ထားဝယ်မြို့ နှင့် ချောက်မြို့ တို့တွင် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးနှင့် ဆေးတက္ကသိုလ် ကျောင်းသူ တစ်ဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီး


ထားဝယ်မြို့ ဥတ္တရံ တိုးချဲ့ရပ်ကွက်တွင် အောက်တိုဘာလ၂ရက်နေ့ ည ၁၀နာရီခန့်က ကိုထက်အောင်လင်းနှင့် ချောက်မြို့တွင် နေထိုင်သည့် တောင်ကြီး ဆေးတက္ကသိုလ် ကျောင်းသူ မကြယ်စင်လင်းလက်ကို ယနေ့ အောက်တိုဘာလ ၃ရက်နေ့ နံနက် ၂နာရီက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
ထားဝယ်မြို့ ဥတ္တရံ တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် ကိုထက်အောင်လင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အရပ်ဝတ်များဖြင့် နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ယူနီဖောင်းဝတ်ဆင်ထားသူများက လာရောက် ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေ ပြည်သူများ ပြောဆိုချက်အရ သိရသည်။
” မနေ့က ည၁၀နာရီလောက်ရှိပြီး လူအိပ်ချိန်ဆိုတော့ ဘာအသံမှမကြားရဘူး။ အရင်ဆုံး ဆိုင်ကယ်၂စီး၊ ၃စီး လောက် အရင်အိမ်လမ်းထဲ လာပတ်နေတယ်။ ဒီချိန်ဆို အပြင်မထွက်ရ အမိန့်ထုတ်ထားတော့ သာမန်လူမဖြစ်နိုင်ဘူး။ တခုခုလို့ဆိုပြီး ထွက်ကြည့်တာ ကိုထက်အောင်လင်း နေအိမ်ကို ဝင်သွားတာ မြင်လိုက်တယ်။
အချိန်နည်းငယ်ကြာတော့ ယူနီးဖောင်းဝတ်ထားတဲ့ စခတွေ ကား၁စီးနဲ့ရောက်လာပြီး ကိုထက်အောင်လင်းကို ကားပေါ်ခေါ်တင်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ ကိုထက်အောင်လင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မည်သည့် အတွက်ကြောင့် ဖမ်းဆီး သည်ကို မသိရှိရသေးဘဲ ၎င်းသည် သာမန်ပြည်သူ တစ်ဦးဖြစ်ကာ ဓာတ်ပုံဆရာတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ချောက်မြို့တွင် နေထိုင်သည့် ဆေးတက္ကသိုလ် တောင်ကြီး foundation year ကျောင်းသူ မကြယ်စင်လင်းလက်ကိုလည်း သူမ၏ နေ အိမ်သို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။khit thit