မန္တလေးတွင် စစ်ကောင်စီခန့် ရပ်ကွက်ဆယ်အိမ်မှူးနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ  

မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းနှင့် ယနေ့ (အောက်တိုဘာ ၄) နံနက်ပိုင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်ဆယ်အိမ်မှူးနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် လုပ်ကြံခံရသည့် ဆယ်အိမ်မှူးနှစ်ဦးအနက် သေဆုံးခဲ့သူမှာ မန္တလေးမြို့၊ အရှေ့ဘက်အစွန်ရှိ ချမ်းမြသာစည်မြို့နယ် အောင်သာ ယာရပ်မှ ဦးချွတ်တားဆိုသူဖြစ်ကာ ယမန်နေ့ည ၈ နာရီခန့်တွင် သေနတ်ပစ်ခံရသဖြင့် နေရာမှာပင် သေဆုံးခဲ့သည်ဟု ထိုရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။ 

အသက် ၆၀ ဝန်းကျင်ရှိ ဦးချွတ်တားမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှ ပြန်လာစဉ် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် အနီးကပ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါရပ်ကွက်တွင်နေထိုင်သူ အမျိုးသားက ဆိုသည်။ 

“ညက ရပ်ကွက်ထဲမှာ မီးပျက်သွားတယ်။ မီးပျက်နေတဲ့အချိန်မှာပဲ သေနတ်သံကြားရတယ်။ ပစ်ကြခတ်ကြပြန်ပြီဆိုပြီး နားစွန့်နေရာတာ။ ပြီးမှ သိရတာက စစ်ကောင်စီက ခန့်ထားတဲ့ အကွက်မှူးကို ပစ်သွားတာ။ နားထင်တည့်တည့်မှန်တယ်တဲ့၊ နေရာတင်ပဲ၊ ပွဲချင်းပြီးသွားတယ်” ဟု ၎င်းက ပြောသည်။

ထိုအမျိုးသားကပင် “ပစ်ပြီးမကြာပါဘူး။ စစ်ကားတွေအများကြီး ရောက်လာတယ်။ ရှာဖွေတာတွေလုပ်တယ်၊ ဘာမှ မတွေ့ဘူးထင်ပါတယ်၊ နာရီဝက်လောက်နေတော့ ပြန်သွားကြတယ်” ဟု ဆက်ပြောသည်။ 

ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်အတွင်း စစ်ကောင်စီဘက်တော်သား အုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးစာပေးပို့လေ့ရှိသည်ဟု သိရသည်။ 

ယမန်နေ့ညတွင် သေနတ်ဖြင့် လုပ်ကြံခံရသူ ဦးချွတ်တားမှာ စစ်တပ်က အာဏာသိမ်းပြီး မေလပိုင်းအတွင်း အကွက်မှူး (ဆယ်အိမ်မှူး) ဖြစ်လာကြောင်း၊ ရပ်ကွက်တွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများအကြောင်း စစ်ကောင်စီကို သတင်းပေးလေ့ရှိသူဖြစ်ကြောင်းလည်း ရပ်ကွက်နေသူများက ဆိုသည်။ 

အောင်သာယာနှင့် ကပ်လျက်ရှိ ရပ်ကွက်တစ်ခု၌ စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် စစ်ကောင်စီ၏ အရပ်ဝတ်စစ်သားများက လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ဦးချွတ်တား ယခုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ချမ်းမြသာစည်မြို့နယ်၌ပင် ကန်သာယာရပ်ကွက်မှ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ ဦးအောင်မိုး (ခ) ဦးစိုးမိုးအောင်သည်လည်း ယနေ့ နံနက် ၇ နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရသည်ဟု သိရသည်။ 

စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်သူ ရပ်ကွက်ဆယ်အိမ်မှူး ဦးအောင်မိုး (ခ) ဦးစိုးမိုးအောင်မှာ ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း (၁၀၃ လမ်း) ရှိ နေအိမ်တွင် သေနတ်ပစ်ခံရခြင်းဖြစ်ကာ ရင်ဘတ်နှင့် လက်မောင်းကို ထိမှန်ခဲ့သော်လည်း မသေဘဲ ဆေးရုံတင်ထားရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။ 

သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်သားများရောက်ရှိလာပြီး လမ်းသွားလမ်းလာများကို ပိတ်ဆို့၊ ရှာဖွေ၊ စစ်ဆေးခဲ့သည်ဟုလည်း သိရသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သော အရပ်သားပြည်သူများကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့သည့်နည်းတူ စစ်ကောင်စီဘက်တော်သား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များ လုပ်ကြံသတ်ဖြတ်ခံရမှုသည်လည်း ယနေ့အချိန်ထိ တောရောမြို့ပါမကျန် ဖြစ်နေသည်။ 

လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများအတွက် နစ်နာကြေးအဖြစ် ကျန်ရစ်သူမိသားစုဝင်များကို ငွေကျပ်ငါးသိန်းစီ ထောက်ပံ့ကြောင်း စစ်ကောင်စီက ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် နေ့စဉ်ရက်ဆက် လုပ်ကြံခံရသည့် ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ပေ။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s