Monthly Archives: Oct 2021

ရေးမြို့နယ်၌ အန်အယ်လ်ဒီပါတီဝင်၏နေအိမ်ကို စစ်တပ်ကဝင်ရောက်ပြီး လူမတွေ့သဖြင့် ပစ္စည်းခိုးသွား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကမော့ကနင်ကျေးရွာနေ အန်အယ်လ်ဒီပါတီဝင် ဦးသက်နိုင်ရဲ့ နေအိမ်ကို အောက်တိုဘာ ၄ ရက် ဒီမနက် ၆ နာရီအချိန်လောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေခဲ့ပြီး လူမတွေ့တဲ့အတွက် ပစ္စည်းတွေ ခိုးယူသွားပါတယ်။ 

ဒေသခံတဦးက “နေအိမ်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးသက်နိုင်က မရှိဘူး။ ရှောင်တိမ်းနေတာ ကြာပါပြီ။ မိသားစုတွေလည်း ဒီမှာ မနေကြဘူး။ အခု သူ အိမ်မှာမရှိတော့ သူ့အိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေပေမဲ့ မတွေ့ရှိဘဲ နေအိမ်ထဲ ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး  တန်ဖိုးရှိပစ္စည်းတချို့တွေကို ယူဆောင်သွားခဲ့တယ်”လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းတွေမှာ အန်အယ်လ်ဒီပါတီဝင်၊ ထောက်ခံတဲ့သူ တွေနဲ့ အားပေးတဲ့သူတွေကို ပိုမို ဖမ်းဆီးလာနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း ရေးမြို့နယ်ရှိ   အန်အယ်လ်ဒီ အမတ်ဟောင်း ဦးမျိုးဝင်းကို စစ်တပ်ကလာဖမ််းရာမှာ မတွေ့တဲ့အတွက် ဦးမျိုးဝင်းရဲ့ ဇနီးနဲ့ သမီးတို့အပြင် အသက် ၉၀ ကျော် မိခင်ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးသွားပါတယ်။DVB

စစ်ကောင်စီတပ်နှင့်ရဲယာဉ်တန်းများအနီးမကပ်ဘဲ ရှောင်ရှားသွားလာရန် နေပြည်တော် PDF ထုတ်ပြန်

ပြည်သူတွေထိခိုက်မှာကို ငဲ့ညာပြီး စစ်ကောင်စီကို တိုက်ခိုက်နိုင်မည့် အခွင့် ကောင်းများ လက်လွတ်နေရသောကြောင့် စစ်ကောင်စီတပ်နှင့် ရဲယာဉ်တန်း များအနီးကို မကပ်ဘဲ ရှောင်ရှားသွားလာကြရန် နေပြည်တော်ကာကွယ်ရေး တပ်က ယနေ့ထုတ်ပြန်လိုက်သည်။

“နေပြည်တော် PDF အနေနဲ့ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ အကြမ်း ဖက် စစ်သားနဲ့ ရဲဝန်ထမ်းတွေကို တိုက်ခိုက်ဖို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပါတယ် ဒါပေမယ့် အနီးအနားက အပြစ်မဲ့ မိဘပြည်သူတွေ ထိခိုက်ဒဏ်ရာ ရမှာကို ငဲ့ညာပြီး အဲ့ဒီ့ အခွင့်ကောင်းတွေကို လက်လွှတ်ခဲ့ရတာ အကြိမ်ကြိမ် ရှိနေပြီဖြစ်ကြောင်း” ပြည်သူ့ကာကွယ်ရေးတပ်မတော်( နေပြည်တော်) NPT – PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လွန်ခဲ့သော အောက်တိုဘာလ ၃ ရက်နေ့က NPT-PDF အနေဖြင့် နေပြည်တော် တွင် ပိုမိုပြင်းထန်သော မြို့ပြပျောက်ကြားစစ်ဆင်ရေး စတင်တော့မှာ ဖြစ် ကြောင်း ထုတ်ပြန်ထားခဲ့ပြီး မိဘပြည်သူတွေများ၏ အိမ်ရှေ့မှာ လမ်းဘက်ကို မျက်မှာမူပြီး တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကို ပိတ်ထားပေးရန် (သို့မဟုတ်) လမ်းဘက်ကို မျက်မှာမမူဘဲ အခြားတစ်နေရာကို မြင်ကွင်းပြောင်း ချိန်ရွယ်ပေးပြီး ပူးပေါင်းပါဝင်ပေးရန် ထုတ်ပြန်ထားခဲ့သည်။mizzima

ငပုတောမြို့နယ် သဲဖြူကျေးရွာတွင် စစ်တပ်သတင်းပေး ၂ ဦး အသတ်ခံရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ သဲဖြူကျေးရွာမှာ အသတ်ခံထားရတဲ့ စစ်တပ်သတင်းပေး ၂ ယောက်ရဲ့ အလောင်းတွေကို အောက်တိုဘာ ၂ ရက်က ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။

သဲဖြူကျေးရွာက စစ်တပ်သတင်းပေး ဦးဆန်းတင့်နဲ့ ဦးတင့်ထူးတို့နှစ်ယောက်ကို လွန်ခဲ့တဲ့ ၃ ပတ်လောက်က ဓားနဲ့ရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားတပ်ပေါင်းစု အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့နှစ်ယောက်ကို စောင့်ကြည့်နေတာ ကြာပြီ။ သူတို့ကြောင့် အဖမ်းခံရတာ မနည်းဘူး။ နှစ်ယောက်လုံးကို ရွာထိပ်မှာ ရှင်းလင်းပြီး မြေမြှုပ်ခဲ့တာပါ။ အခု အလောင်းပေါ်တော့ အရိုးတွေ ကြည့်ပြီး စစ်တပ်က အတည်ပြုသွားတာ” လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့ သတင်းပေး ၂ ယောက်ရဲ့ အလောင်းကို အကြမ်းဖက်စစ်အုပ်စုက ငရုတ်ကောင်းမြို့ ဆေးရုံမှာ စစ်ဆေးနေတယ်လို့ဆိုပါတယ်။

အလောင်းတွေ့ရှိပြီးနောက်ပိုင်းမှာတော့ သဲဖြူကျေးရွာနဲ့ ကနစိုးကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက အင်အားအများအပြားနဲ့ ဝင်ရောက်စစ်ဆေးနေပါတယ်။DVB

ဒီပဲယင်းမြို့နယ် မုံရွာ-ရေဦးကားလမ်းမပေါ် ဗုံးကွဲ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အနီးမှာ အောက်တိုဘာ ၄ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က  မုံရွာ-ရေဦး ကားလမ်းမပေါ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

“ကျနော်တို့ မုံရွာ၊ ဘုတလင်၊ ရေဦး၊ တန့်ဆည်က ပြည်သူ့ကာကွယ်ရေးတပ်တွေက အိမ်စီးကားတွေ မှန်ချမောင်းဖို့ တခြားကုန်ကားတွေမိုးကာ မအုပ်ဘဲ မောင်းကြဖို့ အကြိမ်ကြိမ် စာထုတ်အသိပေးတာတွေလည်း ရှိတယ်ဗျ။ အခုဟာက စစ်ကောင်စီ ရိက္ခာပို့တဲ့ ထောက်ပို့ကား ဖြစ်လို့ မိုင်းခွဲကြတာထင်တယ်။ ဟီးနိုးကားကြီးတစ်စီးနဲ့ ဒိုင်နာကားမိုင်းမိတယ်ထင်တယ်။ သူတို့က မိုးကာတွေ အုပ်မောင်းလာကြတာ။ မိုင်းက ထိထိမိမိ မိတာမဟုတ်တော့ အပျက်စီးအနည်းငယ်ပဲ ဖြစ်လိမ့်မယ်”လို့  ဒေသခံတစ်ဉီးက ပြောပါတယ်။

အဆိုပါဖောက်ခွဲမှုဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းလက်ချက် ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

မိုင်းပေါက်ကွဲခဲ့လို့ အကြမ်းဖက် စစ်တပ်လာရောက်စစ်ဆေးပြီး ကျေးရွာတွေအတွင်း ဖျက်ဆီးမီးရှို့တာမှာကို စိုးရိမ်နေကြရတယ်လို့ရွာသားတွေက ပြောပါတယ်။DVB

ပုလဲမြို့နယ်တွင်း ဝင်ရောက်လာတဲ့ စစ်ကောင် စီယာဉ်တန်း နလန်တောင်တွင် ဒုတိယအကြိမ် မိုင်းဆွဲခံရပြီး ၂၀ ဦးသေဆုံး၊ ၃၅ ခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းသို့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ဝင်ရောက်လာသော ကားအစီးရေ ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းအား PPDF နှင့် PRA မှ မိုင်း ၂၇ လုံးခွဲ၍ တိုက်ခိုက်ခဲ့ပြီး ဆက်လက်ချီတက်လာသော စစ်ကောင်စီယာဉ်တန်းအား နလန်တောင်အနီးတွင် နံနက် ၉ နာရီ ၄၀ မိနစ်၌ PRA မှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီမှ ၂၀ ဦး သေဆုံးကာ ၃၅ ဦးခန့် ဒဏ်ရာရကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်ထံမှ သိရသည်။

ယနေ့ မနက် (၉:၄၀)ခန့်တွင် မကွေးတိုင်း၊ ကျောမြို့ဘက်မှ ဆင်းလာသော စစ်ခွေးကား ၆၀ ဝန်းကျင်ခန့်ကို နလန်တောင်တွင် မိုင်းဆွဲပြီး အပြန်အလှန်ပစ်ခတ်ကြရာ စစ်ခွေး ၂၀ ကောင် ကျပြီး ၃၅ ခန့် ဒါဏ်ရာ ရသွားပြီး ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)ဘက်မှ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်း PRA မှ ထုတ်ပြန်ထားသည်။

“မနက်အစောပိုင်း ခွဲပြီးတော့မှ ဟိုးအရှေ့မှာလည်း ပွိုင့်တွေရှိသေးတော့ နောက်ထပ်ကျွန်တော်တို့ စောင့်နေတဲ့ ပွိုင့်တွေကလည်း အခြားနေရာမှာရှိသေးတော့ အဲကနေပြီးတော့မှ နောက်ဆုံးကဟာကို ကျွန်တော်တို့ စခွဲတာပေါ့။ ခွဲတော့ အဲ့နားမှာတင် ကျွန်တော်တို့ ၃လုံးဆွဲဖြစ်တယ်ပေါ့။ ကြားတာကတော့ အဲနားမှာ ရလုံးလောက်ကြားလိုက်တယ်ပေါ့။ ကျွန်တော်တို့လည်း ဆွဲပြီးတော့ ပြန်ပစ်ပြီးတော့မှ ကလေးတွေ ကာပစ်ပြန်ပစ်တဲ့အဖွဲ့က ပစ်ပြီးတော့မှ ပြန်ဆုတ်ကျတာပေါ့။ အဲတာကတော့ ၂ကောင်ကျပြီး ၃ကောင် ဒဏ်ရာရတာပေါ့။ ဒီနေ့ကားက ၉၃ စီး၊ ပုလဲ PDF ကတော့ ၈ဝ ခန့်လို့ရေးထားတယ်ပေါ့။

ဒီကားတန်းက အရှည်ကြီးပေါ့။ သူတို့က ဟိုးရှေ့ထိပ်ကနေချတာ ကျွန်တော်တို့က နောက်ထိပ်ဖက်ကနေ ဆွဲတာပေါ့။ အဲနားဝန်ကျင်ဆိုပေမယ့် နည်းနည်းလှမ်းတာပေါ့။ ကား ၉ဝကျော်ဆိုတော့ပေါ့။ ၁ကားနဲ့ ၁ကားကလည်း ခွဲလာတာပေါ့။ အားလုံးစုစုပေါင်းဆိုရင် စစ်ခွေးက ၂ဝ အသေကပေါ့။ ဒဏ်ရာရတဲ့ကောင်က ၃၅ကောင်လောက်ရှိတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်မတော် PRA မှ ဗိုလ်ဂျပန်က ရန်ကုန်ခေတ်သစ်သ တင်းဌာနသို့ ပြောဆိုသည်။

ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီယာဉ်တန်းအား PRA နှင့် ပုလဲ PDF တို့မှ ကန့်ဒေါင့်ရွာအနီး ကိုးလောင်းပြိုင်ကွေးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၅ စီး ပျက်စီးပြီး စစ်သားအများအပြားသေဆုံးကြောင်း ပုလဲ PDF မှ ထုတ်ပြန်ထားသည်။khit thit

ညောင်လေးပင်မြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် ဒုတိယအကြိမ်ဗုံးခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ အောက်တိုဘာ ၃ ရက် ည ၁၂ နာရီက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ၁ တိုင်  ဒုတိယအကြိမ် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းကျေးရွာ အထက်တန်းကျောင်းဘေးက စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ဗုံးခွဲခံလိုက်ရတာဖြစ်ပြီး တာဝါတိုင်ရဲ့ အထိုင်စက်နဲ့ စက်ပစ္စည်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “တာဝါတိုင်ရဲ့ အထိုင်စက်နဲ့ စက်ပစ္စည်းတချို့ ထိခိုက်ပျက်စီးသွားတယ်ဆိုတာတော့ ကြားတယ်။ မနက်ကတည်းက ခုအချိန်အထိ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတုန်းပဲ၊ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာတော့ မသိရသေးဘူး၊ ထုတ်ပြန်တာလည်း မရှိဘူးလေ။”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် ပုဇွန်မြောင်းကျေးရွာထိပ်မှာ နေထိုင်စျေးရောင်းချနေတဲ့ စျေးသည် မိသားစုတွေ ကြောက်လန့်ကာ ရွာအတွင်းကို ညတွင်းပြောင်းရွှေ့ခဲ့ကြပြီး ဖောက်ခွဲသူကိုတော့ ခုအချိန်ထိ မဖမ်းမိသေးဘူးလို့လည်း ဒေသခံက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ တာဝါတိုင် နေရာကို စစ်ကောင်စီရဲ့ လုံ​ခြုံရေးတပ်ဖွဲ့ဝင်တွေ ချက်ချင်း ရောက်မလာဘဲ မနက်မိုးလင်းမှသာ အင်အား ၃၀ ကျော်နဲ့ ရွာကို ဝင်ရောက်လာပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ နှင်းဝိ(သံတံတား)ကျေးရွာနဲ့ နဘဲပင်ကျေးရွာတို့မှာ နိုဝင်ဘာလ ၂ ရက်နေ့ညက မိုင်တဲလ်တာဝါတိုင် ၂ တိုင် ဗုံးခွဲခံရပြီနောက် ပုဇွန်မြောင်းကျေးရွာမှာ ဒုတိယအကြိမ် ထပ်မံဗုံးခွဲခံရတာလည်း ဖြစ်ပါတယ်။DVB

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက CDM ဝန်ထမ်းများထံမှ ကိုဗစ်ကာလ ချေး ငွေများ ပြန်တောင်းရန် စီစဉ်နေ

စစ်ကောင်စီ၏ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနလက်အောက်မှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သည့် ဝန်ထမ်းများထံမှ ကိုဗစ်ကာလ ချေးငွေများ ပြန်လည်တောင်းခံရန် အောက်တိုဘာလ ၁ ရက် ရက်စွဲဖြင့် ညွှန်ကြားသည့် ရုံးတွင်းစာတစ်စောင်ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ညွှန်ကြားစာတွင် ” ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ရာထူးမှ ထုတ်ပယ်ခြင်းခံရသည့် ဝန်ထမ်းများသို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်မှစပြီး ချေးငွေပြန်လည်ပေးသွင်းရေး၊ Notice(သတိပေး) စာပို့ရန်နှင့် နိုင်ဝင်ဘာလ ဒုတိယအပါတ်အထိ ချေးငွေပြန်လည်ပေးသွင်းခြင်းမရှိပါက ရန်ကုန်အခြေပြု ဌာနခွဲများမှ ချေးငွေပြန်လည် မပေးသွင်းသူ ထုတ်ပယ်ဝန်ထမ်းများကို စီမံရေးဌာနခွဲက တရာစွဲဆိုရန်နှင့် နယ်ရုံခွဲများမှ ချေးငွေပြန်လည်မပေးသွင်းသူ ထုတ်ပယ်ဝန်ထမ်းများကို သက် ဆိုင်ရာ နယ်ရုံးများမှ တရာစွဲဆို အရေးယူခြင်းကို ဆက်လက်ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ပါသဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပေးအကြောင်းကြားအပ်ပါသည်” ဟု ပါရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်း ၇၀၀ကျော်မှ CDMပြုလုပ်သူ ၁၁၉ ယောက်ရှိသည်ဟု သိရသည်။အကြီးတန်းစာရေး ရာထူးမှ CDM ပြုလုပ်ထားသူ တစ်ဦးကတော့ ” အမတို့ဆီစာမပို့သေးဘူး။ အမတို့ ဆီ‌ တောင်းဖို့ ဌာနတွေကိုအကြောင်းကြားတဲ့စာပါ။ ဌာနခွဲတွေကတဆင့် တယောက်ချင်းဆီကိုပြန်ပို့မှာပါ။ အဲ့လိုသာပေးရရင် တကယ်ခက်ခဲနေတဲ့ CDM တွေ ပိုပြီးဒုက္ခရောက်ကုန်ကြမှာပါ။

ခုတောင် စားစရိတ်ရဖို့မနဲရုန်းကန်နေကြရတဲ့သူတွေအများကြီးပါ” ဟု ပြောသည်။ CDM ပြုလုပ်သည့်အတွက် ရာထူးမှ ထုတ်ပယ်သည့်စာတွင် ခြောက်လအတွင်း အယူခံလွှာတင်လို့ရမည်ဟု ပါရှိသော်လည်း ယခု သုံးလပြည့်သည့်အချိန်တွင် ပြန်ဆပ်ရန်စာထုတ်သည်ဟု ဆိုသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် – ၁၉ သက်ရောက်မှုကုစားရန် အမြဲတမ်းခန့် နိုင်ငံ့ဝန်ထမ်းများကို ရရှိသောလစာ၏ နှစ်လစာပမာဏကို အတိုးမဲ့ချေး ငွေအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းမှစတင်ကာ ချေးငွေများ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အဆိုပါချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ချေးငွေအဖြစ် တရားဝင်သတ်မှတ် ထုတ်ပြန်ကြေညာထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ ခြိမ်း ခြောက်တောင်း ဆိုမှုများအား အသိအမှတ်ပြုရန် မလိုအပ်ကြောင်း မေလအတွင်းက ထုတ်ပြန်ထားသည်။mizzima

မန္တလေးတွင် စစ်ကောင်စီခန့် ရပ်ကွက်ဆယ်အိမ်မှူးနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ  

မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းနှင့် ယနေ့ (အောက်တိုဘာ ၄) နံနက်ပိုင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်ဆယ်အိမ်မှူးနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် လုပ်ကြံခံရသည့် ဆယ်အိမ်မှူးနှစ်ဦးအနက် သေဆုံးခဲ့သူမှာ မန္တလေးမြို့၊ အရှေ့ဘက်အစွန်ရှိ ချမ်းမြသာစည်မြို့နယ် အောင်သာ ယာရပ်မှ ဦးချွတ်တားဆိုသူဖြစ်ကာ ယမန်နေ့ည ၈ နာရီခန့်တွင် သေနတ်ပစ်ခံရသဖြင့် နေရာမှာပင် သေဆုံးခဲ့သည်ဟု ထိုရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။ 

အသက် ၆၀ ဝန်းကျင်ရှိ ဦးချွတ်တားမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှ ပြန်လာစဉ် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် အနီးကပ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါရပ်ကွက်တွင်နေထိုင်သူ အမျိုးသားက ဆိုသည်။ 

“ညက ရပ်ကွက်ထဲမှာ မီးပျက်သွားတယ်။ မီးပျက်နေတဲ့အချိန်မှာပဲ သေနတ်သံကြားရတယ်။ ပစ်ကြခတ်ကြပြန်ပြီဆိုပြီး နားစွန့်နေရာတာ။ ပြီးမှ သိရတာက စစ်ကောင်စီက ခန့်ထားတဲ့ အကွက်မှူးကို ပစ်သွားတာ။ နားထင်တည့်တည့်မှန်တယ်တဲ့၊ နေရာတင်ပဲ၊ ပွဲချင်းပြီးသွားတယ်” ဟု ၎င်းက ပြောသည်။

ထိုအမျိုးသားကပင် “ပစ်ပြီးမကြာပါဘူး။ စစ်ကားတွေအများကြီး ရောက်လာတယ်။ ရှာဖွေတာတွေလုပ်တယ်၊ ဘာမှ မတွေ့ဘူးထင်ပါတယ်၊ နာရီဝက်လောက်နေတော့ ပြန်သွားကြတယ်” ဟု ဆက်ပြောသည်။ 

ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်အတွင်း စစ်ကောင်စီဘက်တော်သား အုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးစာပေးပို့လေ့ရှိသည်ဟု သိရသည်။ 

ယမန်နေ့ညတွင် သေနတ်ဖြင့် လုပ်ကြံခံရသူ ဦးချွတ်တားမှာ စစ်တပ်က အာဏာသိမ်းပြီး မေလပိုင်းအတွင်း အကွက်မှူး (ဆယ်အိမ်မှူး) ဖြစ်လာကြောင်း၊ ရပ်ကွက်တွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများအကြောင်း စစ်ကောင်စီကို သတင်းပေးလေ့ရှိသူဖြစ်ကြောင်းလည်း ရပ်ကွက်နေသူများက ဆိုသည်။ 

အောင်သာယာနှင့် ကပ်လျက်ရှိ ရပ်ကွက်တစ်ခု၌ စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် စစ်ကောင်စီ၏ အရပ်ဝတ်စစ်သားများက လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် ဦးချွတ်တား ယခုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ချမ်းမြသာစည်မြို့နယ်၌ပင် ကန်သာယာရပ်ကွက်မှ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ ဦးအောင်မိုး (ခ) ဦးစိုးမိုးအောင်သည်လည်း ယနေ့ နံနက် ၇ နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရသည်ဟု သိရသည်။ 

စစ်ကောင်စီသတင်းပေးတစ်ဦးဖြစ်သူ ရပ်ကွက်ဆယ်အိမ်မှူး ဦးအောင်မိုး (ခ) ဦးစိုးမိုးအောင်မှာ ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း (၁၀၃ လမ်း) ရှိ နေအိမ်တွင် သေနတ်ပစ်ခံရခြင်းဖြစ်ကာ ရင်ဘတ်နှင့် လက်မောင်းကို ထိမှန်ခဲ့သော်လည်း မသေဘဲ ဆေးရုံတင်ထားရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။ 

သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်သားများရောက်ရှိလာပြီး လမ်းသွားလမ်းလာများကို ပိတ်ဆို့၊ ရှာဖွေ၊ စစ်ဆေးခဲ့သည်ဟုလည်း သိရသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သော အရပ်သားပြည်သူများကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့သည့်နည်းတူ စစ်ကောင်စီဘက်တော်သား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များ လုပ်ကြံသတ်ဖြတ်ခံရမှုသည်လည်း ယနေ့အချိန်ထိ တောရောမြို့ပါမကျန် ဖြစ်နေသည်။ 

လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများအတွက် နစ်နာကြေးအဖြစ် ကျန်ရစ်သူမိသားစုဝင်များကို ငွေကျပ်ငါးသိန်းစီ ထောက်ပံ့ကြောင်း စစ်ကောင်စီက ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် နေ့စဉ်ရက်ဆက် လုပ်ကြံခံရသည့် ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ပေ။ myanmar now

« Older Entries Recent Entries »