အခက်အခဲတွေကြားမှ စိတ်ဓာတ်တွေ ခိုင်မာနေဆဲဖြစ်တဲ့ အနန္တဂိုဏ်းဝင်များ

ကိုယ်ဝန်ဆောင် မခင်မေ (အမည်လွှဲ)သည် ထိုနေ့ညက တစ်ညလုံး အိပ်၍ မပျော်ခဲ့ပေ။ လွယ်ထားရသည့် ကိုယ်ဝန်ကြောင့် မအီမသာဖြစ်ကာ အိပ်ရေးပျက်ခြင်းမဟုတ်ဘဲ သူနေထိုင်ရာအိမ်နှင့် နှစ်လမ်းကျော်မှ လူတချို့အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံလိုက်ရ၍ ဖြစ်သည်။ မခင်မေသည် တက္ကသိုလ်နည်းပြဆရာမတစ်ဦးဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်သည့် CDMလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ထားသူဖြစ်သည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်မတို့အိမ်နဲ့ နှစ်လမ်းလောက်ပဲခြားတယ်။ စစ်ကောင်စီရဲ့ အဖမ်းခံလိုက်ရတာ။ အဲနေ့ညက ကြောက်လိုက်တာ ပြောမနေနဲ့ ။ အိပ်လို့တောင် မပျော်တော့ဘူး။ မဟုတ်တာ လုပ်ထားတာလည်း မဟုတ်ဘဲ ကျီးလန့်စာစားပြီး နေနေရတယ်။ စိုးရိမ်နေရတယ်။ ဘယ်တော့များ ငါ့ကို ဒလန်က ချွန်ပြီးတော့ သတင်းပေးမလဲ။ လာဖမ်းမလဲဆိုပြီး အမြဲတမ်း တွေးပူနေရတယ်”ဟု သူက ပြောသည်။

သူ၏ ကိုယ်ဝန်ဆောင်ကာလကို အကျဉ်းထောင်တွင် ဖြတ်သန်းရမည့် အဖြစ်နှင့် သန္ဓေသားလောင်း အတွက် လိုအပ်သည့် အစာအာဟာရများ ပြည့်ဝစွာ မစားရမည့် အဖြစ်ကို သူ စိတ်နှင့်ပင်မတွေးရဲ။ အကျဉ်းထောင်၌မီးဖွားရာတွင် ကြုံတွေ့လာရမည့် စိတ်အားငယ်မှုကို စိတ်ပင်မကူးရဲဟု ဆိုသည်။ ကိုယ်ဝန်ဆောင်ကာလကြုံတွေ့ရသည့် စိတ်ဖိစီးမှုများအပြင် နိုင်ငံရေးအခြေအနေများ၊ စားဝတ်နေရေးအခက်အခဲများကြောင့်လည်း သူက ပိုမိုစိတ်ဖိစီးကာ စိတ်ဓာတ်ခဏခဏကျနေသည်ဟုလည်း မခင်မေကပြောသည်။

“မိသားစုဆက်ဆံရေးတွေလည်း အဆင်မပြေတော့ဘူး။ ကိုယ်ရဲ့တက်လမ်းတွေကိုပိတ်အောင် လုပ်တယ်ဆိုပြီး အမြဲအပြောခံရတယ်။ ရာထူး တိုးက ဖြေထားပြီးသား ပုံမှန်ဆိုရင် မတ်လ ၁၀ရက် ဆိုရင် နည်းပြကနေ လက်ထောက်ကထိက ရာထူးကတိုးတယ်။ အဲဒီတော့ မိဘကနှမြောတာပေါ့။ ကိုယ်ရဲ့တက်လမ်းတွေကိုပိတ်အောင် လုပ်တယ်ဆိုပြီး အမြဲအပြောခံရတယ်”ဟု သူကဆိုသည်။

သူသည် ဖေဖော်ဝါရီလကတည်းက CDMတွင် ပါဝင်ခဲ့ပြီး အမျိုးသားမှာလည်း သွားဆရာဝန် ဖြစ်သည့်အတွက် Covid -19 ကပ်ရောဂါကာလတွင် အလုပ်မရှိသည်နှင့် မခြားဖြစ်နေသည်။ ထို့ကြောင့် စားဝတ်နေရေးအတွက် နှာခေါင်းစည်းများအား လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မခင်မေ ရောင်းချနေရသည်။ “ဈေးရောင်းတဲ့အခါကျတော့လည်း မိဘကရှက်တယ်။ ကိုယ့်ကို နှမြောတာလည်းပါတာပေါ့။ နင်ဘဝပျက်ပြီမလား။ တက္ကသိုလ်ဆရာမကနေ ဈေးရောင်းနေရပြီမလားလို့ မိဘတွေက ပြောတယ်။ ကိုယ်တိုင်လည်း ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး”ဟု သူကဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်း အများစု ရပ်ဆိုင်းသွားခဲ့ရသည့် အပြင် Covid -19 ကပ်ရောဂါအခြေအနေသည်လည်း စီးပွားရေးလုပ်ငန်းများ ပိုမိုဆိုးရွားသည့် အခြေအနေရောက်အောင် တွန်းပို့ပေးနေသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်း အလုပ်လက်မဲ့ဦးရေများပြားလာပြီး စားဝတ်နေရေး ကြပ်တည်းလာကြသည်။

ထိုအထဲတွင် CDMဝန်ထမ်းများလည်း အပါအဝင်ဖြစ်သည်။ “အခုအာဏာသိမ်းတာ ခုနှစ်လကျော်နေပြီဆိုတော့ CDM တွေလည်း တော်တော်လေးခက်ခဲကြပ်တည်းနေကြပြီ” ဟု အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ (BEWU) ဗဟိုကော်မတီဝင် ဦးဖြိုးဝေအောင်ကဆိုသည်။ ဦးဝေဖြိုးအောင်သည် ပညာရေးနယ်ပယ်က အခက်အခဲရှိသူ အယောက် ၆၀ကျော်ကို ထောက်ပံ့မှုလုပ်ဆောင်ပေးနိုင်ခဲ့ပြီး လစဉ်ထောက်ပံ့ကူညီပေးနေသည်မှာ ၁၅ဦး ရှိသည်ဟု ပြောသည်။

အထက်တန်းပြ ကျောင်းဆရာမ ဖြစ်သူ ဒေါ်ခင်ခင်စန်းကတော့ အာဏာသိမ်းထားသည့် ခုနှစ်လတာ ကာလအတွင်း အိမ်နှစ်ခါပြောင်းပြီး ဖြစ် သည်ဟုဆိုသည်။ ငွေရေးကြေးရေး အခက်အခဲကြောင့် ဈေးသက်သာသည့် အိမ်များကို တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲ ဌားရမ်းနေထိုင်ရပြီး နောက်ဆုံးဌားသည့် အိမ်မှာ တစ်လလျှင် ငါးသောင်းကျပ် ပေးရသည်ဟု ဒေါ်ခင်ခင်စန်းက ပြောသည်။

“ကိုယ်မှန်တယ်ထင်တဲ့လမ်းကို ရွေးချယ်ခဲ့တာဆိုတော့ နောင်တမရပါဘူး။ ရုန်းကန်နေရတော့ တစ်ခါတလေ စိတ်ဓာတ်ကျမိတာရှိတယ်။ အ နာဂတ်မဲ့နေသလိုပဲလေ” ဟု သူကပြောသည်။ ဒေါ်ခင်ခင်စန်းသည် ဖေဖော်ဝါရီ ၈ ရက်ကတည်းက CDM ကို ပါဝင်ခဲ့ပြီးလက်ရှိတွင် အလုပ် ထုတ်ခံထားရသည့်အတွက် လစာဝင်ငွေပုံမှန်မရှိတော့ပေ။ ထို့ကြောင့် အိမ်ဌားရမ်းခကို ယခင်ကဲ့သို့ ခြောက်လစာ သို့မဟုတ် တစ်နှစ်စာ မပေးဆောင်နိုင်တော့သည့်အတွက် တစ်လတစ်ကြိမ်သာ အိမ်ဌားခပေးရသည့် လိုင်းခန်းကို သူ ပြောင်းရွေ့ခဲ့ရသည်။

လိုင်းခန်းဆိုသည်မှာ မိသားစု တစ်စုနေလို့ရသည့် အခန်းတစ်ခန်းဖြစ်ပြီး ဘေးပတ်လည်တွင်လည်း အခြားအခန်းတွဲများစွာရှိသည်။ ထိုလိုင်းခန်းမှတစ်ဆင့် လက်ရှိနေထိုင်ရာ ဆယ်ပေလုံးချင်းအိမ်ထံသို့ ထပ်မံပြောင်းရွှေ့ခဲ့ခြင်းသည်။ အိမ်ငယ်လေးသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ဒေါ်ခင်ခင်စန်းတွင် နေရေးထိုင်ရေး စိတ်ကျဉ်းကျပ်ရမှုအပြင် အခြားစိတ်ပူပန်မှုလည်းရှိနေသည်။

အဲဒါကတော့ သူ၏ လုံခြုံရေးပင်ဖြစ်သည်။ ရင်းနှီးသူများကိုပင် သူနေသည့် အိမ်နေရာကို ပေးမသိဘဲ နံပါတ်စိမ်းများဖြင့် ဖုန်းခေါ်ပါက သူက မကိုင်ချေ။ ထို့ကြောင့် အကြောင်းသိသူများက သူ့ထံ ဖုန်းမဆက်ခင် ဘယ်အချိန်တွင် ဖုန်းဆက်ပါမည်ဆိုသည့် အကြောင်း မက်ဆေ့ဖြင့် ကြို တင်အကြောင်းကြားရသည်။ သူ၏ စိုးရိမ်ပူပန်မှုများသည် ခုနှစ်လတာ ကာလတွင်း လျော့ပါးသွားသည်မရှိဘဲ တစ်နေ့တစ်ခြား တိုးလို့သာ လာသည်။ ဆရာမဒေါ်ခင်ခင်စန်းက “စခတွေက လူစိတ်မှ မရှိတာ ပုဒ်မဆိုတာက အမျိုးမျိုးတပ်ဖမ်းခံရနိုင်တယ်လေ။ တရားဥပဒေစိုးမိုးမှုမှ မရှိတော့တာ။အလုပ်ထုတ်ပယ်စာထွက်ပြီးတာတောင် ၅၀၅နဲ့ အစွဲခံရနိုင်တယ်လေ” ဟုပြောသည်။

ထိုကဲ့သို့ CDM ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတွင် ကြောက်စိတ်များဖြစ်ပေါ်လာစေရန် အကြမ်းဖက်စစ်ကောင်စီက နည်းလမ်းမျိုးစုံအသုံးပြုနေခြင်းဖြစ်သည်။ ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားစေခြင်း၊ ခြိမ်းခြောက်စာပို့ခြင်း၊ ချေးငွေများ အတင်းအဓမ္မ ပြန်လည်တောင်းခံခြင်းအပြင် ပုဒ်မ အမျိုးမျိုးဖြင့် တရားစွဲခြင်း၊ ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ၎င်းတို့ လက်ချက်ဖြင့် သေဆုံးရသူတချို့၏ အလောင်းကိုပင် မိ သားစုထံ မပေးခြင်းအပြင် မိသားစုဝင်များကိုပါ ဓားစာခံလုပ်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်။အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး တက္က သိုလ်တွင် အဆောင်နေခဲ့သည့် တက္ကသိုလ်ဆရာမတစ်ဦးက “ကြောက်တာနဲ့ ဟိုရှောင် ဒီရှောင်တွေလုပ်ရတာပေါ့။ ယောကျ်ားရဲ့ရွာ ရောက်သွားသေးတယ်။

နောက်တော့လည်း မဟုတ်သေးပါဘူးဆိုပြီးတော့ အဆောင်ပြန်လာနေတယ်။ အဆောင်ပြန်လာနေတော့လည်း ကျောင်းထဲမှာ တပ်ကစွဲတယ်။ အဲဒီတော့ အမေ့အိမ်ကိုပြန်ရောက်နေတယ်။ တော်တော်လေးကို အဆင်မပြေပါဘူး”ဟုပြောသည်။ အကြမ်းဖက်စစ်ကောင်စီသည် မေလကစတင်၍ တစ်နိုင်ငံလုံးရှိ ကျောင်းများနှင့် တက္ကသိုလ်များကို အတင်းအကျပ် ပြန်ဖွင့်ရန် ကြိုးစားခဲ့ပြီး CDM ပြုလုပ်သည့် ပညာရေးနယ်ပယ်က ဝန်ထမ်းများကို အလုပ်မှ ယာယီရပ်နားခြင်း၊ ထုတ်ပယ်ခြင်းများ လုပ်ဆောင်ခဲ့သည်။ သို့သော် အကြမ်းဖက်စစ်ကောင်စီက အလုပ်မှ ထုတ် ပယ် ထားသည့် ပညာရေးဝန်ထမ်းအချို့ကို ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေသည့်အတွက် တချို့မှာလည်း လက်ရှိအချိန်ထိ ရှောင်းတိမ်းနေရဆဲဖြစ်သည်။

“မေလလောက်က ခေါ်ပြီး သတိပေးခံရတယ်။ နှစ်ရက်လောက် စစ်ဆေးခံရတယ်။ အသိမိတ်ဆွေတော်တော်များလည်း ခေါ်စစ်ဆေးခံရတယ်။ တချို့ကတော့ အလုပ်ပြန်ဝင်ကြတယ်လို့လည်းကြားတယ်။ ဘယ်တော့မှ ရှက်မနေချင်လို့ ဘာတွေပဲဖြစ်ဖြစ် ရင်ဆိုင်သွားမယ်လို့ စဉ်းစားထားတယ်။ အခု အလုပ်ထုတ်ပယ်စာရတယ် ။

နောက်ဘာဆက်ဖြစ်မလဲမသိသေးဘူး။ နင်က သူတို့ကိုမကြောက်ဘူးလားမေးရင်တော့ ကြောက်တယ်လို့ ဖြေရမှာပဲလေ ဘာလို့ဆို သူတို့က လူမှမဟုတ်ကြတာ။ ဒါပေမဲ့ ကြောက်တယ်ဆိုပြီးတော့လည်း လူမဟုတ်တဲ့ဟာတွေနဲ့ အတူတူမနေနိုင်ဘူးလေ” ဟု စစ်တပ်၏ ခေါ်ယူခြိမ်း ခြောက်စစ်ဆေးမှုကို ကြုံခဲ့ရသည့် ဆရာမတစ်ဦးကဆိုသည်။ လက်ရှိတွင် CDM ပြုလုပ်ထားသည့် ပညာရေး ဝန်ထမ်း ဦးရေ နှစ်သိန်းကျော်ရှိနေပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ဦးရေအတိအကျသိရှိနိုင်ရန် စာရင်းကောက်ယူရေးလုပ်ငန်းအား လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပညာရေးအဖွဲ့အစည်းများက ဆိုသည်။

ဆရာမ ဒေါ်ခင်ခင်စန်းက “ကိုယ့်ခံယူချက်နဲ့ကိုယ်လုပ်တာမို့ နောင်တရတာမရှိဘူး။ ကိုယ်လုပ်ပေးနိုင်တာက နည်းနေသေးတယ်လို့ ခံစားရတယ် အမြဲအားနာနေမိတယ်” ဟု ပြောသည်။ ပညာရေးနယ်ပယ်မှ CDM လုပ်ဆောင်နေကြသည့် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းသည် အခက် အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း တော်လှန်ရေးတွင် ၎င်းတို့ လုပ်ပေးနိုင်သည့် အရာသည် နည်းနေသေးသည့်အတွက် အားနာနေရသည်ဟု တစ်ညီတစ်ညွတ်တည်းဆိုကြသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s