Monthly Archives: Sep 2021

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေအမှု တရားရုံး ပြောင်းရွှေ့

နိုင်ငံတော်လျို့ဝှက်အက် ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆိုခံထားရသော နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်နှင့် ပြည်ထောင်စုဝန်ကြီး သုံးဦး တို့ကို နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးတွင် စစ်ဆေးရန် ကနဦး လျာထားသော်လည်း နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးရန် ပြောင်းရွှေ့လိုက်သည်။

ယင်း တရားရုံးသည် ယခင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို လူတွေ့ရုံးထုတ်စစ်ဆေးနေသည့် တရားခွင်ဖြစ်သည်။ယနေ့ရုံးချိန်း မတိုင်မီ နံနက် ၈နာရီတွင် အမှုလိုက်ရှေ့ နေများကို ဇဗ္ဗူသီရိ မြို့နယ် ရဲစခန်းက ခေါ်ယူ၍ စွပ်စွဲခံရသူများအား လိုက်ပါဆောင်ရွက်မည့် ရှေ့နေအားလုံး တရားခွင်ဝင်ပါက မဆံ့သဖြင့် စွပ်စွဲခံရသူ တစ်ယောက်အတွက် ရှေ့နေတစ်ယောက်သာ ဝင်ခွင့်ရရှိမည်ဟု ရဲတပ်ဖွဲ့က ပြောဆိုကြောင်း ရှေ့နေ ဦးခင်မောင်ဇော် အပြောအရသိရသည်။

“ ရဲတပ်ဖွဲ့ကလည်း ဒါသူ့အထက်က အမိန့်အရဆိုပြီး တရားခွင်ထဲမှာ စွပ်စွဲခံရ သူတစ်ယောက် ရှေ့နေတစ်ယောက်ကိုသာခွင့်ပြုတယ်လို့ ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။သို့သော် ရှေ့နေအဖွဲ့က စွပ်စွဲခံရသူများ၏အခွင့်အရေးအရ ကိုယ်စားလှယ် လွဲအပ်ခြင်းခံရသည့် ရှေ့နေအားလုံး တရားခွင်အတွင်း ဝင်ပိုင်ခွင့်ရှိကြောင်း နှင့် တရားခွင်အတွင်း ကိုယ်စားလှယ်လွဲစာ ယူထားသည့်ရှေ့နေအားလုံး ဝင်ရောက် ကြားနာနိုင်မှုအ တွက် တရားလိုများဘက်မှ ပြင်ဆင်ရမည့် တာဝန်ဖြစ်ကြောင်း ရှေ့နေအဖွဲ့က ပြန်လည် ငြင်းခုံ ချေပပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

ယင်းအတွက် တရားခွင်စသည့်တစ်ပြိုင်အနက် စွပ်စွဲခံရသူ ရှေ့နေများဘက်မှ ခရိုင်တရားသူကြီးအား လျှောက်ထားရာ တရားခွင်အတွင်းရှေ့ နေများ သက် တောင့်သက်သာဖြစ်စေမည့် နေရာထိုင်ခင်း ဆောင်ရွက်ပေးရန် ညွှန်ကြား ခဲ့သည်။ထို့နောက် ရှေ့နေအဖွဲ့ဝင်များအနက် ရန်ကုန်မြို့မှ လာရောက်ရသည့် ရှေ့နေများက အမှုနှင့် ပတ်သက်၍ အပတ်စဉ်ကြာသာပတေးနေ့တိုင်းမဟုတ်ဘဲ တစ်ပတ်ခြား တစ်ခါ ကြာသာပတေးနေ့တိုင်း စစ်ဆေးပေးရန် လျောက်ထား ခဲ့ရာ တရားသူကြီးက လက်မခံဘဲ ငြင်းဆိုခဲ့သည်။

ယနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူများကို ရုံးထုတ်ခဲ့သော်လည်း ရှေ့နေအဖွဲ့များနှင့် တွေ့ဆုံခွင့်မရရှိဘဲ ရုံးချိန်းနေ့တိုင်း သီးသန့် တွေ့ဆုံခွင့်ရရန် လျောက်လွာ တင်ခဲ့ပြီး နှစ်ဘက်လျှော်လဲချက်ကို လာမည့် ရုံးချိန်းတွင်ကြားနာသွားမည် ဖြစ်သည်။ ယနေ့ ရုံးချိန်းတွင် အမှု နှင့်ပတ်သက်၍ စစ်ဆေးခဲ့ခြင်းမရှိပေ။ယင်းအမှုအတွက် လိုက်ပါဆေင်ရွက်မည့် ရှေ့နေများမှာ ဒေါ်အောင်ဆန်း စုကြည်အတွက် ဦးကြည်ဝင်း၊ ဦးခင်မောင်ဇော်နှင့် ဒေါ်စန်းမာလာညွှန့် တို့ဖြစ်သည်။

မစ္စတာ ရှောင်တာနယ်အတွက် ရှေ့နေ ဦးနေဝင်းနှင့် ဦးရဲလွင်တို့ ဖြစ်ကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအတွက် ရှေ့နေ ဦးသန်းလွင်၊ ဒေါ်မော်နှင့် အငယ်တန်းရှေ့နေတစ်ဦးတို့ လိုက်ပါဆောင်ရွက်မည်ဖြစ်သည်။ဒုတိယဝန်ကြီး ဦးဆက်အောင်အတွက် ဒေါ်စန်းမာလာညွှန့်က တစ်ဦးတည်း လိုက်ပါဆောင်ရွက်မည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်း အတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေများမှာ အမျိုးသမီးရှေ့နေ လေးဦးနှင့် အမျိုးသားရှေ့နေ တစ်ဦး စုစုပေါင်း ငါးဦးလိုက်ပါဆောင်ရွက်မည်ဖြစ်သော် လည်း နာမည်စာရင်း မသိရှိရသေးကြောင်း ဦးခင်မောင်ဇော်ကပြောသည်။mizzima

မန္တလေးတွင် ကင်းလှည့်နေသော ရဲဆိုင်ကယ်ကို ကားဖြင့်ဝင်တိုက်၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် ၄၁ လမ်းအနီးတွင် ကင်းလှည့်နေသော ရဲဆိုင်ကယ်ကို ကားဖြင့် ဝင်တိုက်ပြီး မောင်းနှင်သွားစဉ် စစ်ကောင်စီတပ်များက ကားကို လိုက်လံ ပစ်ခတ် ဖမ်းဆီးခဲ့သော်လည်း လူဖမ်းမိခြင်းမရှိဘဲ ကားကိုသာ ဖမ်းမိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာီရတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်အနီး ၄၁ လမ်းတွင် ကင်းလှည့်နေသော ရဲဆိုင်ကယ်နှစ်စီးကို ကားတစ်စီးက တိုက်လိုက်ကြောင်း၊ ၄၁ လမ်း၊ ၈၇ လမ်း နှင့် ၈၆ လမ်းကြားတွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော ဆိုင်ကယ် နှစ်စီးကို တိုက် မိခြင်းဖြစ်ကြောင်း သိရှိရသည်။

“အသေအချာတော့ကားကိုကရိန်းနဲ့ဆွဲတယ်ပြောနေတယ်။ ကားဘီးပေါက်ပြီး ပြားနေတယ်။ ကားမောင်းသမားက လွတ်သွားတယ်” ဟု မန္တလေးမှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ အခြားဒေသခံတချို့ကမူ ရဲဆိုင်ကယ်ကို တိုက်သော ကားသမားကို ဖမ်းမိသည်ဟု ဆိုကြပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် ရဲဆိုင်ကယ်ကို ကားဖြင့် လိုက်တိုက်သည့်ဖြစ်စဉ်ကိုသာ အတည်ပြုနိုင်ကာ ကားသမား ဖမ်းမိခြင်း ရှိ၊ မရှိ ကို မူ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြိုကနယ်၊ နှောကန်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်း ၆ လုံးခွဲ၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အထိအခိုက် သေဆုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit

ရန်ကုန်မြို့အဝင် ဂိတ်များတွင် စစ်ကောင်စီက အဓမ္မ ငွေကောက်ခံနေ

ရန်ကုန်မြို့အဝင်က Zero Mile မှာ ဂိတ်စောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ခရီးသွားပြည်သူတွေဆီကနေ အဓမ္မ ပိုက်ဆံတောင်းယူနေတယ်လို့ ကိုယ်တိုင်ပေးခဲ့ရတဲ့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

မကွေးတိုင်းထဲကနေ ရန်ကုန်ကို ကျန်းမာရေးကိစ္စနဲ့လာတဲ့ ခရီးသွားပြည်သူတစ်ဦးက ”ကျနော်တို့ကားဆိုရင် ထောက်ခံစာတွေ၊ မှတ်ပုံတင်တွေ၊ စာရွက်စာတမ်းတွေအစုံပါတယ်။ ကားပေါ်မှာ ၃ ယောက်ပါတာကို ၁ ယောက် ၁၀၀၀၀ နှုန်းနဲ့ ၃၀၀၀၀ တောင်းတယ်ဗျာ။ မပေးရင်ပြန်လည့်ခိုင်းတော့ ပေးခဲ့ရတယ်” လို့ ပြောပါတယ်။

ဖြတ်သွားဖြတ်လာ ခရီးသွားမော်တော်ယာဉ်တိုင်းကို တောင်းတာမဟုတ်ဘဲ သူတို့စိတ်ကူးပေါက်တဲ့ ယာဉ်တွေကိုတားပြီး တောင်းတာလို့ မျက်မြင်ခရီးသွားတဦးက ပြောပါတယ်။

ပဲခူးကနေ ရန်ကုန်ကိုပြန်လာတဲ့ ကုမ္ပဏီဝန်ထမ်းတဦးက “ပဲခူးကိုပစ္စည်းသွားပို့ပြီးပြန်လာတာ။ တစ်ယောက် ၁ သောင်းတောင်းတယ်။ ကုမ္ပဏီဝန်ထမ်းတွေမို့လို့ ရုံးကိုပြန်တောင်းလို့မရတဲ့ အကြောင်းရှင်းပြတာကိုမရဘူး။ မပေးရင် အကြာကြီးရစ်နေပြီး ပြန်လှည့်ခိုင်းတယ်။ လိုင်စင်တွေတောင်းကြည့်တယ်။ မစုံရင်တမျိုးနဲ့ ယာဉ်ထိန်းကိုအမှုဖွင့်ခိုင်းတယ်။ မသက်သာတော့လည်း ပေးခဲ့ရတာပေါ့။” လို့ ပြောပါတယ်။

နိုင်ငံနဲ့တဝန်း မြို့နယ်တွေရဲ့အဝင်အထွက်နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီက ကိုဗစ်-၁၉ကို အကြောင်းပြပြီး ဝါးတားဂိတ်တွေမှာ လမ်းသွားလမ်းလာပြည်သူတွေဆီကနေ ငွေကြေးအပါအဝင်၊ စားသောက်ကုန်ပစ္စည်းတွေကိုပါ ဇွတ်အတင်းတောင်းရမ်းနေကြတာလို့ သိရပါတယ်။DVB

ကရင်နီတိုက်ပွဲတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေ

ကယား(ကရင်နီ)ပြည်နယ်၊ ကုန်းသာကျေးရွာတောင်ဘက်တွင် စစ်ကောင်စီတပ်မှ တပ်စွဲပြီး ယနေ့စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်း ၈ နာရီအချိန်မှစတင်ကာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်းသိရသည်။ လွိုင်ကော်မြို့နှင့် လေးမိုင်အကွာရှိ ကုန်းသာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့လယ် ၁၂ နာရီ အချိန်မှစတင်ပြီး တိုက်ပွဲများထိတွေ့ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ဒီမနက်မှာ သူတို့အထိုင်ချထားတဲ့နေရာကတစ်ဖက်သတ် ဆက်တိုက်ကို ပစ်နေကြတာ၊ ခုချိန်ထိပစ်နေတုန်းပါ။ ကုန်းသာနဲ့အနီးဝန်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေကြတာပါ” ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု( PKPF )၏ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကုန်းသာရွာမှ အိမ် ၁၀ လုံးကျော်အား စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးလိုက်ကြပြီး ယင်းရွာနှင့် အနီးကျေးရွာများမှ ဒေသခံများ တိုက်ပွဲလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယမန်နေ့ နေ့လယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အယောက် ၃၀ ခန့် သေဆုံးခဲ့ပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်အပြည့်တင်လာသော ကားတစ်စီးကို တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးက စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် လေးဦး နှင့် KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။ ကျဆုံးသွားသော ရဲ ဘော်များအားလုံးကို ပြည်သူ့လွတ်မြောက်ရေး အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြု သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDF မှထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့ တွင်လည်း စစ်ကောင်စီ (၄၂၂)တပ်ရင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ခေါင်းမိုင်းတောင်နှင့် မိုးဗြဲသဲတောင်စခန်းတို့ကို KNDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီများမှ တပ်ဆုတ်သွားကြောင်း KNDFက ယမန်နေ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဖယ်ခုံ၊ မိုးဗြဲလွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းသို့ အကြမ်းဖက်ထိုးစစ်ဆင်လျက်ရှိပြီး၊ လက် နက်ကြီးပစ်ကူများဖြင့် ရမ်းသန်းပစ်ခတ်ကာ ထိုမြို့နယ်များရှိ ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ကို တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်။mizzima

စစ်ကိုင်းတိုင်း NLD ပါတီပြန်ကြားရေးတာဝန် ခံ ဦးချမ်းမြေ့မောင်ကို အကြမ်း ဖက်စစ်တပ်က ဖမ်းဆီး၊ လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို ဗုံးခွဲမည်ဟု စစ်တပ်က ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အောင်ချမ်းသာရပ်ကွ့်နေ NLD ပါတီ ပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ တိုင်းလူငယ်အဖွဲ့ဝင်လည်းဖြစ်သူ ဦးချမ်းမြေ့မောင်ကို ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် စစ်ကောင်စီတပ်များက ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၂ နာရီ ၃၅ မိနစ်တွင် ဦးချမ်းမြေ့မောင်၏ နေအိမ်ကို ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ အချိန်တွင် အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီက စစ်ကား ၃ စီးဖြင့် ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရှိရသည်။

ဦးချမ်းမြေ့မောင်သည် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူဖြစ်ပြီး လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူ ဖြစ်ကာ ဖမ်းဆီးရသည့်အကြောင်းအရင်းကို မသိရသေးပေ။ ထို့ပြင် ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၏ နေအိမ်ကိုလည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်များက ယနေ့ ညနေ ၂ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး အိမ်ကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရှိရသည်။ khit thit

ကိုဗစ်ပထမလှိုင်းကတည်းက တိုင်းပြည်စီး ပွားရေးကျဆင်းနေခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းတာ ကိုဗစ်ပထမလှိုင်းကတည်းကဖြစ်ပြီး နိုင်ငံရေးထိုးနှက်ချက်တွေ ၊ပြည်ပကထိုးနှက်ချက်တွေကြောင့်လည်းပါတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးက စက်တင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းခြင်းက ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ကတည်း က ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ ပိုပြီး ဆိုးလာတယ်။ နိုင်ငံရေးထိုးနှက်ချက်တွေလည်းပါပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အခုလက် ရှိ တာဝန်ယူထားတဲ့ အစိုးရကပဲ တာဝန်ယူရမှာပါ။ အသီးကတော့ မှည့်နေတာကြာပြီ။ ကြွေကျခါနီးလည်း ဖြစ်နေပြီ။ ကြွေကျတာတော့ ဒီအ စိုးရလက်ထက်မှာ ကြွေကျတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြွေကျသည်ဖြစ်စေ၊ ကြွေမကျသည်ဖြစ်စေ ကိုယ့်လက်ထဲမှာ ကြွေကျတာဖြစ်လို့ ကိုယ့်ဘာကိုယ် ပြန်ကောက်ပြီး ပြန်လည်ထူထောင်အောင်တော့ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပေးနေတယ်လို့ ကျနော်ပြောချင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ  ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာစသိမ်းခဲ့တဲ့အချိန် ပြည်တွင်းရှိ ရွှေစျေးနဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာတန်ဖိုးက စျေးကွက်မှာ အကယ်ဒမီရွှေ ၁ ကျပ်သားစျေးက ၁၃ သိန်း ၂ သောင်းစွန်းစွန်းသာရှိခဲ့ပြီး အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ ၁၃၃၀ ကျပ်သာရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်အတွင်းမှ စပြီး ရွှေစျေးနဲ့နိုင်ငံခြားငွေတန်ဖိုးက တရိပ်ရိပ်နဲ့တက်လာခဲ့ရာ အခုရက်ပိုင်းမှာ အကယ်ဒမီရွှေ ၁ ကျပ်သားစျေးက ကျပ် ၂၂သိန်းကျော်အထိ စံချိန်တင်မြှင်တက်ခဲ့ရသလို နိုင်ငံခြားငွေ အမေရိကန် ၁ ဒေါ်လာတန်ဖိုးကလည်း မြန်မာငွေ ၂၅၀၀ ကျပ်ကျော်အထိ စံချိန်တင်ခဲ့ပါတယ်။

ခုလိုရွှေစျေး၊ဒေါ်လာစျေးတွေ အဆမတန်မြင့်တက်နေတာနဲ့ ပတ်သက်ပြီးလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒေါ်လာစျေး၊ ရွှေစျေးနဲ့ပတ်သက်ပြီး ပြောရရင် ပထမကိုဗစ်လှိုင်းမှာကတည်းက စီးပွားရေးကျဆင်းမှုရှိတယ်။ မိမိ၏ ပြည်တွင်း ထုတ်ကုန်များ လျှော့နည်းပြီး ပြည်ပက သွင်း ကုန်တွေ များပြားလာတာရှိတယ်။ ဒုတိယလှိုင်းမှာလည်း ဒီလိုပါပဲ။ ဒီကြားထဲမှာ ပြည်ပထိုးနှက်ချက်များလည်းရှိပါတယ်။ဒါတွေကိုတော့ ဘယ်လိုပဲပြောပြော အစိုးရတရပ်အနေနဲ့က ရှေးတုန်းကဖြစ်ခဲ့တဲ့ အတိတ်တွေကို ပြန်ပြောင်းပြီးတော့ ပြောနေတာထက် မိမိလက်ထက်မှာ ဖြစ်တာကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမှာ ဖြစ်တယ်။ အကောင်းဆုံး ကျနော်တို့ ဖြေရှင်းမှာဖြစ်ပါတယ်။ အထူးပြောလိုတာက နိုင်ငံတော်အစိုးရအနေနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်ရေးပေါ့နော်၊ အပြည့်အစုံ ဖြေရှင်းနိုင်ရေး မဟုတ်တောင် အကောင်းဆုံး ဖြေရှင်းနိုင်ရေးဖြစ်အောင် ကျနော်တို့ ရှိသမျှအင်အားနဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပြော ချင်ပါတယ်” လို့ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီးပြောသလို မြန်မာပြည်က ကိုဗစ်ကာလအတွင်းမှာ စီးပွားရေးကျဆင်းမှုရှိခဲ့တယ်ဆိုပေမဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေအကြားမှာ ကိုဗစ်ကာလအတွင်း စီးပွားရေးတိုးတက်မှုရာခိုင်နှုန်းက မြန်မာက အမြင့်ဆုံးရှိခဲ့တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့နေရတဲ့ကာလ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အာဆီယံဒေသတွင်း နိုင်ငံတွေအကြားမှာ အမြင့်ဆုံးရှိနေတာပါ။ အခု စစ်ကောင်စီက တိုင်းပြည်ကို ၈ လအုပ်ချုပ်အပြီးမှာတော့ မြန်မာ့ GDP တိုးတက်မှုနှုန်းက အနုတ် ၁၈ ရာခိုင်နှုန်း ထိုးကျသွားတာဖြစ်ပါတယ်။

ပြည်ပရောက်စီးပွားရေးသုတေသီတဦးက “ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ကစားနည်း မှန်တယ်လို့ပဲ ပြောရမလား။ ဘာကြောင့်လဲဆို ကိုဗစ်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုက အရှေ့တောင်အာရှမှာ အနည်းဆုံးပဲ။ တကယ်တမ်းသာ စစ်အုပ်ချုပ်ရေးသာ မရှိခဲ့ရင် ပေါ့၊ ရန်ကုန်၊မန္တလေးတို့မှာ အခုဆိုရင် ကိုဗစ်ကလည်း လျှော့လာတယ်။ ဒီတော့ ဖြေလျှော့မှုတွေ လုပ်လို့ရပြီ။ ကိုဗစ်နဲ့စီးပွားရေးက ဘယ်လိုဆက်စပ်နေလဲဆိုရင် ပြောင်းပြန်ဆက်စပ်နေတယ်။ ကိုဗစ်က ဖိလေလေ စီးပွားရေးက ကျဆင်းလေပဲ။ ကိုဗစ်က ကျလေလေ၊ နည်းနည်းလေးဖြေလျှော့ပေးလိုက်တာနဲ့ စီးပွားရေးက တက်လာမှာ။ အခုဆိုရင် အိမ်နီးချင်း ထိုင်းက ခရီးသွားတွေ ပြန်လက်ခံတော့မယ်။ ဒါကြောင့် ကျနော်တို့က အရင်အခြေအနေသာဆိုရင် recovery မျှော်လင့်လို့ရတယ်။ ဒါပေမဲ့ အခုတော့ ကျနော်တို့က recovery မလာနိုင်တော့ဘူး။ ဘာလို့လဲဆို စစ်အစိုးရရဲ့ ဖြေလျှော့မှုတွေက အခုအချိန်အထိ ရှိမလာသေးဘူး။ ပြီးတော့ သူကိုယ်တိုင်က ကိုဗစ်အကြောင်းပြပြီး ဖိနှိပ်နေတယ်လို့ ကျနော်မြင်တယ်။ အဲ့တော့ recession ကလည်း ကြာလာမယ်။ ကုန်ထုတ်လုပ်မှုကလည်း မရှိဘူး။ ဆိုတော့ အချိန်ကြာလာလို့ရှိရင် depression ဆီကူးသွားမယ့် သဘောရှိတယ်” လို့ သုံးသပ်ပြော ပါတယ်။

၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွက် ပထမအကြိမ် ဧပြီလမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စိစစ်တွက်ချက်မှုအရ မြန်မာ့ GDP တိုးတက်မှုနှုန်းက အနုတ် ၉ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ  အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ စံချိန်တင်ထိုးကျ သွားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စင်္ကာပူနိုင်ငံရဲ့  GDP တိုးတက်မှုနှုန်းက ၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေပြီး မြန်မာက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းနဲ့  အာဆီယံမှာ အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကိုရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ် အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိရောက်နိုင်တယ်လို့ အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ကပြောဆိုထားပါတယ်။ DVB

ကွတ်ခိုင်မြို့နယ်၌ ဓားပြ ၅ ဦးကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီးမှာ အုပ်စုဖွဲ့ဓားပြတိုက်နေတဲ့ လူငယ် ၅ ယောက်ကို စက်တင်ဘာ ၃၀ ရက်မှာ ဒေသခံပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးလိုက် ပါတယ်။

“ကိုဗစ်လည်းဖြစ် တရုတ်ဘက်လည်း ဂိတ်တွေပိတ်ထားတော့ ဒီဘက်မှာ ကားအသွားအလာ နည်းသွားတယ်။ အဲ့ဒါကို အခွင့်ကောင်းယူပြီး ခရီးသွားကားတွေကို မန်ပြိန်းရွာအကွေ့နားမှာ လူလစ်ရင်လစ်သလို ဓားပြတိုက်ကြနေတာ ကြားနေတာကြာပြီ။ အခုတော့ ရွာသားတွေ ဝိုင်းဖမ်းလို့ အားလုံးမိပြီ” လို့ နယ်ခံတစ်ဦးက ပြောပါတယ်။ 

ကွတ်ခိုင်မန်ပြိန်းရွာအနီး ဖမ်းဆီးရမိတဲ့ ဓားပြ ၅ ယောက်ဟာ လူငယ်လူလတ်ပိုင်းတွေဖြစ်နေပြီး သက်ဆိုင်ရာကို လွှဲပြောင်းပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အပါအဝင် မြို့အများစုမှာ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးမှုတွေ ‌တနေ့တခြား ပိုမိုများပြားလာနေပါတယ်။DVB

NUG မှ CDM ဝန်ထမ်းများအား လစာပေးမယ်ဆိုတာ သတင်းအမှား

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NUG ကနေပြီး CDM ဝန်ထမ်းတွေကို လစာပေးတော့မယ်။ လာဆက်သွယ်ပါဆိုပြီး လူမှုကွန်ယက်မှာ ပိုစ့်တွေ ပြန့်နှံ့ခဲ့ပါတယ်။ မူရင်းတင်သူရဲ့ ပိုစ့်ကတော့ ဝင်ကြည့်လို့မရတော့ပေမဲ့ ပြန်လည်တင်သူ စစ်မုန်းဆိုတဲ့ အကောင့်မှာတော့ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ အဆိုပါ CDM ဝန်ထမ်းတွေကို လစာပေးမယ်ဆိုတဲ့ ပိုစ့်ဟာ လူပေါင်း ကိုးထောင့်ရှစ်ရာကျော်မှ ပြန်လည် မျှဝေခဲ့ပြီး ပြန့်နှံ့မှု များပြားတာကို မြင်တွေ့ရပါတယ်။

အဆိုပါ ပိုစ့်ထဲမှာတော့ ယခုစက်တင်ဘာလကုန်မှာ CDM ဝန်ထမ်းတွေရဲ့ kpay အကောင့် wave အကောင့်များမှ တစ်ဆင့် လစာပေးပါမယ်။ CDM သက်သေစာနဲ့ ငွေအကောင့်များ ဆောင်ရွက်မှုများလုပ်ဆောင်ထားဖို့နဲ့ ဖောင်တင်ကြဖို့ဆိုပြီးပါ တိုက်တွန်းထားပါတယ်။ဖောင်တင်ရမဲ့ နေရာတွေကတော့ ကျန်းမာရေး ဝန်ထမ်းများဟာ CDM Medical Network၊ ပြည်ထဲရေး CDM ဝန်ထမ်းတွေဟာ NUG အစိုးရရဲ့ Ministry Of Home Affairs and Immigration-Myanmar နဲ့ ကျန်ဌာနများ အနေနဲ့ Ministry of Planning, Finance and Investment-NUG ကို CDM Form များတင်ရန် ပြောကြားထားတာတွေ့ရပါတယ်။

အဆိုပါ သတင်းအမှားပိုစ့်မှာ ပါဝင်တဲ့ သက်သေများ ဆိုတဲ့ link ဟာလည်း လက်ရှိမှာ ဝင်လို့မရတော့တာကို တွေ့ရှိရပါတယ်။ဒါကြောင့် CDM ဝန်ထမ်းများကို NUG အစိုးရအနေနဲ့ လစာ အမှန်တကယ် ထုတ်ပေးတော့မှာလား ဆိုတာ မဇ္ဈိမ မှ NUG အစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးအား မေးမြန်းခဲ့ပါတယ်။

ဝန်ကြီးကိုယ်တိုင် ဒါဟာ သတင်းအမှားဖြစ်တယ်လို့ပြောကြားသွားပါတယ်။ လက်ရှိလုပ်ဆောင်မှုတွေထဲ CDM တွေရဲ့လစာနဲ့ ပက်သက်ပြီး NUG Budget ထဲမှာ ထည့်သွင်းရေးဆွဲထားကြောင်း ဒါပေမဲ့ အခုလို online မှ စာရင်းကောက်ယူတာမျိူး NUG မှ လုပ်ဆောင်မှာ မဟုတ်ကြောင်း ဆိုပါတယ်။

CDM ဝန်ထမ်းများဟာ မိမိတို့ အချက်အလက်များအား online မှ ကောက်ယူနေတဲ့ form တွေမှာ မဖြည့်သင့်ကြောင်း လည်း ဒုဝန်ကြီးမှ ပြောကြားသွားပါတယ်။ဒါကြောင့် ယခုထွက်ပေါ်နေတဲ့ သတင်းဖြစ်တဲ့ NUG မှ CDM ဝန်ထမ်းများအား ယခု စက်တင်ဘာမှ စတင်ပြီး kpay,wave များမှ လစာပေးမည်ဆိုတာဟာ သတင်းအမှားသာဖြစ်ပြီး CDM ဝန်ထမ်းများအနေနဲ့ online မှကောက်ယူတဲ့ form များကို အလွယ်တကူ မဖြည့်သင့်ကြောင်း ပြောကြားလိုပါတယ်။mizzima

« Older Entries