ကရင်နီတိုက်ပွဲတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေ


ကယား(ကရင်နီ)ပြည်နယ်၊ ကုန်းသာကျေးရွာတောင်ဘက်တွင် စစ်ကောင်စီတပ်မှ တပ်စွဲပြီး ယနေ့စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်း ၈ နာရီအချိန်မှစတင်ကာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်းသိရသည်။ လွိုင်ကော်မြို့နှင့် လေးမိုင်အကွာရှိ ကုန်းသာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့လယ် ၁၂ နာရီ အချိန်မှစတင်ပြီး တိုက်ပွဲများထိတွေ့ဖြစ်ပွားနေခြင်း ဖြစ်သည်။
“ဒီမနက်မှာ သူတို့အထိုင်ချထားတဲ့နေရာကတစ်ဖက်သတ် ဆက်တိုက်ကို ပစ်နေကြတာ၊ ခုချိန်ထိပစ်နေတုန်းပါ။ ကုန်းသာနဲ့အနီးဝန်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေကြတာပါ” ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု( PKPF )၏ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကုန်းသာရွာမှ အိမ် ၁၀ လုံးကျော်အား စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးလိုက်ကြပြီး ယင်းရွာနှင့် အနီးကျေးရွာများမှ ဒေသခံများ တိုက်ပွဲလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယမန်နေ့ နေ့လယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အယောက် ၃၀ ခန့် သေဆုံးခဲ့ပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်အပြည့်တင်လာသော ကားတစ်စီးကို တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးက စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် လေးဦး နှင့် KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။ ကျဆုံးသွားသော ရဲ ဘော်များအားလုံးကို ပြည်သူ့လွတ်မြောက်ရေး အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြု သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDF မှထုတ်ပြန်ထားသည်။
ဖယ်ခုံမြို့ တွင်လည်း စစ်ကောင်စီ (၄၂၂)တပ်ရင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ခေါင်းမိုင်းတောင်နှင့် မိုးဗြဲသဲတောင်စခန်းတို့ကို KNDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီများမှ တပ်ဆုတ်သွားကြောင်း KNDFက ယမန်နေ့က ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဖယ်ခုံ၊ မိုးဗြဲလွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းသို့ အကြမ်းဖက်ထိုးစစ်ဆင်လျက်ရှိပြီး၊ လက် နက်ကြီးပစ်ကူများဖြင့် ရမ်းသန်းပစ်ခတ်ကာ ထိုမြို့နယ်များရှိ ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ကို တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်။mizzima