Monthly Archives: Oct 2021

စစ်ကောင်စီ ယာဉ်တန်းကို KIA မိုင်းခွဲ တိုက် ခိုက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းအား ကချင်လွတ်လပ် ရေးတပ်မတော် KIA တိုက် ခိုက်ခဲ့သည်ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။အောက်တိုဘာလ ၅ ရက်နေ့(ယနေ့)တွင် မိုးမောက်မြို့နယ်၊ မြို့သစ်ကျေး ရွာနားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အ တည်ပြု ပြောသည်။

“အဲ့ဘက်မှာတော့ တိုက်ပွဲဖြစ်တာတော့ မဟုတ်ပါဘူး။ တိုက်ပွဲအဆင့်မဖြစ်ပါဘူး။ ဘာလဲ စစ်ကောင်စီဘက်က ရိက္ခာလာပို့တာတွေကို KIA က နေ မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတာပဲ ကြားပါတယ်။ တိုက်ပွဲအဆင့်တော့ မဖြစ်ပါ ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ယနေ့နံနက်ပိုင်းက မိုးမောက်မြို့နယ်အတွင်း လက်နက်ကြီးနှင့် လက်နက်ငယ်သံ အချို့ ကြားနေရသည့်အတွက် ဒေသခံ အချို့က စိုးရိမ်နေသည်ဟု ပြောသည်။

မိုးမောက်မြို့က ဒေသခံတစ်ဦးက “ဒီနေ့က ကျမတို့ မိုးမောက်ကနေ ဒီ လက်နက်ကြီးလား၊ သေနတ်ကြီးလား အဲ့ဒါအသံ နှစ်ချက်ကြားရတာရှိတယ်။ နောက်ပြီး သေနတ်သံတွေ နည်းနည်းပြန်ကြားရတယ်။ ကျမတို့ဘက်က နည်းနည်းချောင်ကျတော့ အပြင်မထွက်ကြည့်ဖြစ်ဘူး။ တချို့က ပြောတာက ဒီမြို့သစ်ဘက်မှာလား အဲ့ဒါ ဗမာ စစ်ကားကို KIA က တိုက်တယ်လို့လည်းပြောတယ်။ ကျမတော့ မမြင်ပါဘူး” ဟု ပြောသည်။

ယနေ့ မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ကချင်သတင်းမီဒီယာများတွင် ဗန်းမော်မြို့ဘက်က လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းအား KIA မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ကား ၃ စီးထက်မနည်း ပျက်စီးသွားသည်ဟု ရေးသားဖော်ပြထားသည်။မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ၊ ရိက္ခာနှင့် လူအင်အားတိုးချဲ့နေမှု အခြေ အနေများနှင့် ပတ် သက်၍ ဗိုလ်မှူးကြီးနော်ဘူ က ယခုကဲ့သို့ ဆက်ပြောသည်။

မိုးမောက်မြို့နယ်အတွင်း “သိသိသာသာ စစ်ရေးလှုပ်ရှားတာတော့ မတွေ့ရပါဘူး။ ဒီရိက္ခာပို့တာတွေတော့ ရှိပါတယ်။ ဒီရိက္ခာပို့ရင်းနဲ့ စစ်အင် အားတွေ လက်နက်တွေကတော့ ပို့ထားလောက်ပါတယ်။ ဒါပေမယ့် ဒီလက်နက် တွေကတော့ သိသိသာပို့တာ မရှိပါဘူး” ဟု ပြောသည်။ထို့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း မိုးမောက်မြို့နယ်ထဲက ကျောက်စခန်းအနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင် စီ၏ စစ်ကြောင်းတစ်ခုကို KIA တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့ က ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း မိုးမောက်မြို့နယ်၊ စိန်လုံအတက်လမ်းခွဲရှိ ယာဉ်ထိန်းရဲစခန်းအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ကချင်ပြည်နယ်အတွင်းက မိုးမောက်မြို့နယ်အပြင် တနိုင်း-လီဒိုလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ၏ ယာဉ်တန်းများနှင့် စစ်ကြောင်းအချို့ကို KIA က မကြာခဏ မိုင်းခွဲ တိုက်ခိုက်မှုများရှိနေသည်ဟု ဒေသခံများနှင့် KIO သတင်းနှင်ပြန်ကြားရေး တာဝန်ခံက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောဆိုထားသည်။mizzima

ထားဝယ် တောင်ပိုင်း သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့များအား လက်နက် ကိုင်တိုက်ပွဲဝင်နေသည့် PDF များ အောင်ပွဲရရှိရေး ဆီးမီးထွန်း ညသပိတ်ပြုလုပ်

khit thit

ကလေးမြို့အမတ်၏ အိမ်နှင့် ဆိုင်ကို စစ်ကောင်စီတပ် ဒုတိယအကြိမ် ဝင်စီး

စစ်ကိုင်းတိုင်းလွှတ်တော် ကလေးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်လူထုက နှစ်ကြိမ်ဆက်တိုက် မဲပေးရွေးချယ်ထားသော ဒေါ်သန့်ဝေကျော်က ၎င်း၏ နေအိမ်နှင့် စတိုးဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး အဝတ်အထည်နှင့် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များကို ယူ ဆောင်သွားသည်ဟု ယနေ့ အောက်တိုဘာ ၅ တွင် ပြောသည်။ 

အောက်တိုဘာ ၁ ရက်နေ့က ကလေးမြို့တက္ကသိုလ်အနီးရှိ၊ နေအိမ်နှင့် ဆိုင်ကို အရပ်ဝတ်လက်နက်ကိုင်၂၀ ခန့်က သော့ဖျက်ဝင်ရောက်သွားသည်ဟု သိရကြောင်း အသက် ၃၅ နှစ်အရွယ် ဒေါ်သန့်ဝေကျော်က ပြောသည်။

“အိမ်ထဲက ပစ္စည်းတွေကိုလည်း မွှေထားတာအများကြီးဆိုတော့ ဘာတွေယူသွားတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ အိမ်ကို ရှေ့ ကနေ သော့ဖျက်ဝင်ပြီး သူတို့ပါလာတဲ့ သော့နဲ့ ပြန်ခတ်သွားတာ”ဟု ၎င်းက ဆက်ပြောသည်။

အဆောက်အအုံနှစ်လုံးအတွင်း ပစ္စည်းများ ဖရိုဖရဲဖြစ်နေသည်ကို Myanmar Now က ကြည့်ရှုရသည့် ဓာတ်ပုံတွင် တွေ့မြင်ခဲ့ရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို မေးမြန်းရန် ယနေ့ ညနေပိုင်းက ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။

အိမ်နှင့် ဆိုင်မှ ပစ္စည်းများကို ယူဆောင်သွားကြခြင်းမှာ မည်သည့်ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်း မသိရသေးပေ။ 

စစ်ကောင်စီတပ်က မေလလယ်တွင်လည်း တစ်ကြိမ်ဝင်မွှေခဲ့ပြီးဖြစ်သည်ဟု ကာယကံရှင်က ဆိုသည်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဒေါ်သန့်ဝေကျော်သည် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။  

စစ်ဗိုလ်ချုပ်ကြီးများက ၂၀၂၀ ရွေးကောက်ပွဲတွင်  မဲစာရင်းမှားသည်ဟု အကြောင်းပြ အာဏာသိမ်းပြီးနောက်တွင် NLD အမတ် ဒေါ်သန့်ဝေကျော်ကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကာ ၎င်းကို ဖမ်းမိရေးအတွက် သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟုလည်း စက်တင်ဘာလပိုင်း၌ စစ်တပ်ပိုင် မြဝတီရုပ်သံက ကြေညာထားသည်။

ထို့ကြောင့် ၎င်းမှာ နေအိမ်တွင် မနေထိုင်ဘဲ အခြားနေရာတွင် တိမ်းရှောင်နေထိုင်နေသည်ဟု သိရသည်။ 

နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အပြင် မတရားအသင်းအက်ဥပဒေပုဒ်မ- ၁၇(၁)/ ၁၇(၂) တို့ဖြင့်လည်း ကလေးမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မင်းက တရားလိုလုပ်၍ မေ ၃ တွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဒေါ်သန့်ဝေကျော်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ချိတ်ဆက် ၍ Federal Army (ဖယ်ဒရယ်တပ်မတော်) ဖွဲ့ရန် ဒေသခံလူငယ်များကို လူသစ်စုဆောင်းခြင်း၊ လက်နက်ကိုင်မည့်လူငယ်များအပါအဝင် အာ ဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သူများကို ငွေကြေးထောက်ပံ့ခြင်း၊ စစ်ကောင်စီလက်ထက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်းတို့အတွက် တာဝန်ရှိသည်ဟု ယင်းတိုင်ချက်တွင် စွပ်စွဲထားသည်။ 

စစ်အာဏာသိမ်းပြီး ၈ လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ရဟန်းရှင်လူ ပြည်သူ ၁,၁၀၀ ကျော် သေဆုံးခဲ့ရသလို ဖမ်းဝရမ်း ထုတ်ခံထားရသူ ၂,၀၀၀ နီးပါးလည်းရှိနေသည်။ ထို့ပြင် ၎င်းတို့ကိုတော်လှန်သည့် ပြည်သူများ၏ နေအိမ်များကို အကြောင်းပြချက်မရှိ ကျူး ကျော်ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများကိုလည်း စစ်ကောင်စီက နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်။myanmar now

ဒီပဲယင်း တိုင်နတ်ရွာကို စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်း ပြည်သူပိုင် ပစ္စည်းများ၊ ဆိုင်ကယ်များကို ဖျက်ဆီးကာ စားသောက် ကုန်ပစ္စည်းများ ယူဆောင်သွား၊ ဒေသခံပြည်သူ ၃၅ဝဝ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

ဒီပဲယင်းမြို့နယ် တိုင်နတ်ရွာကို ယနေ့ အောက်တိုဘာလ ၅ရက်နေ့ နေ့လည် ၁နာရီကျော်ခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများ၊ ဆိုင်ကယ်များကို ဖျက်ဆီးကာ စားသောက်ကုန် ပစ္စည်းများ ယူဆောင်သွားပြီး ဒေသခံပြည်သူ ၃၅ဝဝ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

“ဒီနေ့ နေ့လည် တစ်နာရီလောက်က စကစ စစ်ကြောင်းမွှေသွားတာပါ။ ဆိုင်ကယ် ၃စီး အသုံးအဆောင် ပရိဘောဂ အစ္စည်းတွေကို ပျက်စီးသွားပါတယ်။ သေနတ် အချက် ၂၀ကျော် ပစ်ဖောက် ခြောက်လှန့်သွားပါတယ်။ ယခု ည၉နာရီ အချိန်မှာ မြင့်တန့်ကျေးရွာမှာ တပ်စွဲထားပါတယ်လို့ သိရတယ်။

အခုလက်ရှိ တိုင်နတ်ရွာနဲ့ မြင့်တန့်ရွာက ပြည်သူ ၃၅၀၀လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံပြည်သူ ၁ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များတွင် တိုင်နတ်ရွာကို ဝင်ရောက်စီးနင်းပြီး နောက် မြင့်တန့်ရွာကို ထပ်မံစီးနင်းနေခြင်းဖြစ်ကာ လက်ရှိချိန်တွင် မြင့်တန့်ရွာတွင် ၎င်းတို့ တပ်စွဲထားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။khit thit

အမေရိကန်သတင်းသမား Danny Fenster မတရားအသင်းပုဒ်မဖြင့် ထပ်မံစွဲဆိုခံရ 

အင်းစိန်အကျဉ်းထောင်၌ လေးလကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster ကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅−က အပြင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားသည်။

ရန်ကုန်အခြေစိုက်သတင်းမီဒီယာတစ်ခုဖြစ်သည့် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာ Danny Fenster ကို အောက်တိုဘာ ၄ ရက်က အကျဉ်းထောင်တွင်းရှိ တရားရုံး၌ ရုံးထုတ်စစ်ဆေးရာတွင် အနည်းဆုံးထောင်ဒဏ် ၂ နှစ်ကျခံရနိုင်သည့် ပုဒ်မ ၁၇ (၁) ဖြင့် ထပ်တိုးစွဲဆိုကြောင်း တရားသူကြီးက အသိပေးသည်ဟု ၎င်း၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။ 

“ဘာကြောင့် ဒီပုဒ်မနဲ့ စွဲတယ်ဆိုတာ မပြောပြသေးဘူး။ ပုဒ်မပဲ ပြောသေးတယ်။ အမှုတွဲတိုင်စာမှာတော့ ပါမှာပေါ့။ အမှုတွဲကြည့်ခွင့်ရတဲ့ အချိန်မှ ပြောလို့ရမယ်” ဟု Danny Fenster ၏ရှေ့နေက ပြောသည်။

အသက် ၃၇ နှစ်အရွယ် အမေရိကန်သတင်းသမား Danny Fenster မှာ မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့ အပြန် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ၎င်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ယမန်နေ့ ရုံးချိန်တွင် PPE ဝတ်စုံ (တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ) ဖြင့် တွေ့ရသည့် Danny Fenster မှာ ကျန်းမာရေးထိခိုက်နေပုံရကြောင်း၊ ပုဒ်မ ၅၀၅−က ဖြင့် စွဲဆိုခံထားရမှုအတွက် အာမခံလျှောက်ထားခဲ့ကြောင်းလည်း ဦးသန်းဇော်အောင်က ဆိုသည်။

“မနေ့က အာမခံလျှောက်ထားလွှာတင်ခဲ့တယ်။ လာမယ့် အောက်တိုဘာ ၁၅ ရုံးချိန်းမှာ အာမခံလျှောက်ထားမှုအတွက် လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်သတင်းသမား Danny Fenster ကို ရုံးထုတ်စစ်ဆေးသည်မှာ ၁၀ ကြိမ်ခန့်ရှိပြီဖြစ်ကာ ယခင်က ကိုဗစ်နိုင်တင်းကပ်ရောဂါအ ကြောင်းပြ၍ Video Conferencing ဖြင့်သာ ရုံးထုတ်စစ်ဆေးခဲ့ပြီး လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးမှု ၄ ကြိမ်ရှိသည်ဟု သိရသည်။ 

Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံရေးခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့် အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာ ၃၀ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

အမေရိကန်သတင်းသမား Danny Fenster ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းနှင့် ပတ်သက်၍ VOA သတင်းဌာနက မေးမြန်းရာတွင် “သတင်း ထောက်အလုပ်ကိုသာ လုပ်တယ်ဆိုရင် သတင်းထောက်အလုပ်အတိုင်းသာ မျှမျှတတလုပ်တယ်ဆိုရင် ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းစရာ အကြောင်းမရှိပါဘူး။ သူ့အနေနဲ့ကတော့ သတင်းထောက်လုပ်ငန်းတွေထက် ကျော်လွန်ပြီး ဆောင်ရွက်ခဲ့တဲ့ဟာတွေရှိလို့ စစ်ဆေးခဲ့တာရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

အမေရိကန်သတင်းသမား Danny Fenster သည် Myanmar Now သတင်းဌာနတွင် ၂၀၁၉ နှစ်လယ်ပိုင်းမှ ၂၀၂၀ ဇူလိုင်လကုန်အထိ အင်္ဂ လိပ်ပိုင်းဝက်ဘ်ဆိုက် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် Frontier Myanmar မဂ္ဂဇင်းသို့ ပြောင်းရွေ့လုပ်ကိုင်ခဲ့သည်။

Danny Fenster သည် သတင်းခန်းစီမံခန့်ခွဲမှုနှင့် ပတ်သက်၍သော်လည်းကောင်း၊ အယ်ဒီတာအလုပ်မဟုတ်သော အခြားလုပ်ငန်းများ တာဝန်ပေးအပ်ထားခြင်း မရှိကြောင်း Myanmar Now က ထုတ်ပြန်ထားပြီးဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူတချို့ရှိသော်လည်း သတင်းသမား ၅၀ ကျော် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု ဖမ်းဆီးခံသတင်းသမားများစာရင်း ကောက်ယူနေသည့် Detained Journalists Information Myanmar ၏ စက်တင်ဘာ ၁၆ အထိ အချက်အလက်များအရ သိရသည်။myanmar now

ဖက်ဆစ် စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသော်လည်း အကြမ်း ဖက် စစ်အာဏာရှင် တော်လှန်ရေး မြိုင်သ ပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

နိုင်ငံရေးပင်စင် ထုတ်ပေးရန် အမတ်ဟောင်း ၂ ဦး တောင်းဆို

လွှတ်တော်အမတ်ဟောင်းများ နိုင်ငံရေးပင်စင် သိန်း ၅၀ စီ ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အမတ်ဟောင်း၂ ဦးက စစ်ကောင်စီကို တောင်းဆိုလိုက်သည်။  

ယမန်နေ့ (အောက်တိုဘာ ၄) တွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ၏ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းတို့က လက်မှတ်ရေးထိုးတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲနိုင် ပြည်ထောင်စုကိုယ်စားလှယ်ဟောင်း တစ်ဦးချင်းအတွက် နိုင်ငံရေးပင်စင်ထောက်ပံ့ငွေ သိန်း ၅၀ ကို ၂၀၂၁ မေလအတွင်း ထုတ်ပေးရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အများစုသည် ဝင်ငွေမရှိသည့် နိုင်ငံရေးသမားများသာ ဖြစ်သည်ဟု ဦးအောင်သောင်းရွှေက ပြောသည်။

“နိုင်ငံရေးသမားတွေဟာ စီးပွားရေးလည်း မလုပ်တတ်ကြတော့ ဒီလိုအကျပ်အတည်းကာလမှာ တော်တော်ကို အခက်အခဲရှိနေကြပါတယ်။ ဒါကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရအောင် တောင်းဆိုတာဖြစ်တယ်။ ဒီကနေ့ တောင်းဆိုစာကို တင်လိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံးတော့ မပါဘူး။ လက်လှမ်းမီရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်မှတ်တွေကို စုပြီး တောင်းဆိုခဲ့တာဖြစ်တယ် ” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

လက်မှတ်ထိုးပေးထားသည်ဆိုသော ၁၀ ဦးတွင် ရခိုင်အမျိုးသားပါတီ (ANP)၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ နုတ်ထွက်ထားသူများ ပါဝင်သည်ဟု ၎င်းထံမှ သိရသည်။ 

လက်မှတ်ထိုးပေးသူ ၁၀ ဦး၏ အမည်များကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း၊ ဤတောင်းဆိုမှုကို အားပေးထောက်ခံသူ အခြားအမတ်ဟောင်းများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

နိုင်ငံရေးပင်စင်မှာ လွှတ်တော်သက်တမ်းကုန်ပြီးနောက် ၅ လအတွင်း ထုတ်ပေးလေ့ရှိသော်လည်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြကာ ထုတ်မပေးခြင်းဖြစ်သည်ဟု ဦးအောင်သောင်းရွှေက ဝေဖန်သည်။ 

“အခု နောက်ကြောင်းတွေလိုက်ပြီး လက်မှတ်ထိုးတာတွေလည်း ပြီးသွားပြီ။ အခုထိ မပေးတာဟာ တမင်တကာ ညစ်ပတ်ထားတာလား။ လွှတ်တော်ကိုယ်စားလှယ်တွေက ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဆုံးရှုံးနေရတယ်။ ဒါကို ဥပဒေလမ်းကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာဖြစ်တယ် ” ဟု ၎င်းက ဆက်ပြောသည်။

“ဒါတွေဟာ နိုင်ငံရေးသမားတွေကို အလေးမထားတာဖြစ်တယ်။ နိုင်ငံရေးသမားတွေကို အလေးထားအောင်၊ အခုလို ဖြစ်ပျက်နေတာကို သိအောင် တင်ပြတာဖြစ်တယ်”

ယခုတောင်းဆိုခြင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဟောင်းများအတွက်သာ တောင်းဆိုခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းများအတွက် မပါဝင်ပေ။ 

နို​​င်ငံရေးပင်စင်ထုတ်ပေးရမည့် ဌာနမှာ ပင်စင်ဌာနဖြစ်သည်ဟု ၎င်းက ပြောသည်။

ANP ပါတီမှ ပထမအကြိမ်လွှတ်တော် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်က ဥပဒေအရ ပေးသင့်ကြောင်း၊ ယခင်ကလည်း ပေးသည့် အစဉ်အလာရှိကြောင်း မှတ်ချက်ပြုသည်။ 

“ဥပဒေလုပ်ထုံးနဲ့အညီ နိုင်ငံရေးချီးမြှင့်ငွေပင်စင်ကို ပေးသင့်တယ်။ နိုင်ငံရေးသမားတွေဟာ ကျပ်တည်းကြပါတယ်”ဟု သူက Myanmar Now ကို ပြောသည်။

​​၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ခံစားခွင့်ရှိသည်ဟု ပါရှိသည်။

ထို့ကြောင့် တစ်လလျှင် ၁၀ သိန်းကျပ် ရရှိသည့် အထွေထွေရွေးကောက်ပွဲဝင် အမတ်တစ်ဦးလျှင် ကျပ် သိန်း ၅၀ ရရှိမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမတ်တစ်ဦးလျှင် ၃၀ ရရှိမည်ဟု သိရသည်။

သို့ရာတွင် စစ်တပ်က လွှတ်တော်သို့ စေလွှတ်ခဲ့သော အရာရှိများ ရမည် မဟုတ်ပေ။   

၂၀၁၅ ဒီဇင်ဘာလပိုင်းတွင် ပြည်ထောင်စုလွှတ်တော်က စီစဉ်နေသည့် တစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင်ငွေကို ယူရေး မယူရေး သဘော ထားကွဲလွဲခဲ့ကြသည်။ 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းညွန့်လွင်က နိုင်ငံရေးပင်စင်ဆိုသည်မှာ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သောကြောင့် ၎င်းပင်စင်မှာ မရှိသင့်ကြောင်း ဧရာဝတီသတင်းဌာနသို့ မှတ်ချက်ပြုခဲ့သည်။ 

ကြားဖြတ်ရွေးကောက်ပွဲနိုင် NLD အမတ်များက ထိုငွေကို ရယူပြီး နိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းတစ်ခုတွင် လှူဒါန်းသွားမည်ဟု ၂၀၁၅ ဒီဇင်ဘာလကုန်၌ ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားများကို ပြောခဲ့သည်။ 

မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သော ဦးဖေသန်းက ပေးသင့်သည်ဟု ဆိုသည်။

“အဓိကကတော့ လွှတ်တော်မရှိပေမဲ့ အရင်လွှတ်တော်ရဲ့ ဥပဒေပြဋ္ဌာန်းချက်မှာတော့ တစ်လုံးတစ်ခဲတည်းပင်စင်လစာကို ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာရှိတယ်။ ယင်းဥပဒေက မဖျက်သေးဘူး။ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံလည်း မဖျက်သေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်လိုက်ရင်တော့ လွှတ်တော်ဆိုတာ အားလုံးပျက်သွားမယ်။ ဆိုတဲ့အခါ လွှတ်တော်နဲ့ ပတ်သက်လို့ ပင်စင်စရိတ်တွေကို ရနိုင်တော့မှာမဟုတ်ဘူး။ သို့သော်လည်း အခု လွှတ်တော်မရှိပေမဲ့ ပြီးခဲ့တဲ့လွှတ်တော်ကလည်း တရားဝင်ပြီးဆုံးခဲ့တာဖြစ်တယ်။ ဒါကြောင့် ပေးသင့်တယ်” ဟု သူက ဆိုသည်။  

နိုင်ငံရေးပင်စင် ဦးဆောင်တောင်းဆိုသူတစ်ဦးဖြစ်သော မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းသည် ၂၀၁၇ တွင် NLD ပါတီမှ နုတ်ထွက်ကာ NUD ပါတီကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 

NLD ပါတီမှ အမတ်ဟောင်းအများအပြား အဖမ်းခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသူလည်း အများအပြားရှိနေသည်။myanmar now

မြန်မာ စစ်ကောင်စီထံ ငွေကြေးစီးဆင်းစေသည့် လုပ်ငန်းများ ရပ်တန့်ပေးရန် ဂျပန်ဝန် ကြီးချုပ်အသစ်ထံ ဂျပန်နိုင်ငံသားများက ဆန္ဒထုတ်ဖော်

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ် ခီရှိဒါ ဖုမိအို အနေဖြင့် မြန်မာနိုင်ငံက စစ်‌ကောင်စီတပ်ထံ စီးဆင်းနေသော သွေးစွန်းနေသည့် ငွေကြေးများ ရပ် တန့်‌ပေးရန် မြန်မာ့အရေးနှင့် ပတ်သက်ပြီးတတ်ကြွလှုပ်ရှားကြသည့် ဂျပန်အဖွဲ့အစည်းများကအောက်တိုဘာလ ၅ ရက် မြန်မာစံတော်ချိန် ညပိုင်းက ဆန္ဒထုတ်ဖော်ကြသည်။

တိုကျိုမြို့ရှိ ဝန်ကြီးချုပ်သစ် ခီရှိဒါ ဖုမိအို၏ အိမ်တော်ရုံးအရှေ့တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး တတ်ကြွလှုပ်ရှားကြသည့် မဲခေါင်စောင့်ကြည့်ရေး၊ ဗုဒ္ဓဘာသာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကွန်ရက် ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာမြေသဘာဝပတ်ဝန်းကျင် (NGO FoE Japan ) ၊ စစ်လက်နက်ကုန်သွယ်ရေး ဆန့်ကျင်သော ကွန်ရက် (NAJAT) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းစင်တာ ( JVC) ၊ မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ( FWUBC) တို့ ပူးပေါင်း ပါဝင်သည့် အင်အား ၈၀ ဝန်းကျင်ခန့်က ဆန္ဒထုတ်ဖော်ကြခြင်းဖြစ် သည်။

“ဂျပန်လူမျိုးတွေက ဦးဆောင်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဝန်ကြီးချုပ်အသစ်အနေနဲ့ လက်မခံဖို့ တောင်းဆိုတာပါ။ ဂျပန်လူမျိုးတွေ တောင်းဆိုပေးတာက ကျွန်‌ေတာ်တို့ တောင်းဆိုတာထက် ပိုထိရောက်ပါတယ် ။

ဂျပန်လူမျိုး ၇၀ လောက်ရှိပါတယ်။ ဒီဘက်က ၁၀ယောက် ဝန်းကျင်ခန့်ပါ “ ဟု ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ဆို သည်။ အိမ်တော်ရှေ့တွင် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေသည့် သွေးစွန်းနေသည့်ငွေကြွေးများရပ်တန့်ရန်၊ အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေသည့် ODAများ ရပ်တန့်ရန် ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြပ်နှံမှုအသစ်များ မလုပ်ကိုင်ရန်နှင့် ဂျပန်အစိုးရအနေနှင့်အမျိုးသားညီညွတ်ရေးအစိုးရကို အမြန်ဆုံးတရားဝင် အသိမှတ်ပြုပေး‌ရေး တို့ကို ဆန္ဒပြသူများက ကြွေးကြော် တောင်းဆိုကြသည်။mizzima

နေပြည်တော် ရဲဌာနချုပ်ရုံးတွင် ဗုံးပေါက်ကွဲ၊ ၄ ဦးဒဏ်ရာရ

နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားထဲက  အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက  ဗုံးပေါက်ကွဲခဲ့တယ်လို့ ရဲအသိုင်းအဝန်းကနေသိရပါတယ်။

ရဲဌာချုပ်ရဲ့ CID ရဲတပ်ဖွဲ့ဌာန သက်သေခံ ပစ္စည်းထားတဲ့အခန်းမှာပေါက်ကွဲခဲ့တာဖြစ်ပြီး ဒုရဲမှူးကြီးအပါဝင် ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံ ရေးအရအမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဌာနချုပ်ရုံးကို ရဲတပ်ရင်း တရင်းနဲ့ လုံခြုံရေးရယူထားတာဖြစ်ပြီး အပြင်လူတော်ရုံနဲ့ ဝင်ဖို့မလွယ်ကူတဲ့နေရာဖြစ်လို့ အတွင်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်တာ အံ့သြဖို့ကောင်းတယ်လို့ ရဲအရာရှိက ပြောပါတယ်။

CID ရုံးခန်း သက်သေခံပစ္စည်းထားတဲ့အခန်းမှာ နယ်ကပေးပို့လိုက်တဲ့ သက်သေခံပစ္စည်းတွေကို ပါဆယ်ဖောက်နေစဥ် ဗုံးပေါက်ကွဲခဲ့တာလို့ သတင်းတွေထွက်နေပေမဲ့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဗုံးပေါက်ကွဲခဲ့တဲ့ ရဲတပ်ဖွဲ့ရုံးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စစ်အုပ်စုရဲ့ စီမံအုပ်ချုပ်ရေးကောင်စီရုံး နှစ်ရုံးအကြားမှာရှိတဲ့ ရုံးလည်း ဖြစ်ပါတယ်။

အလားတူ နေပြည်တော်ရှိ  လဝကဝန်ထမ်းကြိုပို့ ဖယ်ရီကားတစီးကို ဒီကနေ့ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  နေပြည်တော် PDF သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးက ပြောပါတယ်။DVB

« Older Entries