KNU တပ်မဟာ ၅ နယ်မြေ ဘူးသိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ၁ ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ရာ၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ခလဲသေထ ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တို့ကြား စက်တင်ဘာလ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရကြောင်း၊ ဝါ့လိုသူးကလယ်ကျေးရွာဘက်တွင်လည်း တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွဦးပြီး စစ်ကောင်စီတပ်မှ ၁ ဦး ဒဏ်ရာရရှိကြောင်း၊ KNLA ဘက်မှ ထိခိုက်မှုမရှိကြောင်း KNLA တပ်မဟာ ၅ ရှေ့တန်းအရာရှိတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။
ဖာပွန်မြို့ခရိုင်မြောက်ဘက်ရှိ၊ ဒွယ်လိုးမြို့နယ်အတွင်း အများပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ စကခ ၈၊ ခမရ ၄၀၇ မှ ဗိုလ်ကြီးကျော်မင်းထက်ဦးဆောင်သော စစ်ကောင်စီတပ်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် အကြိမ်ရေများစွာ ပစ်ခတ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၇ ရက်တွင်လည်း စကခ ၈၊ ခမရ ၄၀၈ တပ်ရင်းမှာ ဒွယ်လိုးမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ထီးဘောပတဲကျေးရွာအတွင်းသို့ လက်နက်ကြီး ၅ လုံးနှင့် လောထကျေးရွာအတွင်းသို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါ အရာရှိမှ ဆက်ပြောသည်။KNU ထိန်းချုပ်ရာ တပ်မဟာများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KNLA တို့ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေ သည်။khit thit