သာကေတတွင် ‘ဒလန်’ ကျောင်းစောင့်ပစ်သတ်ခံရ၍ ဖမ်းဆီးစစ်ဆေးမှုများလုပ်

သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်တွင် ဒလန်ဟုသတ်မှတ်ခံထားရသော ကျောင်းစောင့် ဦးတင်ငြိမ်းမှာ အောက်တိုဘာ ၃ရက်နေ့ညက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရ၍သေဆုံးခဲ့သည်။ အသက် ၅၀ ကျော်အရွယ် ဦးတင်ငြိမ်းကို ရပ်ကွက်ရှိ ကန်ကြီးနားတွင် ည ၇နာရီ ၁၅မိနစ်ခန့်က ပစ်သတ်သွားခြင်းဖြစ်ပြီး ” သူ့ကိုဒလန်ဆိုပြီးလူ ပြောများတာပေါ့။ ရင်ဘက်တစ်ချက်ထိတယ် ခေါင်းတစ်ချက်ထိပြီး သေသွားတယ်။
အဲ့ကိစ္စကြောင့်စစ်ကောင်စီတပ်တွေက ည၁၀နာရီကျော်ကျော်လောက်မှာ လာပြီးတော့ ကန်နားမှာရှိတဲ့ သ/မ အိမ်ခန်းတွဲတွေက ယောက်ျားတွေအကုန်လုံးကိုဖမ်းခေါ်သွားတယ်။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
၄/မြောက်ရပ်ကွက်တွင် ၁၈ ဦးအဖမ်းခံရပြီး ၄/တောင်ရပ်ကွက်တွင်လည်း ၁၀ ဦးကျော် ဖမ်းခံရကာ နှစ်ရပ်ကွက်ပေါင်း အနည်းဆုံး ၃၀ ဦးခန့် ဖမ်းဆီးခံရသည်။ ၎င်းတို့ကို ရပ်ကွက်ရုံး၌ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တစ်ချို့တစ်ဝက်ကို ခံဝန်လက်မှတ်ထိုး၍ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယမန်နေ့ညကလည်း သာကေတ မြင်တော်သာလမ်း ဂိတ်ဟောင်းရှိ ပျိုးဥယဉ်နားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကို Burma Final Revolution Armed Forces က ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။mizzima