စစ်ကောင်စီ ယာဉ်တန်းကို KIA မိုင်းခွဲ တိုက် ခိုက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းအား ကချင်လွတ်လပ် ရေးတပ်မတော် KIA တိုက် ခိုက်ခဲ့သည်ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။အောက်တိုဘာလ ၅ ရက်နေ့(ယနေ့)တွင် မိုးမောက်မြို့နယ်၊ မြို့သစ်ကျေး ရွာနားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အ တည်ပြု ပြောသည်။
“အဲ့ဘက်မှာတော့ တိုက်ပွဲဖြစ်တာတော့ မဟုတ်ပါဘူး။ တိုက်ပွဲအဆင့်မဖြစ်ပါဘူး။ ဘာလဲ စစ်ကောင်စီဘက်က ရိက္ခာလာပို့တာတွေကို KIA က နေ မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတာပဲ ကြားပါတယ်။ တိုက်ပွဲအဆင့်တော့ မဖြစ်ပါ ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ယနေ့နံနက်ပိုင်းက မိုးမောက်မြို့နယ်အတွင်း လက်နက်ကြီးနှင့် လက်နက်ငယ်သံ အချို့ ကြားနေရသည့်အတွက် ဒေသခံ အချို့က စိုးရိမ်နေသည်ဟု ပြောသည်။
မိုးမောက်မြို့က ဒေသခံတစ်ဦးက “ဒီနေ့က ကျမတို့ မိုးမောက်ကနေ ဒီ လက်နက်ကြီးလား၊ သေနတ်ကြီးလား အဲ့ဒါအသံ နှစ်ချက်ကြားရတာရှိတယ်။ နောက်ပြီး သေနတ်သံတွေ နည်းနည်းပြန်ကြားရတယ်။ ကျမတို့ဘက်က နည်းနည်းချောင်ကျတော့ အပြင်မထွက်ကြည့်ဖြစ်ဘူး။ တချို့က ပြောတာက ဒီမြို့သစ်ဘက်မှာလား အဲ့ဒါ ဗမာ စစ်ကားကို KIA က တိုက်တယ်လို့လည်းပြောတယ်။ ကျမတော့ မမြင်ပါဘူး” ဟု ပြောသည်။
ယနေ့ မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ကချင်သတင်းမီဒီယာများတွင် ဗန်းမော်မြို့ဘက်က လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းအား KIA မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ကား ၃ စီးထက်မနည်း ပျက်စီးသွားသည်ဟု ရေးသားဖော်ပြထားသည်။မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ၊ ရိက္ခာနှင့် လူအင်အားတိုးချဲ့နေမှု အခြေ အနေများနှင့် ပတ် သက်၍ ဗိုလ်မှူးကြီးနော်ဘူ က ယခုကဲ့သို့ ဆက်ပြောသည်။
မိုးမောက်မြို့နယ်အတွင်း “သိသိသာသာ စစ်ရေးလှုပ်ရှားတာတော့ မတွေ့ရပါဘူး။ ဒီရိက္ခာပို့တာတွေတော့ ရှိပါတယ်။ ဒီရိက္ခာပို့ရင်းနဲ့ စစ်အင် အားတွေ လက်နက်တွေကတော့ ပို့ထားလောက်ပါတယ်။ ဒါပေမယ့် ဒီလက်နက် တွေကတော့ သိသိသာပို့တာ မရှိပါဘူး” ဟု ပြောသည်။ထို့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း မိုးမောက်မြို့နယ်ထဲက ကျောက်စခန်းအနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင် စီ၏ စစ်ကြောင်းတစ်ခုကို KIA တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့ က ပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း မိုးမောက်မြို့နယ်၊ စိန်လုံအတက်လမ်းခွဲရှိ ယာဉ်ထိန်းရဲစခန်းအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ကချင်ပြည်နယ်အတွင်းက မိုးမောက်မြို့နယ်အပြင် တနိုင်း-လီဒိုလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ၏ ယာဉ်တန်းများနှင့် စစ်ကြောင်းအချို့ကို KIA က မကြာခဏ မိုင်းခွဲ တိုက်ခိုက်မှုများရှိနေသည်ဟု ဒေသခံများနှင့် KIO သတင်းနှင်ပြန်ကြားရေး တာဝန်ခံက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောဆိုထားသည်။mizzima