မြိတ်ခရိုင်ရှိ ငါးဖမ်းပိုက်လှေငယ်ထက်ဝက်ခန့် ရပ်နားနေရ

စက်သုံးဆီ ဈေးနှုန်း ကြီး မြင့်လာပြီး လုပ်ငန်းအရှုံးပေါ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်း ပိုက်လှေထက် ဝက်ခန့် ရပ်နားထားရကြောင်း ပိုက်လှေငယ်ပိုင်ရှင်များက ပြောသည်။ လှေခုတ်မောင်းနေသည့် စက်သုံးလောင်စာဆီ ဈေးတက်ပြီး ငါးဈေးကျဆင်းနေမှုနှင့် လှေထွက်စားရိတ်ကြီးမြင့် နေမှုများကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲနေခြင်းဖြစ်သည်ဟု မြိတ်မြို့ ထားဝယ်ကမ်းရပ်တွင် နေထိုင် သူ ကမ်းနီးငါးဖမ်းပိုက်လှေရှင် ကိုသောင်းတင် က ပြောသည်။

ငါးအဝယ်ဈေးက အရင်တုန်းကထက် တဝက်နီးပါးဈေးကျတယ်။ ငါး တစ်ကီလို ၅၀၀ ကျပ် ကျော် အထိကို ကျနေတာ၊ စက်သုံးလောင်စာဆီဈေးက တက်နေတော့ တွက်ခြေမကိုက်တဲ့အတွက် လုပ်ငန်းရပ်နားပြီး လှေ ရောင်းပစ်တဲ့ သူတွေတောင်ရှိနေတယ် ဟု ကိုသောင်းတင် က ပြောသည်။

လက်ရှိတွင် ကမ်းနီးငါးဖမ်းပိုက်လှေငယ် ထက်ဝက်ခန့်သာ အလုပ်ဝင်နိုင်ကြပြီး ဆယ်စီးခန့်ရှိသူများက ၅ စီး ခန့် နှင့် နှစ်စီးရှိသူများက တစ်စီးမျှသာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ထွက်ခွာနိုင်သည်ဟု ပိုက်လှေငယ်ပိုင်ရှင်များ က ပြောသည်။ ပင်လယ်ပြင်သို့ လှေတစ်ခေါက်ထွက်လျှင် ၁၂ ရက်ခန့် ကြာပြီး စက်သုံးဆီ ဂါလံ ၃၀ ခန့်ကုန်ကျကာ ခန့်မှန်းကုန် ကျငွေ ဆီဖိုး ကျပ် ၃ သိန်း ကျော်ခန့်ကျသင့်ပြီး လက်ရှိ မြိတ်၏ ဆီဈေးမှာ တစ်ဂါလံလျှင် ကျပ် ၇၀၀၀ ခန့်ရှိ သည်။

စက်သုံးလောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ ယခုထက် ပိုမိုမြင့်တက်လာပါက ထပ်မံ ရပ်နားရမည့် ငါးဖမ်းလှေ ငယ်များ ပိုများလာနိုင်သည်ဟု မြိတ်အိုးလုပ်ပြင်ရပ်နေ လှေပိုင်ရှင် ကိုသားကြီးက ဆိုသည်။ ထို့သို့ စက်သုံးဆီဈေး မြှင့်နေချိန်တွင် ကမ်းဝေးငါးဖမ်းလှေများအား ဝင်ရောက်ဖမ်းဆီးခြင်း မပြုရန်နှင့် သတ်မှတ် ထားသည့် ကမ်းနီးရေတိမ်နေရာများသို့လည်း ဝင်ရောက်ဖမ်းဆီးနေခြင်းသည် လုပ်ငန်းရပ်နား ထားရ သည့် အချက်များထဲမှ တစ်ချက်ဖြစ်သည်ဟု ကမ်းနီးကမ်းဝေး ရေလုပ်သားများက ပြောသည်။

စစ်တပ်က အာဏာမသိမ်းမှီ အသင့်အတင့် အဆင်ပြေလည်ခဲ့ကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြိတ်ခရိုင် အတွင်း ကမ်းနီးငါးဖမ်းလှေကြီးများ စည်းကမ်းမဲ့စွာဖြင့် သတ်မှတ်ထားသည့် ကမ်းနီးရေတိမ်အတွင်း ပိုင်းအထိ တရားမဝင် ဝင်ရောက် ခိုးဆွဲနေခြင်းများလည်း ရှိနေသည်ဟု ကမ်းနီးလှေ ရေလုပ်သားများ က ပြောသည်။

ညဘက်ဆို ပိုဆိုးတယ် ဖြဲဖြဲဖြူနေအောင် မီးထိန်ထိန်လင်းနေအောင် ကမ်းဝေးခိုးဆွဲလှေတွေများနေတာ၊ ကျ နော်တို့လှေငယ်လေးတွေက ဘုံစနစ် အစုစားနဲ့အလုပ်လုပ်ကြရတာ၊ ပိုက်၊ စက်၊လှေ၊ လှေဦးစီး၊ လှေသား အလုံးရရှိတဲ့ငွေကြေးအပေါ် အစုခွဲဝေယူကြရတာပါ၊ ရပ်နားတဲ့ လှေက မိသားစုတွေ စားဝတ်နေရေး ခက်ခဲ ကုန်ပြီ ဟု မြိတ်အိုးလုပ်ပြင်ရပ်နေ လှေပိုင်ရှင် ကိုသားကြီးက ပြောသည်။

မြိတ်ခရိုင် ကမ်းနီးရေပိုက်နက်အတွင်း ငါးဖမ်းကွက်များတွင် ကမ်းနီးငါးဖမ်းပိုက်၊ ကင်းမွန်မြုံးများ၊ ပုဇွန်ဖမ်းပိုက် များသည် ကမ်းဝေးလှေကြီးများကြောင့် မေကွာခဏ ချိတ်ငြိပျက်စီးနေသဖြင့် ကမ်းနီးငါးဖမ်းရေလုပ်သားများ စိတ်ပျက် ညည်းတွားလျက်ရှိသည်။ စခန်းသစ်ကျေးရွာအရှေ့က ကမ်းနီးငါးဖမ်းပိုက်ကွက်ဖြစ်တဲ့ သားများမိ၊ ဝက်ဖြူကျွန်း၊ ဒုံးကျွန်း သဲဖြူကျွန်း တို့အထိ ရေအနက် ၇ လံ လောက်နေရာတွေတောင် ဝင်ဆွဲနေတော့ ကျနော်တို့ကမ်းနီးပိုက်လှေငယ်လေးတွေမှာ ငါး ဖမ်းမရတော့ဘူး၊ ပိုက်တွေပျက်စီးတယ်၊ တာဝန်ရှိတဲ့ ငါးဦးစီးကလဲ ဘာတခုမှ အရေးယူတာမတွေ့ရဘူး ဟု ကိုသားကြီး က ဆက်ပြောသည်။

လှေမထွက်လျှင် ၎င်းတို့အား မှီခိုနေသည့် မိသားစုဝင်များ အငတ်ဘေးရင်ဆိုင်ရမည်ဖြစ်သည့်အတွက် လှေလုပ်သားများသည် စားဝတ်နေရေးတစ်စုံတစ်ရာ အဆင်ပြေနိုင်ရေး တွက်ခြေမကိုက်သော်လည်း လက်ရှိတွင် အရှုံးခံပြီး လှေထွက်နေရသည်ဟု ဆိုကြသည်။သို့သော်လည်း ပိုက်လှေငယ်ပိုင်ရှင်၊ ကမ်းနီး ကမ်းဝေး ရေလုပ်သားများအနေဖြင့် ရေရှည်တွင် တောင့်ခံနိုင် မည်ဟု မထင်ကြောင်း ကိုသားကြီးက ဆက်ပြော သည်။

မြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေကြီး ၁၅၀၀ ခန့်နှင့် ကမ်းနီးငါးဖမ်းလှေ ငါးထောင်ကျော်ရှိနေကာ၊ နှစ်စဉ် ကမ်းဝေးလှေကြီးများ အနေဖြင့် ငါးသားပေါက်ရာသီတွင် သုံးလခန့်ရပ်နားထားရပြီး ကမ်းနီးလှေများကိုမူ တစ်နှစ်ပတ်လုံး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းခွင့်ပြုထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s