Monthly Archives: Sep 2021

ချင်းတွင်းမြစ်ရိုးတလျှောက် ဆန်တက်လာသော စစ်ကောင်စီ ရေယာဉ်တစ်စီးအား မုံရွာနှင့် ကနီ PDF များ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးအများအပြား ဒဏ်ရာရ

ချင်းတွင်းမြစ်ရိုးတလျှောက် အထက်သို့ ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ် ၁ စီးအား မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ ၂ ဦး သေဆုံးကာ ဒဏ်ရာရသူများရှိကြောင်း မုံရွာ PDF ထံမှ သိရသည်။

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) သည် မုံရွာမြို့အတွင်း ပြောက်ကျား တိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ မဟာမိတ် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိကြောင်း MPDF မှ ထုတ်ပြန်ထားသည်။khit thit

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာပစ္စည်းတွေ၊ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ တင်ဆောင်လာတဲ့ အကြမ်းဖက် စစ်ရေယာဥ်အုပ်စုကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေကြောင်း ပွတ်လုံးပွတ်လန်တောင်ကွေ့ အနီးဝဲယာမှာ တိုက်ခိုက်မှု တစ်ကြိမ် စတင်ခဲ့ပြီး မျိုးချောင်းပေါက် ဆင်တော်ဝဲကွေ့မှာလည်း တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ 

နောက်တစ်ကြိမ်မှာ မြွေပိုင်းတောင်အနီးမှာ တိုက်ခိုက်မှု တစ်ကြိမ်နဲ့ စုစုပေါင်း တိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကနီ PDF က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲ ၃ ကြိမ်မှာ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော် ၅ ဦးမှာ ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ အခြေအနေ) ရှိခဲ့ပြီး ကျဆုံး၊ ပျောက်ဆုံး တော်လှန်ရေးရဲဘော်များ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရရှိမှု စာရင်းကို အတိအကျ မသိရသေးပေမဲ့ ဒီနေ့တိုက်ပွဲမှာ ဆုံးရှုံးမှု အများဆုံးတိုက်ပွဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။DVB

သိန္နီ မြို့တွင် စစ်ကောင်စီတပ်သားက LGBT လူငယ်အားအကြောင်းမဲ့ ရိုက်နှက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့တွင် ယမန်နေ့ စက်တင်ဘာ ၂၈ရက် မနက် ပိုင်းက သိန္နီမြို့စီးပွားရေးဘဏ် အစောင့်တပ်သားက ဘဏ်ရှေ့ရှိ ဆံပင်ညှပ် ဆိုင်အတွင်းသို့ဝင်ကာ ဆံပင်ညှပ်ဆိုင်ပိုင်ရှင် LGBT လူငယ်တစ်ဦးအား ရိုက်နှက် မှုဖြစ်ပွားကြောင်းသိရသည်။ စစ်ကောင်စီတပ် သားသည် မည်သည့်အကြောင်းပြချက်မှမရှိဘဲ ဆံပင်ညှပ် ဆိုင်တွင်းသို့ဝင်ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရိုက်နှက်မှုဖြစ်စဉ်အား မျက်မြင်တွေ့သူ ဒေသခံတစ်ဦးကပြောသည်။

“စစ်သားက အရက်မူးနေတယ် ထင်တယ်။ ဒီတိုင်းဘာမှရန်မဖြစ်ဘဲ ဆိုင်ထဲ ဝင်တယ်။ အဲဒီကလေးကိုရိုက်တယ်။ ပြီးတော့ခြေထောက်ကို စစ်ဖိနပ်နဲ့ အကြိမ်ရေအများကြီးနင်းတယ်။ သူ့နောက်မှာရဲလည်း ပါတယ်။ အဲဒီရဲကလည်း ဘာမှမပြောဘူးပေါ့ ” ဟု ၎င်းက ပြောသည်။ ရိုက်နှက်ခံရသူ LGBT လူငယ်မှာ ရိုက်နှက်ခံရသည့်ဖြစ်စဉ်အသေးစိတ်ကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မူလကမျှဝေထားခဲ့သော်လည်း ၎င်း ၏ နေအိမ်ကို သက်ဆိုင်ရာမှ လာရောက်ခြိမ်းခြောက်ပြီးနောက် မျှဝေမှုကို ဖျက်ပစ် ခဲ့ရသည်ဟု သိရသည်။

အရိုက်နှက်ခံရသူနေအိမ်သို့ သိန္နီမြို့ရှိနယ်မြေခံတပ်မှ ဗိုလ်မှူးအချို့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများလာရောက်ပြီး နောက်ထိုကဲ့သို့ ဖျက်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်နှက်ခံသူနှင့် နီးစပ်သူကပြောသည်။ “ခုနေ့လည်ပိုင်းသူ့အိမ်ကို တပ်ကကော၊ ထွေအုပ်ကပါလာတယ်။ လျော်ကြေး ပေးမယ်ဆိုပြီး facebook အကောင့် တောင်းတယ်။

သူတင်ထားတာတွေလည်း ဖျက်ပစ်တယ်။ သူ့အကောင့်ပါဖျက်လိုက်ရတယ်။ အခုထိဘာလျော်ကြေးမှ လည်းမရဘူး။ ” ဟု ၎င်းကဆိုသည်။ စစ်ကောင်စီတပ်သား၏ ရိုက်နှက်မှုကြောင့် အဆိုပါ LGBT လူငယ်မှာ မျက်နှာ နှင့် ခြေထောက်တို့တွင်ဒဏ်ရာရထားပြီး နားတစ်ဖက်မှာလည်း ကောင်းစွာ မကြားရတော့ကြောင်းသိရသည်/Mizzima

နေပြည်တော် ပျဉ်းမနားမြို့တွင် ရိက္ခာလာဝယ်သည့် စစ်ကား ဗုံးပစ်ခံရ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့မှာ စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက်က ရိက္ခာဝယ်ရန်လာတဲ့ စစ်ကောင်စီကားကို ဗုံးပစ်ထည့်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီမနက် ၉ နာရီလောက်က ပျဥ်းမနားမြို့ KBZ ဘဏ် အမှတ် ၃ အနီးမှာ ရိက္ခာလာဝယ်တဲ့ စစ်ကားကို အမည်အသိ လူတစ်စုက လက်လုပ်ဗုံးနဲ့ ထုပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဗုံးက ကားဘောင်နဲ့ ထိပြီး လမ်းပေါ် လွင့်စင် ပေါက်ကွဲသွားတာကြောင့်  စစ်သားတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဗုံးပေါက်တဲ့ နေရာအနီးမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်း စစ်ဆေးရေး ပြုလုပ်နေ​တယ်လို့ မြို့ခံတွေက ပြောပါတယ်။DVB

ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားရ

ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲနှင့်လပွတ္တာမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်သွားပြီး စျေးနှုန်းမြင့်တက်နေသည့်အတွက် ယာယီပိတ်ထားရမှုများ ရှိနေကြောင်းဧရာဝတီတိုင်း စက်သုံးဆီတင်သွင်းရောင်းချရေးအသင်း ထံမှသိရသည်။

“သူတို့ပိတ်လိုက်တာမမှားဘူးလေ။ ဆီအကုန်ကုန်လို့ ပိတ်တာတော့ မဟုတ်ပါဘူး။ ကျန်တာတော့ ရှိကြမှာပါ။ အခုဒေါ်လာစျေးနဲ့က သွင်းထားတဲ့သူတွေကလည်း စျေးအမြင့်တွေခေါ်တယ်။ ကိုယ်တိုင်သွင်းထားတဲ့သူမဟုတ်ရင် ၊သွင်းနိုင်တဲ့သူမဖြစ်ရင် မရောင်းနိုင်ဘူးလေ။ မနက်တစ်စျေး ညတစ်စျေးမှာ ပြန်ဝယ်ရင် ရှုံးမှာဆိုတော့ ပိတ်ထားလိုက်ကြတာ”ဟု ဧရာဝတီတိုင်း စက်သုံးဆီတင်သွင်းရောင်းချရေးအသင်း၏ အဖွဲ့ဝင်တစ်ဦးကပြောသည်။

မြောင်းမြမြို့၌ ယနေ့ စက်တင်ဘာ ၂၉ရက်တွင် စက်သုံးဆီအ‌ရောင်းဆိုင်များအနက် နှစ်ဆိုင်သာ ဖွင့်လှစ်ရောင်းချနေလျက်ရှိပြီး ကျန်ဆိုင်များမှာ စက်သုံးဆီ လက်ကျန်ပြတ်သွားသည်ဟုဆိုကာ ဆိုင်ပိတ်ထားသည်ဟု စက်သုံးဆီလိုက်လံ၀ယ်ယူနေသည့် ဒေသခံ တစ်ဦးထံမှ သိရသည်။

“ဒီ‌နေ့ နှစ်ဆိုင်ပဲ ဖွင့်တာ ‘ဦးဖိုးထောင်’ ဆိုင်ရယ်၊ ‘ဝင်း’ အမည်နဲ့ဆိုင်ရယ် နှစ်ဆိုင်ပဲဖွင့်တယ်။ ကျန်တာအကုန်ပိတ်တယ်။ ဖွင့်တဲ့ဆိုင်တွေမှာလည်း လူတွေကတန်းစီဝယ်နေတာ ကားတွေရော ဆိုင်ကယ်တွေရော ပုံးတွေနဲ့ရောပဲ။ “ဦးဖိုးထောင်” ဆိုင်မှာတော့ ဝယ်လို့ရသေးတယ်။ “ဝင်း”ကတော့ ပိတ်တော့မယ်ပြောတယ်။ မနက်က ဆီတစ်သောင်းဖိုးဝယ်တာ ၅လီတာကျော်ပဲ ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဓာတ်ဆီစျေးမှာ ယ‌နေ့စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းက တစ်လီတာလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရာက ညနေပိုင်းတွင် တစ်လီတာလျှင် ၁၇၅၀ ကျပ်နှုန်းအထိ ဈေးနှုန်းတက်သွားသည်ဟု ၎င်းကပြောသည်။ လပွတ္တာမြို့တွင်လည်း စက်သုံးဆီအရောင်းဆိုင်အချို့ပိတ်လိုက်ပြီးနောက် စက်လှေများနှင့် ကုန်တင်ယာဉ်အချို့ပါ အခက်အခဲဖြစ်ပေါ်နေသည်ဟု သိရသည်။

“ဒီမြို့မှာက ကမ်းနားဆိုင်တွေကလွဲပြီးတော့ “တော်ဝင်”တစ်ဆိုင်ရှိမယ်။ သုံးမိုင်က တစ်ဆိုင်ရှိမယ် ဒါပဲရှိတာလေ။ မြောင်းမြမှာ ဆိုင်ပိတ်တယ်လည်း ကြားရော အကုန်ပိတ်ချလိုက်တာ၊ မြို့တွင်းမှာ အကုန်စျေးတက်ပြီး ဆီကိုမှောင်ခိုဝယ်နေရတယ်။ ခရီးဝေးသွားတဲ့ ကားတွေက တော့ ပြသနာမရှိဘူး။ ရန်ကုန်ရောက်မှ ထည့်မယ်ဆိုပြီးရတယ်။ မြို့တွင်းက ကားတွေနဲ့ ဆိုင်ကယ်တွေကျတော့ အကုန်တိုင်ပတ်ကုန်ရော”ဟု လပွတ္တာဒေသခံတစ်ဦးကပြောသည်။လပွတ္တာမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၁၇၀၀ကျပ်မှ ၁၈၀၀ ကျပ်ဈေးနှုန်းအထိ ပေါက်ဈေးရှိနေကြောင်း ၎င်းကပြောသည်။

အိမ်မဲမြို့နှင့် ဝါးခယ်မမြို့များတွင်လည်း အလားတူစက်သုံးဆီဆိုင်အချို့ ပိတ်လိုက်ရသည့် အခြေအနေမျိုး ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။mizzima

တနိုင်းမြို့နယ်၌ ကေအိုင်အေနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဒိန်ကောက်ကျေးရွာအနီးမှာ စက်တင်ဘာ ၂၉ ရက် မနက် ၁၀ နာရီ ၀န်းကျင်လောက် ကေအိုင်အေ တပ်မ ဟာ-၂ လက်အောက်ခံ တပ်ရင်း ၄၃ နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၂၀ ကျော် ကျဆုံးခဲ့တယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက အတည်ပြု ပြောပါတယ်။

“ဒီနေ့မနက်ပိုင်း ၁၀ နာရီ၀န်းကျင်က စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က ၂၀ ကျော်ကျဆုံးသွားတယ်။”

ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ  ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အကျအဆုံးများတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။DVB

မြန်မာ့ရွှေဈေး ကျပ် ၂၂ သိန်းကျော်အထိတက်ပြီး ပြန်လည်ကျဆင်း

ထိန်းမရအောင် ထိုးကျနေတဲ့ မြန်မာ့ကျပ်ငွေတန်ဖိုးကြောင့် ဈေးမငြိမ်ဖြစ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ စက်တင်ဘာ ၂၉ ရက် ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို  ကျပ် ၂၂ သိန်း ကျော်အထိတက်သွားပြီး နာရီပိုင်းအတွင်း ကျပ် နှစ်သိန်းကျော် ပြန်လည်ကျဆင်းသွားပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်း ၂ သောင်း ဝန်းကျင်ရှိခဲ့ပေမဲ့ မွန်းလွဲပိုင်းမှာ ကျပ် ၂၀ သိန်းကို ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဘဏ်တွေနဲ့ မြန်မာကျပ်ငွေအပေါ် လူထုယုံကြည်မှု လျော့ကျ လာတာ၊ နိုင်ငံတကာ ငွေကြေးအကူအညီတွေ ရပ်ဆိုင်းခံခဲ့ရတာ၊ ပို့ကုန်တင်ပို့မူကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေ ဘီလီယံနဲ့ ချီလျော့ကျတာ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုလုပ်ငန်း (FDI)တွေ ဝင်ရောက်မှုလျော့ကျသွားတာစတဲ့ အချက်တွေကြောင့် ပြည်တွင်းမှာ ဒေါ်လာနဲ့ရွှေဈေးနှုန်းတွေ စံချိန်တင် တဟုန်ထိုးမြင့်တက်လာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ မကြာသေးခင်က ကားတင်သွင်းခွင့်ကို ယာယီပိတ်ကြောင်း ကြေညာခဲ့ပါတယ်။ မြန်မာကျပ်ငွေ ထိန်းမရအောင် ထိုးကျနေတာကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ ကားတင်သွင်းခွင့် မူဝါဒ အသစ်ဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ 

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်အနေနဲ့လည်း ဒေါ်လာစျေးထိန်းနိုင်ဖို့ ဒေါ်လာသန်းပေါင်းများစွာ စျေးကွက်ထဲ ထည့်သွင်းပေးနေပေမဲ့လည်း အရာမထင်ဖြစ်နေဆဲပါ။DVB

« Older Entries