စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို မီးရှို့နေ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ် ပုလဲမြို့နယ်အနောက်ပိုင်းရှိ နတ်ထိပ်တောင် (ပုံတောင်) ရေနံမှော်ရွာကို စစ်ကောင်စီတပ်က ယနေ့ (အောက်တိုဘာ ၅) နံနက်ပိုင်းတွင် မီးတင်ရှို့နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် အိမ်ခြေ ၈၀ ဝန်းကျင်ရှိ ရေနံမှော်ရွာတွင် အောက်တိုဘာ ၄ ရက်ကတည်းက တပ်စွဲထားပြီး ယနေ့ နံနက် ၁၁ နာရီခန့်တွင် စတင်မီးရှို့ခြင်းဖြစ်သည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်သူရိန်က Myanmar Now ကို ပြောသည်။ 

“အခုလောင်နေတာ။ မီးလောင်နေတာကို ကြည့်ရင်းနဲ့ ပြောနေတာ။ မီးတေ့ရှို့တဲ့ သဘောပါပဲ။ မနက်လင်းကတည်းက သေနတ်တွေ တောက်လျှောက်ဖောက်နေတာ။ မီးလောင်နေတာ နာရီဝက်လောက်ရှိပြီ။ မီးတောက်နေတာကို မြင်နေရတယ်” ဟု ၎င်းက ပြောသည်။

ယောနယ်အစပ်ရှိ ရေနံမှော်ရွာတွင် တိုက်ပဲမဖြစ်သော်လည်း စစ်တပ်က တစ်ဖက်သတ်ပစ်ခတ်မှုများ ပြုလုပ်ကာ မီးရှို့နေခြင်းဖြစ်ပြီး နေအိမ်ငါးလုံးခန့် မီးစွဲလောင်နေသည်ဟု ဗိုလ်သူရိန်က ဆိုသည်။ 

ယမန်နေ့တွင်လည်း စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် ပုလဲမြို့နယ်အနောက်ပိုင်းရှိ ခင်အေးရွာတွင် နေအိမ် ၁၅ လုံးခန့် မီးလောင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“ခင်အေးအရှေ့ထိပ်မှာတော့ မီးလောင်နေတယ်။ မကောင်းတဲ့၊ နတဲ့ အိမ်လောက်ပဲ ထားခဲ့တာ။  အဲဒီနေရာက တပ်စွဲ (စစ်တပ်) ထားတော့ အတိအကျတော့ မသိရဘူး”ဟု ဗိုလ်သူရိန်က ပြောသည်။ 

စစ်တပ်က မီးရှို့နေသည်ဆိုသော နတ်ထိပ်တောင်နှင့် လေးမိုင်ကျော်အကွာရှိ နဂါးမတောင်အနီးတွင် စစ်ကောင်စီယာဉ်တန်းကို နှစ်ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဆယ်ဂဏန်းနှင့်ချီသော ကျဆုံးခဲ့သည်ဟု ပုလဲမြို့နယ် PDF က သတင်းထုတ်ပြန်ထားသည်။ 

အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီဝန်းကျင်တွင် နဂါးမတောင်အနီး ဝမ်းပြင်ရွာ အရှေ့ဘက် နှစ်မိုင်အကွာတွင် အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီယာဉ်တန်းကို ဆွဲမိုင်း ၁၆ လုံးခွဲ၍ ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃၀ နီးပါး သေဆုံးသည်ဟု ဆိုသည်။

အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ပုလဲမြို့မှ ၇ မိုင်ခန့်အကွာ ကန့်ဒေါင့်ရွာအနောက်ဘက်ရှိ ရွှေသမီးကွေ့ ခေါ်  ကိုးလောင်းပြိုင်ကွေ့တွင် သံချပ်ကာယာဉ်များပါသည့် အင်အား ၈၀ ခန့်ရှိ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားငါးစီးပျက်စီးသွားကြောင်း ပုလဲ PDF အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက Myanmar Now ကို ယမန်နေ့တွင် ပြောသည်။ 

“ကားတွေ စုတ်ပြတ်ပြီး အဲဒီမှာပါတဲ့ ခွေးတွေလည်း တော်တော်ဆိုးဆိုးရွားရွားသေတယ်၊ ဒဏ်ရာရတယ်လို့ သိရတယ်။ ရဲဘော်တွေကတော့ တော်တော်လေးဝမ်းသာနေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီယာဉ်တန်းတွင် သံချပ်ကာ ၇ စီးနှင့် အမြောက်ကားများ ပါနေသောကြောင့် အင်အားမမျှသဖြင့် ပြန်ဆုတ်စဉ် ပေကြီးဆိုသူ ဦးဆောင်၍ ရဲဘော် ၁၁ ဦးက ဆွဲမိုင်း ၂၇ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ဆိုသည်။ 

မကွေးနှင့် စစ်ကိုင်းတိုင်း အနောက်ခြမ်းရှိ ပုလဲ၊ ဂန့်ဂေါ စသည့် မြို့နယ်များသည် တောတောင်ထူထပ်သည့် ဒေသများဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲရာ ဒေသများလည်းဖြစ်သည်။

ပုလဲမြို့နယ်အနောက်ပိုင်းတွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရခြင်းနှင့် အပြန်အလှန်ပစ်ခတ်မှုများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများအပေါ် Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ထို့အတူ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ထိစပ်နေသည့် အဆိုပါဒေသတွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ 

ပုလဲမြို့နယ်အနောက်ပိုင်းရှိ ဝမ်းပြင်၊ လယ်သမ၊ ခင်အေးနှင့် နတ်ထိပ်တောင် (ရေနံမှော်) ရွာများအနီးတဝိုက်တွင် စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် ဒေသခံလူဦးရေ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဝမ်းပြင်ရွာသားတစ်ဦးက ယနေ့ (အောက်တိုဘာ ၅) တွင် Myanmar Now ကို ပြောသည်။ 

အောက်တိုဘာ ၃ ရက်နေ့က စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝမ်းပြင်ရွာတွင် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကာ ကျန်နေအိမ်များကိုလည်း စစ်တပ်က မွှေနှောက်ရှာဖွေခဲ့သည်ဟု ၎င်းက ပြောသည်။ 

“ရွာထဲမှာတော့ မွှေနှောက်ပြီး ဆိုင်တွေ ဘာတွေ ဖျက်ဆီးခံရတာတွေရှိတယ်။ သူတို့တပ်စွဲထားတဲ့နေရာက အိမ်တစ်လုံးတော့ လက်နက်ကြီးမှန်ပြီး မီးလောင်သွားတယ်” ဟု အထက်ပါဝမ်းပြင်ရွာသားက ဆိုသည်။ 

ဝမ်းပြင်ရွာအနောက်ဘက် တစ်မိုင်ကျော်အကွာရှိ လယ်သမရွာတွင် အောက်တိုဘာ ၃ ရက်က အသက် ၅၀ အရွယ် ရွာသားတစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့သည်ဟု ဆိုသည်။ နွားများကို အစာကျွေနေးစဉ် ပစ်သတ်ခံရသည်ဆိုသော အဆိုပါရွာသားမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရပေ။ 

ပုလဲမြို့နယ်အနောက်ဘက်ရှိ ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ် ထယ်လှော်၌လည်း အောက်တိုဘာ ၃ ရက်တွင် စစ်တပ်က မီးရှို့ခဲ့သဖြင့် နေအိမ် ၉ လုံးမီးလောင်ခဲ့သည့်ပြင် မီးရှို့ခံထားရသည့် လူသေအလောင်းတစ်လောင်းလည်း တွေ့ခဲ့ရသည်။

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် ဒေသအသီးသီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ ထိစပ်နေသည့် ဒေသများလည်း ပါဝင်သည်။ 

စစ်ကောင်စီတပ်က ၎င်းတို့ကို ခုခံသော ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အပြင်းအထန်နှိမ်နင်းသည့်ပြင် ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းကာ နေအိမ်များမီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s