထွက်ပေါ်လာမှ ရွာကို ဝင်စီးပြီဟု သိကြကြောင်း၊ မုံရွေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာပတ်ပတ်လည်ကို တပ်တွေ အကုန်ချပြီးမှ ပစ်တာ။ ကျွန်တော်တို့လည်း တောက်လျှောက်ပုန်းနေရတယ်။ ပျူစောထီး(စစ်တပ်ကျော ထောက်နောက်ခံ အရပ်သားလက်နက်ကိုင်အဖွဲ့) အရပ်ဝတ်တွေလည်း ပါတယ်။ အိမ်တွေကိုလည်း ဖျက်ဆီးသွားတယ်။ မီးရှို့သွားတယ်”ဟု ၎င်းက ဆိုသည်။
စစ်တပ်က တရစပ်ပစ်သည့် သေနတ်သံများ၊ လက်နက်ကြီးသံများမှာ နံနက် ၇ နာရီမထိုးမီအထိ တောက်လျှောက်ကြားကြောင်း၊ ထွက်ပြေး သူများကို စစ်တပ်က တောနင်းရှာဖွေခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“လက်နက်ကြီးက အသံတော်တော်ကျယ်တယ်။ အိမ်တွေပါ တုန်သွားတယ်။ ဒလန် သတင်းပေးလို့။ PDF တွေရှိတယ်ဆိုပြီး အိမ်တွေထဲ ဝင်မွှေနေတယ်။ တချို့အိမ်ထဲမှာ ရှိနေတဲ့လူတွေကို တခါးဖွင့်ပေး။ မဖွင့်ပေးရင် ပစ်သတ်မယ် အဲဒီလို အတင်းဖွင့်ခိုင်းနေတာတော့ရှိတယ်”ဟု ၎င်းက ပြောသည်။
မုံရွေး၊ ကြေးမုံရွာ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရမှု၊ အိုးအိမ်ထိခိုက်ပျက်စီးမှု၊ ဖမ်းဆီးခံရသည်ဆိုသော လူ ၁၀ ဦးနှင့် ပတ်သက်သည့် အသေး စိတ်အချက်အလက်များကိုမူ မသိရသေးပါ။ ကိုမြင့်ကျော်မိုးအပြင် သေဆုံးသူ နောက်ထပ်တစ်ဦးရှိသည်ဟု ဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မုံရွေး PDF ဘက်ကမူ အထက်ပါဖြစ်စဉ်တွင် ၎င်းတို့ဘက်မှ ပစ်ခတ်မှုမရှိဘဲ စစ်တပ်ကသာ တဖက်သတ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ပြော သည်။
“ကျွန်တော်တို့ဘက်မှာ တူးမီတွေပဲ ရှိတာ။ မနက်က တူမီးသံတစ်ချက်မှ မကြားရဘူး”ဟု မုံရွေး PDF ခေါင်းဆောင်က ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့တိုင် ဆန္ဒပြနေသည့် နိုင်ငံအနှံ့ မြို့ရွာများတွင် မုံရွာမြို့နယ်အတွင်းရှိ မုံရွေး၊ကြေးမုံရွာများလည်း ပါဝင်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်ကလည်း မုံရွေး၊ ကြေးမုံရွာတို့ကို စစ်တပ်က ဝင်စီးခဲ့ဖူးပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။myanmar now
ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) က ရပ်ကွက်၊ ကျေးရွာအုပ်စုအပါအဝင် အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်ကြရန် သတိပေးပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၃၇အုပ်စုရှိရာ စစ်ကောင်စီလက်ထက် အုပ်ချုပ်ရေးမှူးမလုပ်လိုကြ၍ နုတ်ထွက်သူများ ရှိသဖြင့် ကျေးရွာအုပ်စု ငါးအုပ်စုလျှင် အုပ်ချုပ်ရေးမှူးတစ်ယောက်နှုန်းဖြင့် တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်သည်။”၂၅ ရက်နေ့ကစပြီး မနေ့ကအထိ နုတ်ထွက်ကြတာအားလုံးနီးပါးပဲ။
သူတို့ထွက်စာတွေကို လူတွေသိအောင် တမင်ကြေညာသလို ပြန့်လာတာဆိုတော့ သိပ်တော့မယုံရဘူးဗျ။ အယောင်ပြထွက်တာမျိူးလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီလက်အောက်ခံလုပ်ပြီး အခုမှ PDF ကသတိပေးလို့ ထွက်ကြတာဆိုတော့လေ” ဟု ချောင်းဦးမြို့ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြစ်သည့် ချောင်းဦးမြို့နယ် ဝယာကျေးရွာအုပ်စုမှ ဦးအောင်သန်း၊ ကျောက်စစ်ကန်ကျေးရွာမှ ဦးလှဌေး၊ ရွှေလှေကျေးရွာမှ ဦးစိုးမင်းထိုက်တို့မှာ ယမန်နေ့ စက်တင်ဘာ ၂၆ ရက်က နုတ်ထွက်စာတင်ခဲ့ကြသည်။ မှန်ချိုကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်းသည် စက်တင်ဘာ ၂၅ ရက်တွင် နုတ်ထွက်ခဲ့သည်။
ညောင်ပင်သာရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်နိုင်ဦး၊ ကင်းမွန်တောကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုးအေးတို့မှာ စက်တင်ဘာလ တတိယပတ်အတွင်းက နုတ်ထွက်ခဲ့ကြကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ရေး လက်အောက်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအပါအဝင် အုပ်ချုပ်ရေးမှူးများအားလုံး ယခုလ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ နုတ်ထွက်ကြရန် နှင့်လိုက်နာရန်ပျက်ကွက်ပါက ချေမှုန်းသွားမည်ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU PDF)မှ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။mizzima
ပြီးခဲ့သည့် ၅ နှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများကို စစ်ခေါင်းဆောင်တို့ နှောင့်ယှက်ခဲ့သော်လည်း အောင့်အည်းသည်းခံခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။
ပါတီ၏ အစောပိုင်းနှစ်များတွင် ပါတီတွင်း ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့သော၊ ၁၉၉၉ ခုနှစ်တွင် ထောင်မှလွတ်ပြီးနောက် ထိုင်း၊ ဗြိတိန်တို့တွင် ပညာသင်ခဲ့သော ဦးမိုးဇော်ဦးသည် ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရုံးအဖွဲ့မှူး၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင် ကျရောက်သည့် NLD ပါတီ တည်ထောင်သည့် ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဦးမိုးဇော်ဦးက ပါတီတွင်း ဆုံးဖြတ်ချက်ခက်ခဲခဲ့သော ကာလများ၊ အခြေခံဥပဒေကြောင့် ကန့်သတ်ခံရသည့် အစိုးရလုပ်ပိုင်ခွင့်တို့အကြောင်း ပြောပြထားသည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံထားရတဲ့ ကာလတွေမှာ ပါတီတွင်း ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲချမှတ်ခဲ့ရတာ တွေ့ရပါတယ်။ ဒီကာလတွေမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာ ပါတီတွင်း ဘယ်လိုခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတဲ့ ကာလတွေ ရှိခဲ့ဖူးပါတယ်။ ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချရတာပေါ့။ ၁၉၈၈ အပြီးမှာလည်း အဲဒီအတိုင်းပဲ (စစ်ဗိုလ်ချုပ်တွေနဲ့) တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့ရတယ်။ အဲဒီမှာ တွေ့ဆုံဆွေးနွေးဖို့ကို အမျိုးမျိုးပြောတာပေါ့လေ။ အဲဒီတုန်းက နဝတ (ယခင် အာဏာသိမ်းစစ်အစိုးရ) က သူတို့က ပါတီတစ်ခုတည်းနဲ့ တွေ့ဖို့မဟုတ်ဘူး၊ ပါတီတွေက အများကြီးဆိုတော့ ကျွန်တော်တို့က ပါတီ ၁၀၀ ကျော် နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ပါတီ ၁၀၀ ကျော်ရဲ့ ထောက်ခံမှုနဲ့ ပါတီအများစုရဲ့ ထောက်ခံမှုရှိတယ်ဆိုပြီးတော့ တွေ့ဆုံဆွေးနွေးဖို့အတွက်ကို ကြိုးစားခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း နဝတက ဆက်ပြီးတော့ လျစ်လျူရှုထားခဲ့တယ်။ ကျွန်တော်တို့ ဘယ်လိုဆုံးဖြတ်ရလဲဆိုတော့ ဒီလိုမျိုး အသာတကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုကို လက်မခံဘူးဆိုရင်တော့ ကျွန်တော်တို့တွေ လှုပ်ရှားမှုတွေလုပ်မှဖြစ်မယ်။ Pressure (ဖိအား) ပေးမှရမယ်၊ “မတရားတဲ့ အမိန့်အာဏာဟူသမျှကို တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ အာဏာဖီဆန်မှုတွေလုပ်မှဖြစ်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ကာလတုန်းကလည်း အဖွဲ့ထဲမှာ တော်တော်လေးကို အကြိတ်အနယ်ဆုံးဖြတ်ခဲ့ရတယ်၊ ကျွန်တော်တို့မှာ အဲဒီလို အစဉ်အလာတော့ ရှိပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကို အားလုံးဝိုင်းပြီးတော့ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးရင်တော့ အဲဒီဆုံးဖြတ်ချက်အတိုင်း တာဝန်ခံပြီးတော့ လုပ်ကြရတာပေါ့နော်။
၁၉၉၀ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့လည်း အဲဒီအတိုင်းပဲ ရွေးကောက်ပွဲ ဝင်မလား၊ မဝင်ဘူးလားဆိုတဲ့ ကိစ္စက ဗဟိုကော်မတီအစည်းအဝေးမှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ၂၀၁၀ မတိုင်ခင်ဆိုရင်လည်း အားလုံးသိတဲ့အတိုင်းပဲ ရွှေဂုံတိုင်ကြေညာချက်ဆိုတာ ထုတ်ခဲ့တယ်။ ရွေးကောက်ပွဲ မဝင်ဘူးပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခြေအနေတွေရောက်မှ စဉ်းစားမယ်ဆိုတဲ့ သဘောထားတွေ ရှိခဲ့တယ်ပေါ့လေ။ နောက်ပိုင်းကျတော့ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဘူးဆိုတော့ ဆုံးဖြတ်တဲ့အခါကျတော့ တချို့လည်း သဘောမတူတဲ့ သူတွေက ဒီအဖွဲ့ကနေပြီးတော့ နုတ်ထွက်သွားခဲ့တာတွေရှိတယ်။
၂၀၁၂ မှာတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဝင်မလား၊ မဝင်ဘူးလားဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုကော်မတီဝင်တွေအားလုံး ဝိုင်းပြီးတော့စဉ်းစားတယ်။ အဲဒီမှာ သဘောမတူခဲ့တာတွေလည်းရှိတယ်။ ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးဆိုရင် ရွေးကောက်ပွဲဝင်ဖို့ကို သဘောမတူခဲ့ဘူး။ ဒါပေမယ့်လည်း ဗဟိုကော်မတီက ဆုံးဖြတ်ပြီးတဲ့အခါမှာတော့ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုတွေကို သူကိုယ်တိုင်လိုက်လုပ်ပေးတယ်။
မေး။ ။ အဲဒီကာလက ရွေးကောက်ပွဲဝင်ခဲ့တဲ့ အပေါ်မှာရော အခုအချိန်မှာ ပြန်စဉ်းစားရင် ပါတီရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယူဆပါသလား။
ဖြေ။ ။ နိုင်ငံရေးဆိုတာကလည်း Art Of Possibility ဖြစ်နိုင်တဲ့ဟာကို လုပ်ရတဲ့ အနုပညာသဘောလည်း ရှိတဲ့အခါကျတော့ ဖြစ်နိုင်ခြေတွေအားလုံးကို ခန့်မှန်းပြီးတော့၊ တွက်ဆပြီးတော့၊ အကောင်းအဆိုး အကျိုးအပြစ်ကို အကုန်လုံးကို ချင့်ချိန်ပြီးတော့ မျှတအောင်ပေါ့ ခေါင်းဆောင်လုပ်တဲ့သူက ဆုံးဖြတ်ရတာဖြစ်ပါတယ်။
၁၉၈၉ မှာ ဆိုလို့ရှိရင် ရွေးကောက်ပွဲကို ဝင်ချင်မှဝင်မယ်လို့ အဲ့ဒီတုန်းက သဘောထားတယ်။ ဒါပေမယ့် ၁၉၉၀မှာ အခြေအနေတစ်မျိုးဖြစ်တဲ့အခါကျတော့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာရှိတယ်။ ဒါပေမဲ့ အဲ့ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း သဘောတူတာတွေ၊ မတူတာတွေလည်းရှိတယ်။ သဘောတူတဲ့သူတွေကတော့ သဘောတူတဲ့အတိုင်းပဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဒီသဘောထားဟာ မှန်တယ်ဆိုတာမျိုး ရပ်တည်ကြမှာပဲ။ ဒါကတော့ သဘာဝလည်း ကျပါတယ်။ ဒါပေမဲ့ အခြေအနေဆိုတာက အမြဲတမ်း အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ အဲ့ဒီပြောင်းလဲနေတဲ့ အခြေအနေတွေမှာ မူတည်ပြီးတော့ ဆုံးဖြတ်နိုင်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ လွှတ်တော်ကိုယ်စားလှယ်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း မိတ္ထီလာမွတ်ဆလင်တွေကိစ္စမှာ သူကိုယ်တိုင်ကိုထပြီး တက်တက်ကြွကြွနဲ့ ကန့်ကွက်ခဲ့တာပေါ့။ ၂၀၁၂ ကာလမှာလို့ ထင်ပါတယ်။ သို့ပေမဲ့ ကိုယ်တိုင် အစိုးရဖြစ်လာတဲ့ ၂၀၁၅ကာလမှာတော့ ဥပမာအားဖြင့် လူနည်းစုမွတ်ဆလင်တွေနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေ၊ ယန်ဟီလီနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေမှာ NLD ရဲ့ ရပ်တည်ချက်တွေက တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးသမားတွေကြားထဲမှာ ဝေဖန်စရာတွေဖြစ်လာခဲ့တာပေါ့။ ဒီဟာရဲ့ ရိုက်ခတ်မှုက ဒီဘက်တော်လှန်ရေးကာလအထိ ရိုက်ခတ်မှုတချို့ ရှိခဲ့တာကို ကျွန်တော်တို့တွေ့ရတယ်။ ဒီတော့ အဲ့ဒီအချိန်ကာလတုန်းက ပါတီရဲ့ ရပ်တည်ချက်အခြေအနေက အစိုးရအဖွဲ့ထဲမှာ ဘယ်လိုများ ပြောင်းလဲမှုရှိခဲ့သလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကရော ဘာတွေပြောင်းလဲသွားခဲ့သလဲ။
ဖြေ။ ။ အစိုးရဖြစ်ပြီးတဲ့ကာလမှာတော့ ပြဿနာက ဘာလဲဆိုတော့ အခြေခံဥပဒေရဲ့ ပြဿနာကလည်း ကြီးကြီးမားမားရှိနေတာပေါ့လေ၊ ဥပမာအားဖြင့် အစိုးရအဖွဲ့ကို တာဝန်ယူသွားပြီဆိုရင် ပါတီမှာ တာဝန်ယူလို့မရတော့ဘူး။ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သွားပြီဆိုရင်လည်း ပါတီနဲ့ အဆက်အသွယ်ဖြတ်ရတာ ရှိတယ်ပေါ့လေ။ ဒါက NLD အစိုးရလက်ထက်မှာမှ မဟုတ်ဘူး။ ဒီမတိုင်ခင် ကြံ့ခိုင်ရေးအစိုးရလက်ထက်တုန်းကလည်း အဲ့ဒီအတိုင်းပဲ သူတို့ခေါင်းဆောင်ပိုင်းတွေကြားထဲမှာလည်း တော်တော်လေး သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့တယ်။ ပါတီနဲ့ အစိုးရရဲ့သဘောက အခြေခံဥပဒေအရ သက်သက်စီဖြစ်သွားတယ်ပေါ့နော်။ အဲ့ဒီတော့ NLD အစိုးရလက်ထက်မှာလည်း ဒီလိုမျိုးပြဿနာလေးတွေပေါ့။ ပြဿနာဆိုတာထက် အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ကျွန်တော် သတိထားမိတယ်။ ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ ဥက္ကဌဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ အစိုးရတာဝန်ယူလိုက်တဲ့အခါကျတော့ ဦးဝင်းမြင့်ဆိုလည်း အဲ့ဒီအတိုင်းပဲ။ ပါတီရဲ့ တာဝန်တွေကို ယူလို့မရတော့ဘူး။ အဲ့ဒီတော့ ပါတီမှာက နေ့စဉ်ဆွေးနွေးဆုံးဖြတ်မှုတွေက တော်တော်လေး အားနည်းသွားတယ်လို့ ပြောရမလား မသိဘူး။ တကယ်တမ်း အရေးကြီးတဲ့ အစိုးရအဖွဲ့ထဲမှာ တချို့ဆိုလို့ရှိရင်လည်း ဥပမာ- ဒေါက်တာဇော်မြင့်မောင်ဆိုရင်လည်း မန္တလေးတိုင်းရဲ့ ဝန်ကြီးချုပ်အနေနဲ့ သူတာဝန်ယူရတာရှိတယ် စသဖြင့်ပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရမှာပဲဖြစ်ဖြစ်၊ ပြည်နယ်၊ တိုင်း အစိုးရမှာပဲဖြစ်ဖြစ် တာဝန်တွေယူတဲ့အခါကျတော့ ပါတီရဲ့ ခေါင်းဆောင်မှုအပိုင်းမှာ တော်တော်လေး အားနည်းသွားတယ်လို့ ကျွန်တော်တော့ မြင်တယ်။
အားလုံးသိတဲ့အတိုင်းပဲ ၂၀၁၇ခုနှစ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်တဲ့ ပြဿနာမျိုးတွေလေ။ နောက်တစ်ခါ ကိုဗစ်နိုင်တင်းဖြစ်တယ်။ ဒီလိုမျိုး စသဖြင့် ကြီးမားတဲ့ ကိစ္စရပ်တွေကို ရင်ဆိုင်ခဲ့ရတာတွေ ရှိတယ်။ တဖက်ကကျတော့လည်း ပြည်သူလူထုကနေ ဘာပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ကိုယ့်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ ပါတီတစ်ရပ်ဖြစ်တဲ့အခါကျတော့ NLD အစိုးရဖြစ်ပြီဆိုရင် အပြောင်းအလဲတွေက အများကြီးဖြစ်မယ်ဆိုပြီး မျှော်လင့်ချက်တွေက သိပ်ကြီးခဲ့တယ်။ တကယ်တမ်း လက်တွေ့မှာကျတော့ NLD အစိုးရအနေနဲ့ကလည်း ကျွန်တော်နားလည်သလောက်ကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောကပြောတဲ့ အခြေခံဥပဒေအရ နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်ကလည်း အကန့်အသတ်တွေရှိသလိုမျိုးပဲ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း အကန့်အသတ်တွေက အများကြီးရှိတယ်။ ဒီအကန့်အသတ်တွေ ကြားထဲကမှ အကောင်းဆုံးဖြစ်အောင် လုပ်နေရတဲ့ အနေအထားပေါ့။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ မပြီးခဲ့ဘူးပေါ့။ ပြည်သူလူထုက တကယ့်ကို အများကြီးမျှော်လင့်ခဲ့တဲ့ဟာမှာ NLD က လက်တွေ့လုပ်ရတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်းဆောင်ရွက်မှုက ပြည်သူလူထုမျှော်လင့်သလောက် မလုပ်နိုင်ခဲ့ဘူးပေါ့။ ပြည်သူလူထုလို့ပြောတဲ့အခါမှာ တိုင်းရင်းသားတွေလည်း ပါတယ်၊ တက်ကြွလှုပ်ရှားသူတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေလည်း ပါတယ်။
မေး။ ။ NLD က အစိုးရဖွဲ့နိုင်တဲ့ကာလမှာ ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပပြီးတော့ ဖက်ဒရယ်အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာမဲ့ မူဘောင်တွေအထိ အခြေခံမူတွေချနိုင်ဖို့ ကြိုးစားခဲ့တာတွေ့ရတယ်။ အဲ့ဒီအထဲမှာ စစ်တပ်ပါဝင်အောင်လည်း လုပ်တာတွေ့တယ်။ ဒီလမ်းကြောင်းက ဘာကြောင့် ပျက်စီးသွားခဲ့ရတာလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်လည်း အကောင်းဆုံးကြိုးစားခဲ့တာတွေ ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၂၁ရာစုပင်လုံဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ အတတ်နိုင်ဆုံးကြိုးစားခဲ့တာ ရှိတယ်။ သို့ပေမယ့် သူအမြဲတမ်းပြောတာရှိတယ်၊ သူဆိုလို့ရှိရင်လည်း သက်တမ်းက အငြိမ်းစားယူရမယ့်ကာလ ရောက်နေပြီပေါ့လေ၊ အဲ့ဒီတော့ တိုင်းရင်းသားခေါင်းဆောင်ပိုင်းတွေ ကြည့်မယ်ဆိုရင်လည်း နှစ်ပေါင်းများစွာ သူတို့ရဲ့ တန်းတူညီမျှမှုနဲ့၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီးတော့ တိုက်ပွဲဝင်ခဲ့တာ လွတ်လပ်ရေးရပြီးကတည်းကနေ စခဲ့တယ်လို့တောင် ပြောလို့ရတယ်။ နှစ်ပေါင်းတော်တော်ကြာပြီဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တွေဆိုရင်လည်း အသက်တွေ တော်တော်ရနေကြပြီ။ ဆိုတော့ ဒီအချိန်မှာ အကောင်းဆုံးအချိန်လို့ ယူဆလို့ရတာပေါ့လေ။ အတွေ့အကြုံတွေလည်း ရနေပြီ။ အသက်အရွယ်တွေလည်း ရနေကြပြီ။ ဝိုင်းပြီးတော့ ဖြေရှင်းမယ်ဆိုလို့ရှိရင် ပြည်ထောင်စုတစ်ခုပေါ့ တည်ဆောက်မယ်။ အားလုံးသဘောတူနိုင်မဲ့ အခြေခံဥပဒေတစ်ခုကို ရေးဆွဲပြီးတော့ အားလုံးလက်ခံနိုင်တဲ့ ပြည်ထောင်စုတစ်ခုကို တည်ဆောက်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးရသွားတဲ့သဘောပေါ့။ ဒါ ဒေါ်အောင်ဆန်းစုကြည် တစိုက်မတ်မတ် ကြိုးစားခဲ့တာပဲ ဖြစ်တယ်ပေါ့လေ။ ဒါပေမဲ့လို့လည်း ခုတော့ ပြောလို့ရတာက ဘာလဲဆိုတော့ အထူးသဖြင့် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အမြဲတမ်း ကဖျက်ယဖျက် လုပ်ခဲ့တာတွေ ရှိတယ်။ အသေးစိတ်တော့ မပြောတော့ဘူး။ ဒါပေမယ့် အမြဲတမ်း ကဖျက်ယဖျက် လုပ်ခဲ့တဲ့အတွက်ကြောင့် ဘယ်တော့မှ ရှေ့ကိုမတိုးနိုင်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ပြဿနာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အယူအဆ သဘောထားတစ်ခုနဲ့ပေါ့လေ။ အားလုံး ပြေပြေလည်လည်ဖြစ်အောင် သူကြိုးစားခဲ့တာရှိတယ်။ အဲ့ဒီတော့ တပ်က ကဖျက်ယဖျက်လုပ်တိုင်း ကျွန်တော်တို့က အပြင်မှာ ထုတ်ပြောလို့မရဘူး။ ထုတ်ပြောရင် ဘာပဲဖြစ်ဖြစ်က အချင်းချင်းကြားမှာ ရှိထားတဲ့ နားလည်မှုလေးပြိုကွဲသွားမလား၊ စည်းလုံးမှုလေး ပြိုကွဲသွားမလား စသဖြင့် စိုးရိမ်ချက်တွေနဲ့ စိတ်ရှည်ရှည်ထားပြီးတာ့ ဆောင်ရွက်ခဲ့ရတာပေါ့လေ။ တကယ်တမ်း ပြောမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့က ငါးနှစ်တာကာလမှာ ကြိုးစားဖို့ အခွင့်အလမ်းတွေ အများကြီးရခဲ့တယ်။ ဒါပေမဲ့ အခွင့်အရေးတွေကို အများကြီး လက်လွှတ်ဆုံးရှုံးခဲ့ရတာ ရှိတယ်။
ဒီဘက် အာဏာသိမ်းဖို့ ကြိုးစားတဲ့ကာလနောက်ပိုင်းပေါ့။ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်းမှာဆိုလို့ရှိရင် ကျွန်တော်တို့ Charter ဆိုတာကို ရေးဆွဲနိုင်ခဲ့တယ်။ ပြီးတော့ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အခြေခံမူတွေပေါ့။ ဒီမိုကရေစီ Charter ဆိုတာကို ပြဋ္ဌာန်းနိုင်ခဲ့တာ ရှိတယ်ပေါ့။ ဒီ Charter ဆိုလို့ရှိရင် ကျွန်တော်တို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရောပေါ့ ဆွေးနွေးတာ ဘာမှကို မကြာဘူး။ ဘာမှသိပ်မကြာဘဲနဲ့ Charter မှာပါတဲ့ အခြေခံမူတွေကို ရေးဆွဲပြီးတော့ ပြဋ္ဌာန်းနိုင်တာပေါ့လေ။ အဲ့ဒီတော့ ဒီဟာတွေက ၅ နှစ်တာကာလလုံး ပြီးခဲ့တဲ့ ပြည်ထောင်စုဆွေးနွေးပွဲတွေမှာ ဘယ်လိုမှမရခဲ့တဲ့ဟာက အချိန်ကာလ ဘာမှမကြာတဲ့ ကာလလေးမှာ ရခဲ့တယ်။ ဘာလို့လဲဆိုတော့ တပ်မပါလို့။ အဲ့ဒီတော့ တပ်က ကိုယ်စားလှယ်တွေ မပါဘဲနဲ့ ဆွေးနွေးတဲ့အခါကျတော့ အမြန်ဆုံး အခြေခံမူတွေကို ရရှိခဲ့တယ်။ အဲ့ဒါကို ကြည့်မယ်ဆိုလို့ရှိရင် ထင်ရှားနေတယ်၊ တကယ့် ပြည်ထာင်စုစစ်စစ် တည်ဆောက်ဖို့ကို တပ်က မလိုလားဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရသွားတာမျိုး သူတို့မဖြစ်စေချင်တာလည်း ပါမယ်လို့တော့ တွက်လို့ရတယ်။
အဲ့ဒီ ၅ နှစ်တာကာလမှာ အောင်မြင်မှုကိုရဖို့ ကြိုးစားရင်း ကြိုးစားရင်း လွဲခဲ့တာ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီဖက်ဒရယ် Charter ကို ပြဋ္ဌာန်းနိုင်ခဲ့တယ်ဆိုတဲ့ဟာကလည်း ကျွန်တော်တို့ကြားထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေကြားထဲမှာ သဘောတူညီမှုတွေ၊ နားလည်မှုတွေ ရှိနေပြီဆိုတဲ့ဟာကို တစ်စိတ်တစ်ပိုင်း ထင်ဟပ်တယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၃၃နှစ်မြောက် ပါတီနှစ်ပတ်လည်အတွက် ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ NLD ဟာ ဆက်ပြီးတော့ ရှိနေဦးမှာပဲ။ ဆက်ပြီးတော့ ရပ်တည်နေဦးမှာပဲ။ NLD က စပြီးတော့ တည်ထောင်စဉ်ကတည်းက သူ့ရဲ့ရပ်တည်ချက်တွေ ရှိပါတယ်။ အဲ့ဒီအထဲကမှ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတဲ့ ကိစ္စလည်း ပါပါတယ်။ အဲ့ဒီရည်ရွယ်ချက်ကို မပြည့်မြောက်သရွေ့ကတော့ NLD ဟာ ဆက်ပြီးတော့ လှုပ်ရှားဆောင်ရွက်ဦးမှာ ဖြစ်ပါတယ်။ myanmar now
khit thit
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အေးချမ်းလွင်ကျေးရွာမှာ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီခွဲလောက်က စစ်တပ်သတင်းပေးဒလန် ဖိုးတုတ် အပါအဝင်မိသားစုဝင် ၄ ဦးကို အမည်မသိလူတစ်စုက ကားနဲ့လာရောက်ပြီး သေနတ်တဲ့ ပစ်သတ်သွားတယ်လို့သိရပါတယ်။
ပစ်သတ်ခံရသူလေးဦးရဲ့ရုပ်အလောင်းတွေကို စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီအထိ လာမကောက်သေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
“အပစ်ခံရတာ ဟုတ်တယ်ဗျ။ ညက ၈ နာရီခွဲဝန်းကျင်လောက်ပဲ ကားနဲ့ လာပစ်သတ်သွား တာ။ အခုထိတော့ အလောင်းလာမကောက်ကြသေးဘူး။ လူကြီးတွေတော့ အဲ့ဒီ အိမ်ဘက်သွားတာ တွေ့နေရတယ်။ ကျနော်တို့လည်း ကြောက်တော့ သွားမကြည့်ရဲဘူးဗျ။ အရွယ်ရောက်ပြီးသားသူ လေးယောက်စလုံးကို ပစ်သတ်သွားတာ အရွယ်မရောက်သေးတဲ့ ၃ နှစ်သားအရွယ်ကလေးက တော့ ဘာမှမဖြစ်ဘူး။ အခုအပစ်ခံရတဲ့ ကိုဖိုးတုတ်က ဆန္ဒပြတာတွေရှိရင် သူက တပ်ကို သတင်းပေးတယ်။ CDM တွေကိုသတင်းပေးပြီး ဖမ်းခိုင်းတာတွေရှိတယ်။ သူ့ကြောင့် CDM တွေရော လူငယ်ပိုင်းတွေပါ ထွက်ပြေးရပေါင်းမနည်းတော့ဘူးလေ”လို့ ဒေသခံတဦးက ပြောပါတယ်။
အေးချမ်းလွင်ကျေးရွာဟာ အနီးအနားတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတစ်ချို့က မိသားစုတွေ ရွှေ့ပြောင်းနေထိုင်ကြရင်း ရွာဖြစ်တည်လာတာလို့ သိရပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်မှုတွေ မကြာခဏပြုလုပ်နေတဲ့ရွာဖြစ်ပြီး ပစ်သတ်ခံရတဲ့မိသားစုကတော့ ထီးချိုင့်မြို့ နယ် ကြက်တကောင်ကျေးရွာကနေ ပြောင်းရွှေ့နေထိုင်သူတွေ ဖြစ်ပါတယ်။DVB
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ လမ်းဆုံ လွတ်လပ်ရေးကျောက်တိုင်အနီးမှာ စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနား ဝန်းကျင်မှာ ကင်းပုန်းနေထားတဲ့ အရပ်ဝတ် စစ်ကောင်စီဝင် ၃ ဦး မိုင်းစထိမှန် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒဏ်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ဗန်းမော်မြို့နယ်ရှိ ၄ မိုင်စစ်ဆေးရုံမှာ ဆေးကုသ နေတယ်လို့ သတင်းရရှိပါတယ်။
“ကျနော်တို့အိမ်နဲ့ နီးတယ်။ အသံအကျယ်ကြီးပဲ အနားကနေဖြတ်မောင်းသွားတဲ့ သုံးဘီး တစ်စီးလည်း ဗုံးထိမှန်သွားပြီး သုံးဘီးဆရာလည်း ထိသွားတာ ဟုတ်တယ်၊ စစ်သားတွေလည်း ထိသွားတယ်ကြားတယ်” လို့ မိုးမောက်မြို့ခံတစ်ဦးကပြောပါတယ်။
အဆိုပါဖောက်ခွဲမှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။ မိုးမောက်မြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ လအတွင်း မိုင်းဗုံးပေါက်ကွဲမှု ၈ ကြိမ်၊ လက်နက်ငယ်ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။DVB
ငရုတ်ကောင်းမြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်သင်တန်းပေးနေသည်ဟုစွပ်စွဲကာ သင်တန်းတက်နေသူ များထုတ်မပေးပါက ရွာကိုမြေပုံပေါ်က ပျောက်သွားအောင်လုပ်ပစ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ဧရာဝတီတိုင်း ၊ငပုတောမြို့နယ် ၊ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာတွင် PDF များလာရှာသည့် အကြမ်းဖက်တပ်က ရွာသားများကိုဖမ်းဆီးနေသည်မှာ ယခုဆိုလျှင် ၂၃ ယောက်ရှိသွားပြီဖြစ်သည်။
အဖမ်းခံရသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါပါဝင်သည်။“စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ခေါင်းဆောင်ကပြောတယ်။ ဒီမှာသင်တန်းပေးနေတာ သိတယ်ပေါ့။ အကုန်လုံးကို လာအဖမ်းခံခိုင်း ၊အကုန်ထုတ်ပေး ၊မပေးရင် သဲဖြူရွာကို မြေပုံကနေ ပျောက်သွားအောင် လုပ်ပစ်မယ်လို့ ပြောတယ်။ ”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များက အင်အားထပ်မံတိုးချဲ့ပြီး သဲဖြူကျေးရွာနှင့် ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများ၏ အဝင်အထွက် လမ်းကို ပိတ်ဆို့ထားကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောသည်။mizzima
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာမှာ ကိုယ်ဝန် ဆောင်မိခင်အပါဝင် ၈ ဦးကို အကြမ်းဖက်စစ်ကောင်စီက စက် တင်ဘာလ ၂၆ ရက်နေ့မှာ ထပ်မံဖမ်းဆီးလိုက်ပါတယ်။
သဲဖြူကျေးရွာကို စက်တင်ဘာ ၂၅ ရက်နေ့ကစတင်ကာ တပ်စခန်းလာချပြီး ဒေသခံပြည်သူ ၁၆ ဦးကိုဖမ်းဆီးခဲ့သလို စက်တင်ဘာလ ၂၆ ရက်နေ့မှာ နောက်ထပ် ကိုယ်ဝန်ဆောင်မိခင်အပါဝင် ၈ ဦး ဖမ်းဆီးခံရတာလို့ ဒေသခံတွေကပြောပါတယ်။
“လက်နက်တွေရှိတယ်ဆိုပြီး စခန်းလာချရှာနေတာ စလာတဲ့ညက ၁၆ ယောက်အဖမ်းခံရတယ်၊ နောက်တစ်နေ့မှာ ၈ ဦးအဖမ်းခံရတာ အဲ့တာမှာ ဗိုက်ကြီးသည်တစ်ယောက်ပါတယ်၊ ဗိုက်ကြီးသည်ပါ မကျန်ဘူးဆိုတော့ ဗိုလ်ကြီးလာမှ ကျမတို့ရွာလေး ပြာကျတယ်ဆိုတဲ့ စကားလိုဖြစ်နေပြီ”လို့ ပြောပါတယ်။
စစ်တပ်ရောက်လာပြီးနောက်ပိုင်းမှာ ရွာထဲက လူငယ်တွေကို PDF လို့ စွပ်စွဲကာ လိုက်လံဖမ်းဆီးခဲ့သလို တောထဲဝင်ပုန်းနေတဲ့ ရွာသားတွေကိုလည်း တောနင်းရှာဖွေနေပါတယ်။
ရွာသစ်ကုန်းကျေးရွာ၊ တောင်သရက်ကုန်းနဲ့ သံပတ်ကွင်းကျေးရွာတွေကို စစ်တပ်က ဝင်မွှေနေတာ ကြောင့် သဲဖြူနဲ့ သရောင်းကျေးရွာအုပ်စုထဲက ရွာသားတချို့ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။DVB
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းမ စာတိုက်မှတ် တိုင်အနီးရှိ အမှတ် (၁) ရဲစခန်းရှေ့တွင် ယနေ့ နေ့လည် ၁နာရီကျော်က ဗုံးကွဲ မှုတစ်ခု ဖြစ်ပွားခဲ့သည်။
” ရဲစခန်းရှေ့မှာ ပေါက်တာ အထိအခိုက်တော့ မရှိဘူး။ အခုကတော့ လာသမျှ ကားတွေ အကုန် သေ ချာ လိုက်စစ်ဆေးနေတယ်” ဟု ၎င်းကပြောသည်။စက်တင်ဘာ ၂၆ရက်နေ့ကလည်း သာကေတ (၄) တောင် ရပ်ကွက်အုပ်ချုပ် ရေးရုံးနှင့် သာကေတအဝိုင်းထိပ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။mizzima