Monthly Archives: Oct 2021

တောင်ကြီးဗုဒ္ဓတက္ကသိုလ်ကျောင်းဝင်းထဲ စစ်ကောင်စီတပ်က အဓမ္မစခန်းချ တပ်စွဲ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တောင်ကြီးမြို့ ဗုဒ္ဓတက္က သိုလ်သို့သွားရောက်ကာ အောက်စဖိုဒ့်ဆရာတော် ရှင်ဓမ္မာသာမိနှင့် မတွေ့ဆုံ ခင် နှစ်ရက်ခန့်အလိုကတည်းက စစ်ကောင်စီတပ်က ဗုဒ္ဓတက္ကသိုလ် ကျောင်း ဝင်း အတွင်းသို့ အဓမ္မဝင်ရောက်တပ်စွဲခဲ့ကြောင်းသိရသည်။

စစ်ခေါင်းဆောင် လာရောက်မည့်အကြောင်းမသိရဘဲ စစ်ကောင်စီတပ်များ လာရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးဗုဒ္ဓတက္ကသိုလ်နှင့် နီးစပ်သည့် သံဃာတစ်ပါးကပြောသည်။”သူလာမယ်ဆိုတာ လာခါနီးမှကျောင်းကသိတာ။ အဲ့မတိုင်ခင်နှစ်ရက်လောက် ကတည်းကကျောင်းဝင်းထဲမှာ သူတို့လူအင်အားနဲ့တပ်လာစွဲတယ်၊ဘယ်လိုပဲ တောင်းပန် တောင်းပန်ပြန်မသွားဘူး၊ ပြီးတော့မှ လုံခြုံရေးအကြောင်းပြတယ် “ဟုပြောပါသည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်သည် ၎င်း၏ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် တွင် ဗုဒ္ဓတက္ကသိုလ်မှ အောက်စဖိုဒ့်ဆရာတော်အရှင်ဓမ္မသာမိနှင့် တွေ့ဆုံမှုကို အသုံးချဝါဒဖြန့်ခဲ့ပြီးနောက် လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိနေခဲ့သည်။DVB

“ရဲဘော်တို့ အရိုးနဲ့ စစ်ဘီလူးတို့ ရင်ဝစိုက်သွင်းကြ” ဟုကြွေးကြော်ပြီး မန္တလေးတွင် စုပေါင်းသပိတ်စစ်ကြောင်းချီတက်ဆန္ဒပြ

khit thit

မြစ်သားမြို့ ထောက်လှမ်းရေးရုံး ဗုံးကွဲအပြီး လမ်းပေါ်တွင်ရှိသူတချို့ အဖမ်းခံရ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ် စစ်ကောင်စီထောက်လှမ်းရေးရုံး ယမန်နေ့ (အောက်တိုဘာ ၃) ည ၈ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် ရုံးအနီး သွားလာနေသူတို့ ဖမ်းဆီးခံရကြောင်း သိရှိရသည်။ 

ယမန်နေ့ညက ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ရွှေသူဌေးရပ်ကွက် ပန်းခြံဘက်မှ ကြားလိုက်ရပြီးနောက် စစ်ကောင်စီတပ်က သေနတ်ဖြင့် တရပ်စပ်ပစ်ခတ်ကာ မြို့အနှံ့ ရှာဖွေ စစ်ဆေးခဲ့သည်ဟု မြစ်သားမြို့ခံများက ဆိုသည်။ 

“ပေါက်ကွဲမှုဖြစ်တဲ့အချိန် အဲ့ဒီနားမှာ ဖြတ်သွားတဲ့သုံးယောက်လောက် ဖမ်းခံရတာ” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ မြို့ခံအမျိုးသားက ဆိုသည်။ 

ပေါက်ကွဲမှုတွင် လူသေဆုံးမှုမရှိကြောင်းနှင့် အဆောက်အအုံအတွင်းပိုင်းထိခိုက်မှု ရှိမရှိကိုမူ မသိရှိကြောင်း ယင်းအမျိုးသားက ဆက်ပြော သည်။ 

မည်သူတို့ အဖမ်းခံရသည်၊ ရှာဖွေပစ်ခတ်မှုအတွင်း မည်သူတို့ ထိခိုက်ဒဏ်ရာရသည်ကို စုံစမ်း၍ မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မြစ်သားပြည်သူ့ကာကွယ်ရေးတပ် MPDF က ယင်းဗုံးပေါက်ကွဲမှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း၊ ဒေသခံတို့ကို အမျိုးမျိုးအကြမ် းဖက်ဒုက္ခပေးနေသည့် စစ်ထောက်လှမ်းရေး ဗိုလ်ဇော်မျိုးထိုက်နှင့် ရဲသတင်းတပ်ဖွဲ့ ရဲအုပ်လွှမ်းမိုးတို့ကို သတိပေးခြင်းဖြစ်ကြောင်း ညတွင်း ချင်း သတင်းထုတ်ပြန်ထားသည်။  

“လမ်းသွားလမ်းလာတွေ သူတို့မသင်္ကာရင် တားပြီး ဖမ်းတယ်။ ရုံးထဲမှာ တုတ်နဲ့ ရိုက်တယ်။ ဒိုက်ထိုးခိုင်းတာတွေ လုပ်တယ်။ ပြည်သူကို တော် တော်ဒုက္ခပေးနေတာမို့ ခြောက်လှန့်လိုက်တာ ဖြစ်တယ်”ဟု အဆိုပါ မြစ်သား PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“မနေ့ညက တစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာတယ်။ ဘာမှမဆိုင်ဘဲ အဲဒီအနားမှာရှိနေတဲ့ ပြည်သူသုံးဦး ဖမ်းခံရတယ်။ ကျွန်တော်တို့ကြောင့် ခုလိုဖြစ်သွားတာတော့ စိတ်မကောင်းပါဘူး” 

မြစ်သား PDF သည် ဒေသတွင်း တခြားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားသည်ဟု ဆိုသည်။ myanmar now

သာကေတတွင် ‘ဒလန်’ ကျောင်းစောင့်ပစ်သတ်ခံရ၍ ဖမ်းဆီးစစ်ဆေးမှုများလုပ်

သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်တွင် ဒလန်ဟုသတ်မှတ်ခံထားရသော ကျောင်းစောင့် ဦးတင်ငြိမ်းမှာ အောက်တိုဘာ ၃ရက်နေ့ညက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရ၍သေဆုံးခဲ့သည်။ အသက် ၅၀ ကျော်အရွယ် ဦးတင်ငြိမ်းကို ရပ်ကွက်ရှိ ကန်ကြီးနားတွင် ည ၇နာရီ ၁၅မိနစ်ခန့်က ပစ်သတ်သွားခြင်းဖြစ်ပြီး ” သူ့ကိုဒလန်ဆိုပြီးလူ ပြောများတာပေါ့။ ရင်ဘက်တစ်ချက်ထိတယ် ခေါင်းတစ်ချက်ထိပြီး သေသွားတယ်။

အဲ့ကိစ္စကြောင့်စစ်ကောင်စီတပ်တွေက ည၁၀နာရီကျော်ကျော်လောက်မှာ လာပြီးတော့ ကန်နားမှာရှိတဲ့ သ/မ အိမ်ခန်းတွဲတွေက ယောက်ျားတွေအကုန်လုံးကိုဖမ်းခေါ်သွားတယ်။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၄/မြောက်ရပ်ကွက်တွင် ၁၈ ဦးအဖမ်းခံရပြီး ၄/တောင်ရပ်ကွက်တွင်လည်း ၁၀ ဦးကျော် ဖမ်းခံရကာ နှစ်ရပ်ကွက်ပေါင်း အနည်းဆုံး ၃၀ ဦးခန့် ဖမ်းဆီးခံရသည်။ ၎င်းတို့ကို ရပ်ကွက်ရုံး၌ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တစ်ချို့တစ်ဝက်ကို ခံဝန်လက်မှတ်ထိုး၍ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ယမန်နေ့ညကလည်း သာကေတ မြင်တော်သာလမ်း ဂိတ်ဟောင်းရှိ ပျိုးဥယဉ်နားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကို Burma Final Revolution Armed Forces က ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။mizzima

ဦးဖြိုးမင်းသိန်း မဟုတ်တမ်းတရမ်းပြောခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပြု

လာဘ်ပေးခဲ့ရသည်ဟု စစ်ကောင်စီဘက်မှ သက်သေထွက်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ချက်များမှာ မဟုတ်တမ်းတရမ်းများသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံး၌ ယနေ့ (အောက်တိုဘာ၄) တရားခွင်မစမီ ရှေ့နေအဖွဲ့နှင့် နာရီဝက်ခန့် တွေ့ခွင့်ရစဉ် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့တရားခွင်သည် အဂတိနှင့် မပတ်သက်သည့် အတွက် ဦးဖြိုးမင်းသိန်းရှိမနေခဲ့ပေ။

“သီးခြားသဘောထားပြောစရာ မလိုပါဘူး။ အားလုံး မဟုတ်တမ်းတရမ်းတွေပါပဲလို့ ပြောပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ၎င်းကို စောင့်ရှောက်ပေးစေလိုသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာ ပေးခဲ့ရသည်ဟု သီးသန့်တရားရုံး၌ပင် ပြုလုပ်သည့် အောက်တိုဘာ ၁ တရားခွင်တွင် ဦးဖြိုးမင်းသိန်းက ထွက်ဆိုခဲ့သည်။

အဂတိကော်မရှင်အရာရှိတစ်ဦးက တရားလိုလုပ်၍ ထောင် ၁၅ နှစ်ထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲထားသည့် ထိုအမှုတွင် ဦးဖြိုးမင်းသိန်းက အဓိကသက်သေအဖြစ် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

လာမည့် တစ်ပတ်ရုံးချိန်း(အောက်တိုဘာ၈) တွင် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှ ဦးဖြိုးမင်းသိန်းကို ပြန်လှန်မေးခွန်းထုတ်မည်ဖြစ်သည်။ ထိုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားခြင်းမှာ ဦးဖြိုးမင်းသိန်း၏ ပြောစကားသာ အဓိကဖြစ်သည်ကို တွေ့ရပြီး ပေးခဲ့ရပါသည်ဆိုသော ငွေနှင့် ရွှေတို့ကို သက်သေခံတင်သွင်းထားခြင်းမရှိသေးဟု ရှေ့နေအဖွဲ့ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့ရသည်ဟု ဦးဖြိုးမင်းသိန်းပြောသည်ဆိုသော ရုပ်သံဖိုင်ကို စစ်ကောင်စီက မတ်လအတွင်း ထုတ်ပြန်ချိန်တွင် မတော်မတရား၊ အများပြည်သူအမြင်လွဲစေရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း NLD ထိပ်တန်း တာဝန်ရှိသူတစ်ဦးက Myanmar Now ကို မှတ်ချက်ပြုထားသည်။

“ဘုရား(ထာဝရငြိမ်းချမ်းရေးစေတီ) တည်ဖို့ လှူတဲ့ကိစ္စတွေပါ။ ဒါကို မတော်မတရားအမှုတပ်၊ အများအမြင်လွဲအောင်လုပ်နေပေမဲ့ ဘယ်သူက ဘာလဲဆိုတာ လူထုက ရှင်းရှင်းလင်းလင်းသိပြီးသားပါ။ ပြောနေစရာကို မလိုဘူး”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီဘက်မှ သက်သေထွက်သည့် ဦးဖြိုးမင်းသိန်းတွင် မည်သည့်ဖိအားကြုံနေရသည်ကို မခန့်မှန်းနိုင်သော်လည်း ထိုအမှုအတွက် ၎င်း၏ ပြောဆိုချက်များမှာ လွန်စွာအရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။

“တကယ့်ကို လွတ်လွတ်လပ်လပ်နဲ့ ထွက်ဆိုနိုင်တဲ့ အနေအထားဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ အရေးကြီးပါတယ်။ တရားရုံးတွေမှာ မမှန်သက်သေခံမှုတွေက တအားများတယ်။ ဒီခေတ်ကြီးထဲမှာ ဆိုရင် ပိုပြီး သိသာနိုင်တယ်။ အတင်းအဓမ္မနှိပ်စက်ပြီးတော့ သက်သေခံခိုင်းတဲ့ဟာတွေ၊ ခြိမ်းခြောက်နှိပ်စက်ပြီး သက်သေခံခိုင်းတာတွေ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရသည့် NLD ခေါင်းဆောင်များထဲတွင် ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်းလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ မူလကပင် နှလုံးရောဂါခံစားနေရသည့် ဦးဖြိုးမင်းသိန်းမှာ ဖမ်းဆီးခံထားရချိန်အတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါဒဏ် နှစ်ကြိမ်ခံစားခဲ့ရသဖြင့် ကျန်းမာရေးမကောင်းကြောင်း ပြီးခဲ့သည့် တရားခွင်၌ ထွက်ဆိုထားသည်။

ဇနီးသည်နှင့်အတူ ရန်ကုန်၌ ထိန်းသိမ်းခံထားရသည်ဟု ယူဆရသည့် ဦးဖြိုးမင်းသိန်း၏ လက်ရှိကျန်းမာရေးအခြေအနေ အသေးစိတ်ကိုမူ သီးခြားအတည်မပြုနိုင်သေးပါ။

ဦးဖြိုးမင်းသိန်းစွပ်စွဲသည့် အထက်ပါ အဂတိမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မြေယာရယူမှု၊ အဆောက်အအုံဆောက်လုပ်မှုနှင့် သက်ဆိုင်သည့် အဂတိမှု သုံးမှုတို့ကို နေပြည်တော်ရှိ သီးသန့်တရားရုံးသို့ မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းက နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် လာရောက် ရုံးထိုင်စစ်ဆေးနေခြင်းဖြစ်သည်။

နေပြည်တော် သီးသန့်တရားရုံး၌ပင် ပြုလုပ်ပြီး ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်အပေါ် တုံ့ပြန်မှတ်ချက်ပြုခဲ့ပြီး ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင် ရုံးထိုင်စစ်ဆေးသည့် ယနေ့တရားခွင်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရုံးတော်သို့ တောင်းဆိုမှုတစ်ခု လုပ်ခဲ့သေးကြောင်း သိရသည်။ 

“သူ့ရဲ့ အမှု(ငါးမှု)တွေကို နှစ်ပတ်တစ်ခါ ချိန်းပေးဖို့ပါ။ တစ်ပတ်တစ်ခါဆိုတော့ တစ်ပတ်အတွင်းမှာရှိနေတဲ့ ရုံးဖွင့်ရက်တွေ အကုန်လုံးကို သုံးနေရတယ်။ ကျန်းမာရေးထိခိုက်လာနိုင်တဲ့အတွက် တစ်ပတ်ခြားတစ်ခါချိန်းပေးဖို့ပါ။ တရားသူကြီးက ရှေ့တစ်ပတ်မှာ အမိန့်ချပေးမယ် ပြောပါတယ်”ဟု ဦးခင်မောင်ဇော်က ပြောသည်။

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပါ ပုဒ်မ ၅ခုကို တရားသူကြီး ဦးမောင်မောင်လွင်က တစ်ပတ်နှစ်ရက် စစ်ဆေးနေခြင်း ဖြစ်သည်။

ယနေ့တရားခွင်အတွင်း တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်သည်ဟု ရှေ့နေ အဖွဲ့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့် အမှုပေါင်း ၁၁ မှုရှိပြီဖြစ်သည်။

ထိုအထဲမှ အထက်ပါ ငါးမှုအတွက် တစ်ပတ်နှစ်ရက်၊ အဂတိလေးမှုအတွက် နှစ်ပတ်တစ်ရက်၊ အစိုးရလျှို့ဝှက်အက်အမှုအတွက် တစ်ပတ်တစ်ရက် ဒေါ်အောင်ဆန်းစုကြည်က အချိန်ပေးနေရသည်။

ရန်ကုန်တိုင်းတရားလွှတ်‌တော်တွင် စွဲဆိုထားသည်ဆိုသော အဂတိတစ်မှုနှင့် စပ်လျဉ်း၍ ရုံးထုတ်စစ်ဆေးမည့် အစီအစဉ်ကိုမူ အတည်မပြုနိုင်သေးပါ။myanmar now

ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာတွင် မီးရှို့ထားသည့် အလောင်းတစ်လောင်းတွေ့ရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာတွင် နှစ်ရက်ကြာတပ်စွဲခဲ့သော စစ်ကောင်စီတပ် ပြန်ထွက်သွားချိန်တွင် မီးလောင်ထားသည့် လူသေအလောင်းတစ်လောင်း တွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ထယ်လှော်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်တပ်စွဲခဲ့သည်။ ယမန် နေ့ (အောက်တိုဘာ ၃) ညနေ ၅ နာရီခန့် စစ်တပ်ပြန်ထွက်သွားချိန်တွင် လူသေအလောင်းနှင့် နေအိမ် ၉ လုံး မီးလောင်ထားသည်ကို ရွာသားများ တွေ့ရှိခဲ့သည်။

“လူသေအလောင်းကို အိမ်ထဲထည့်းပြီး မီးရှို့ထားခဲ့ပါတယ်။ အလောင်းက ဦးခေါင်းခွံတို့ ခြေထောက်တို့ ကျန်တယ်ဗျ။ တအားမီးမလောင်တဲ့ နေရာလေးတွေ။ လူဆိုတာတော့ သေချာတယ်ခင်ဗျ။ ရွာအနောက်ပိုင်း ဦးဝင်တင်အိမ်မှာ လုပ်ထားခဲ့တယ်” ဟု ထယ်လှော်ရွာခံတစ်ဦးက ယ နေ့ (အောက်တို ဘာ ၄) တွင် Myanmar Now ကို ပြောသည်။

စစ်တပ်ပြန်ထွက်သွားပြီးနောက် တောထဲသို့ ထွက်ပြေးပုန်းအောင်းနေရာမှ ရွာပြန်လာချိန် လူစစ်နေဆဲဖြစ်သဖြင့် မီးလောင်ထားသည့် လူသေအလောင်းမှာ မည်သူမည်ဝါ မသိရသေးကြောင်းလည်း အထက်ပါ ဒေသခံက ဆိုသည်။ 

စစ်ကောင်စီတပ်သည် တိုက်အိမ်နှစ်လုံးနှင့် ပျဉ်ထောင်အိမ် ၇ လုံးကို မီးရှို့ခဲ့သည့်ပြင် ရွာဘုန်းကြီးကျောင်းရှိ နာရေးကားတစ်စီးနှင့် အိမ်စီးကားတစ်စီးကိုလည်း ယူဆောင်သွားခဲ့သည်ဟု ထယ်လှော်ရွာခံ အခြားသူတစ်ဦးက ပြောသည်။

စစ်တပ်က ရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သည့်ပြင် ဒေသခံများမွေးမြူထားသည့် ဝက်များကို သတ်ဖြတ်စားသောက်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“ပစ္စည်းတွေဝင်မွှေတာတို့ အိမ်ပေါက်တွေကို ရိုက်ချိုးပြီးဝင်တာတို့ အဲ့လိုမျိုးတွေရှိတယ်ဗျ။ သေတ္တာတွေ ဗီရိုတွေ၊ မွှေထားခဲ့တာ အဲ့လိုမျိုးတွေရှိတယ်။ ရွာထဲမှာ ဝက်တွေလဲ သတ်စားကြတယ်။ ဟင်းတွေချက်စားတာတွေ အဲ့လိုမျိုးတွေရှိတယ်” ဟု အထက်ပါ ထယ်လှော်ရွာခံ အ မျိုးသားက ပြောသည်။ 

စစ်ကောင်စီတပ်က ထယ်လှော်ရွာ၌ တပ်စွဲထားစဉ်အတွင်း နေအိမ်များကို မီးရှို့သည့်ပြင် ရွာသူရွာသားများ ပုန်းအောင်းနေရာသို့ လက်နက် ကြီးလက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ထယ်လှော်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေ အိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံရွာသားတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ဦးကို သတ်ဖြတ်ခဲ့သည်။ 

အိမ်ခြေ ၃၀၀ နီးပါးနှင့် လူဦးရေ တစ်ထောင်ဝန်းကျင်ရှိ ထယ်လှော်ရွာတွင် ယနေ့အထိ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စားဝတ်နေရေးနှင့် ကျန်းမာရေးအပါအဝင် အထွေထွေကျပ်တည်းမှုကို ရင်ဆိုင်နေရချိန်၌ စစ်ကောင်စီတပ်က ရွာကို ထပ်မံဝင်ရောက်စီးနင်းခဲ့သည်။  

စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ထယ်လှော်ရွာကို စစ်တပ် ဝင်ရောက်တပ်စွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ထို့ပြင် စစ်တပ်က နေအိမ်များကို မီးရှို့ခြင်းနှင့် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အခြားသော ထိခိုက်ပျက်စီးဆုံးရှုံးမှု အ ခြေအနေကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် ဒေသအသီးသီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ ထိစပ်နေသည့် ယောဒေသလည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီတပ်က ၎င်းတို့ကို ခုခံသော ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အပြင်းအထန်နှိမ်နင်းသည့်ပြင် ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းကာ နေအိမ်များမီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ထယ်လှော်ရွာနှင့် မနီးမဝေးရှိ နှမ်းခါးကျေးရွာတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ သို့သော် ထိုအခြေအနေအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စက်တင်ဘာ ၇ ရက်နောက်ပိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာအချို့တွင် မီးရှို့ခံရသော နေအိမ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သည်။myanmar now

ငါန်းဇွန်မြို့နယ်တွင် ကျောင်းဆရာလင်မယား ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာမှာ အောက်တိုဘာ ၃ ရက် မနေ့ည ၉ နာရီလောက်က ကျောင်းဆရာလင်မယား သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ဆင်ဖြူကုန်းရွာမှာ နေထိုင်တဲ့ ကျောင်းဆရာ ဦးသီဟနဲ့ ကျောင်းဆရာမ ဒေါ်မြသန်းဌေးတို့ လင်မယားနေအိမ်မှာ ရှိနေအချိန် အမည်မသိလူတစ်စုက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ဒေသခံက ပြောပါတယ်။

“သူတို့ က CDM မလုပ်ထားဘူး။ မလုပ်တဲ့အပြင် CDM သမားတွေကို စာရင်းလုပ်ပြီး ပို့တာတွေလည်း ရှိတယ်။ သတင်းပေးတာတွေ လုပ်နေသူတွေ” လို့ ငါန်းဇွန်မြို့နယ် နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ဦးသီဟ နေရာမှာတင် သေဆုံးသွားပြီး ကျောင်းဆရာမ ဒေါ်မြသန်းဌေးကတော့ ငါန်းဇွန်ဆေးရုံကနေတဆင့် မန္တလေးဆေးရုံကြီးကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းဆရာနဲ့ ဆရာမ လင်မယားကို ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။DVB

မင်းတပ်တွင် ရိက္ခာနှင့် ဆေးဝါးပြတ်တောက်သည့်ဒုက္ခကြုံတွေ့နေပြီး အာဟာရပြတ်သေ ဆုံးသည့် ကလေးငယ်များရှိလာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ စစ်ဘေး‌ရှောင်အပါအဝင် ကျေးရွာနေလူထု ၁၀၀၀၀ ကျော်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်သည့်ဒုက္ခ ကြုံတွေ့နေပြီး အာဟာရပြတ်လတ်ကာသေဆုံးသည့် ကလေးငယ်များရှိလာကြောင်း ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

“စစ်ရှောင်ရင်းသေဆုံးတဲ့အထဲ ရိက္ခာပြတ်လို့ တခြား infection(ရောဂါပိုးဝင်)ပြီး အာဟာရချိူ့တဲ့လို့ သေဆုံးတဲ့ကလေးတွေရှိလာတယ်။ အဲ့ဒီအထဲ လသားကလေးငယ်လဲပါတယ်။ ဆေးဝါးလဲသယ်ခွင့်ပိတ်ထားတော့ ရောဂါဖြစ်ရင် ကျန်းမာရေးဝန်ထမ်းက ကုပေးရင်တောင် ကုသဖို့ခက်လာတယ်။ အခုဆိုရင် ပါရာစီတမောတောင် မရှိတော့ဘူး”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မေလမှစ၍ ယခုအချိန်အထိ အကြမ်းဖက်စစ်‌ကောင်စီ၏ ရိက္ခာအဝင်လမ်းကြောင်းပိတ်ထားမှုနှင့်ဒေသခံများ၏ စားသောက်ကုန်များအား အကြောင်း မဲ့ဖျက်စီးခဲ့ခြင်းကြောင့် မင်းတပ်မြို့နယ်အတွင်း ကျေးရွာနေဒေသခံနှင့်စစ်ဘေးရှောင်ဦးရေ သုံးသောင်းခွဲရှိသည့်အနက် ၄၀ ရာခိုင်နှုန်းမှာ ရိက္ခာပြတ်တောက်သည်အထိ ခက်ခဲ့သည့်အနေအထားကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ မင်းတပ်သို့ အဝင်လမ်းကြောင်းဖြစ်သည့် မကွေးတိုင်းအစပ်တွင် အင်အားအပြည့် ဖြည့်တင်းထားသဖြင့်ကုန်သည်များမှာ မလာရဲကြခြင်း၊ ချင်းပြည်နယ်တွင် ဆန်ရေစပါးမထွက်သည့်ဒေသဖြစ်သောကြောင့် မိသားစုတစ်စုလျှင်တစ်နပ်သာစားသောက်ရ၍ တောင်ယာထဲမှပြောင်းဖူးနှင့်အသီးအနှံများကို စားသောက်ကာ အသက်ဆက်နေရသည်ဟုသိရသည်။

ထို့အပြင်စစ်ဘေးရှောင်ရင်းသေဆုံးသည့်ပြည်သူမှာ ငါးလအတွင်း အ‌‌ယောက် ၃၀ ခန့်ရှိပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။ “စစ်ကောင်စီဘက်က မင်းတပ်ကို နှစ်ပတ်အတွင်းအပြတ်ချေမှုန်းမယ်လို့ စစ်ကြေညာထားတော့ မြို့ပေါ်လူတွေလည်းသိပ်မရှိတော့ဘူး။ တွေ့တာနဲ့ဖုန်းတွေဘာတွေစစ်ပြီး မျက်စိစပါးမွှေးစူးတဲ့သူ‌ဆို ဖမ်းခေါ်သွားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအနေအထားအရ မင်းတပ်မြို့ပတ်ပတ်လည်အား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဝိုင်ထားကာ မြို့နှင့် လေးမိုင်တွင် တပ်ရင်း (၂၇၄) တပ်သားများက တပ်စွဲထားသည်။ တိုက်ပွဲများမှ ာရက်သတ္တပတ် တစ်ပတ်ခန့်ငြိမ်သက်နေသော်လည်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ယမန်နေ့အောက်တိုဘာလ ၃ ရက်နေ့က မြို့‌ပေါ်ရှိ ဝဥသီးနှံအရောင်းအဝယ်လုပ်သည့်အသက် ၄၀ အရွယ်ကုန်သည်တစ်ဦးနှင့် အောက်တိုဘာ လ ၁ ရက်နေ့ကလည်း အသက် ၂၀ ကျော်ဝန်းကျင်ရှိသည့် တောင်ယာလုပ်ကိုင်သည့်အမျိူးသမီးတစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားသည်။

ယမန့်နေ့ နံနက်ပိုင်းကလည်း မင်းတပ်မြို့အနီး ကျောက်ထုကျေးရွာရှိ ခရစ်ယာန်အာရ်စီဘုရားကျောင်းအတွင်း ဧည့်စာရင်းစစ်သည်ဆို၍ ဝင်စီးခြင်းများပြုလုပ်ခဲ့ကြောင်း‌ ဒေသခံများထံမှ သိရသည်။ mizzima

ရွှေနှင့်ဒေါ်လာ အဂတိလိုက်စားမှု စွပ်စွဲချက် အ ဓိပ္ပာယ်မဲ့ဟု ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ  တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိပုဒ်မအမှု ၄ ခုထဲက ရွှေနဲ့ဒေါ်လာတွေပေးခဲ့တဲ့အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားလိုပြသက်သေအဖြစ် စစ်ကောင်စီစွဲဆိုချက်ဟာ ခိုင်မာကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က “သူ (ဒေါ်အောင်ဆန်းစုကြည်) ကတော့ All Absurd လို့ပြောတာပဲ။ သူပြောတဲ့စကားအ တိအကျပဲ။ သောကြာနေ့က သက်သေထွက်ချက်အပေါ် သူက အဲ့လိုပဲပြောတယ်။ ရွှေတွေဒေါ်လာတွေ ပေးတယ်ဆိုတဲ့အမှုနဲ့ ပတ်သက်လို့ ဘာပြောစရာရှိလဲလို့ ကျနော်မေးတဲ့ဟာ All Absurd တဲ့။ ဒါပဲပြောသွားတာ။”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တစ်ပတ်မှာ သုံးရက်အထိ ရုံးချိန်းတွေ ဆက်တိုက်ချိန်းဆိုနေရတာကြောင့် ပင်ပန်းနေပြီး တချို့အမှုတွေကို တစ်ပတ်ခြားတစ်ခါခေါ်ဖို့ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အချိန်တွေဟာ တစ်ပတ်မှာ ၃ ရက် ရုံးချိန်းသွားရပြီး ကျန်တဲ့ရက်တွေမှာလည်း အမှုအတွက်ပြင်ဆင်တာတွေနဲ့ပဲ အချိန် ကုန်တဲ့သဘော သက်ရောက်နေတာပါ။ တရားရုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်ကို အောက်တိုဘာ ၁၁ ရက်နေ့ရုံးချိန်းကြရင် အဆုံးအဖြတ်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော် “သူကတရားရုံးကို လျှောက်လွှာတင်တယ်။ တပတ်ခြားတစ်ခါချိန်းပေးဖို့။ သူက သူ့ကျန်းမာရေးအခြေအနေကို အ ကြောင်းပြတယ်။ အခုက အမှုတွေက တနင်္လာကနေ သောကြာနေ့အထိ ဆက်တိုက်ဖြစ်နေပြီဗျ။ ရုံးဖွင့်ရက်တွေအကုန်လုံးကို ရုံးကိုလာနေရတယ်ဗျာ။ သူပင်ပန်းတယ်ပေါ့ အဲ့ဒါကိုပြောတာပါ။”လို့ ပြောပါတယ်။

ဒီနေ့မနက် နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပေါ် တရားစွဲဆိုထားတဲ့ သဘာဝဘေးဥပဒေပုဒ်မအမှုတွေကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားတဲ့ ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတွေကို စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုစုစုပေါင်း ၁၁ မှုအထိ ရှိနေပါတယ်။DVB

« Older Entries