Monthly Archives: Oct 2021

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ တွေ့ဆုံရန် မနီးစပ်သေး

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့၏ ပဋိပက္ခမှာ တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် ခက်ခဲနေဆဲဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့များက ပြောသည်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် သဘောထားရှိ ကြသော်လည်း နယ်မြေသတ်မှတ်မှု အပေါ်တွင် အခြေခံ၍ ဖြစ်ပေါ် လာသည့် လက်နက်ကိုင် ပဋိပက္ခဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ရန် ခက်ခဲနေဆဲဟု SSPP နှင့် RCSS က ပြောသည်။SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့က ပြောထားပြီးသားပြီလေ ခင်ဗျား။ သူ့နေရာ သူနေ ကိုယ့်နေရာကိုယ်နေပေါ့နော။

ဒီလိုအနေအထား ပြန်ရောက်တဲ့ အချိန်ကျရင် ကျနော်တို့က ဒီနေ့ လုပ်နိုင် လို့ ရှိရင် မနက်ဖြန် ကျနော်တို့ ဆွေးနွေးပွဲက ပြန်စလို့ရပါတယ်ဆိုတဲ့ အကြောင်းပေါ့လေ။” ဟု ပြောသည်။RCSS ဖက်မှ ၎င်းတို့၏ ထိန်းချုပ်ရာ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ပြန်ဆုတ်သွားမည်ဆိုပါက တွေ့ဆုံဆွေးနွေးမှု မှာ ချက်ချင်း ဖြစ်ပေါ်လာနိုင်သည်ဟု SSPP ဖက်မှ ပြောဆိုနေသော်လည်း ထိုကဲ့သို့ နယ်မြေကန့်သတ်မှုမျိုးဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း RCSS ဖက် ပြောသည်။SSPP ၏ ပြောဆိုမှုနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ယခုကဲ့သို့ ပြောသည်။

ဗိုလ်မှူးစိုင်းခမ်းစံက “SSPP က သူတို့ က တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာ အဲဒါကြိုဆိုရမှာပဲ။ RCSS အနေနဲ့က လည်း တွေ့ဆုံဆွေးနွေးရေးသာ ထွက်ပေါက် ဖြစ်တယ်။ အဖြေရှာလာတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ဒါပေမယ့် တစ်ခုရှိတာက တွေ့ဆုံဆွေးနွေးမယ်ဆိုရင် RCSS က တောင်ပိုင်းကို အရင်ဆုတ်၊ ဆုတ်ပြီးမှ ကျနော်တို့ ဆွေးနွေးမယ်ဆို ဒီ Pre-Condition လို့ခေါ်တဲ့ ကန့်သတ်ချက်နဲ့ ပါတဲ့ ဆွေးနွေးမှုမျိုးဆိုတော့ မအောင်မြင်နိုင်ဘူးလေ။

ဒါကြောင့် တိုက်ပွဲကလည်း မရပ်သေးဘူးဆိုတော့ ထိုးစစ်ဆင်တာ မရပ်သေးဘူးဆိုတော့ ဆွေး နွေးမှုက မစနိုင်သေးဘူးပေါ့နော်” ဟု ပြော သည်။နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် အခြားတစ်ဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော ကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး နေထိုင်စားသောက်ရေးနှင့် ကျန်းမာ ရေးဆိုင်ရာ အခက်အခဲများကို ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူများနှင့် ဒေသခံများက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေး သီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ် ၄ မြို့နယ်တို့တွင် SSPP နှင့် RCSS တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ သည်ဟု RCSS က ပြောသည်။ယခုဖြစ်ပေါ်နေသည့် နယ်မြေအငြင်းပွားမှု ပြဿနာသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် RCSS မှ တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု SSPP နှင့် ၎င်းတို့ ၏ မဟာမိတ်အဖွဲ့များက ပြောဆိုထားသည်။

“အဓိက ဖြစ်နေတဲ့ ပြဿနာက ဒီနယ်မြေပိုင်းခြားသတ်မှတ်မှုပဲ သူတို့က ရှမ်းပြည်တပ်မတော် ဖြစ်တယ်ပေါ့ နော်။ သွားချင်တဲ့ နေရာသွားလို့ရတယ်။ လုပ်ချင်တဲ့နေရာ လုပ်လို့ရတယ်။ လုပ်ချင်တဲ့ဟာ လုပ်လို့ရတယ်ဆိုတဲ့ သဘောက သူတို့က ဒါက သူတို့ရဲ့ မူပေါ့လေ။ ပြဿနာက ဒီကနေစတာပဲ။ ကျနော်တို့ နယ်မြေပိုင်းခြား သတ် မှတ်မှုပဲ။ ဒီဟာကို မလုပ်နိုင်သေးသ၍ကျတော့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းက ဘယ်လိုမှ မတတ်နိုင်ဘူး” ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ဆက်ပြောသည်။

SSPP ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဗိုလ်မှူးစိုင်းခမ်းစံက ယခုကဲ့သို့ တုန့်ပြန်ပြောဆိုသည်။ဗိုလ်မှူး စိုင်းခမ်းစံက “အဲဒါ စွပ်စွဲ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီ ကျနော်တို့ မြောက်ပိုင်းမှာ သူတို့ လှုပ်ရှား နယ် မြေဆိုတာ ခါတိုင်းတုန်းက သူတို့ သမိုင်းကြောင်းအရ ရှည်မှာပေါ့ ပြောရမယ်ဆိုရင် တကယ်တမ်းကျရှိရင် တော့ ဒါဒီမြောက်ပိုင်း အထိမှာ ကျနော်တို့ တပ် ၇၀၁ ဆို နယ်မြေဒေသရှိတယ်။

အဲဒီဥစ္စာဆိုရင် မူဆယ်-နမ့်ခမ်း ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျနော်တို့ လှုပ်ရှားနေတဲ့ ဥစ္စာရှိတယ်။ ပြောမယ်ဆိုရင်တော့ နယ်မြေကျ တော့ Over Lap ဖြစ်ရင်ဖြစ်မှာပေါ့။ သူ့နယ်ပဲ နင်တို့နဲ့ မဆိုင်ဘူးဆို ပြောလို့မရဘူးလေ” ဟု ပြောသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းမှ စတင်ကာ နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် SSPP နှင့်အတူ ၎င်းတို့၏ မဟာမိတ် ပူးပေါင်းတပ်များနှင့် RCSS တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဆိုသလိုဖြစ်ပွား လာခဲ့ပြီးနောက် ဒေသခံများမှာလည်း စစ်ဘေးရှောင်များအ ဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲများ ချုပ်ငြိမ်းရန်နှင့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများ ပေါင်းစည်းနိုင်ရန် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်း လူမှုအသင်းအဖွဲ့များ၊ ရှမ်းလူ ငယ်အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များ နှင့် ဒေသခံပြည်သူများက ကြိုးစား ညှိနှိုင်းပေးခဲ့ကြသော်လည်း ယနေ့အချိန်ထိ ပြေလည်မှု တစ် စုံတစ်ရာ မရသေးပဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်း ဖြစ်သည်။mizzima

ခရမ်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ တာ၀န်မှ နုတ်ထွက်

ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အယောက်၂၀ ဒီနေ့နုတ်ထွက်စာတင်ခဲ့ကြောင်း သိရပါတယ်။ 

ခရမ်းမြို့နယ်မှာ  မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခရမ်း PDF က အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ဖို့ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် ရပ်ကျေး အုပ်ချုပ်ရေးမှူး အယောက် ၂၀ တာ၀န်ကနေ နုတ်ထွက်ကြောင်း နုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။

နုတ်ထွက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေကတော့  မြို့ပေါ် ၁၃ ရပ်ကွက်လုံးမှာရှိတဲ့  အုပ်ချုပ်ရေးမှူးတွေနဲ့  ကျေးရွာ ၇ ရွာရှိ အုပ်ချုပ်ရေးမှူးတွေ ပါဝင်ပါတယ်။DVB

ကန်ပက်လက်မြို့ စည်ပင်ပိုင် ဖော (FAW) ကားအား စစ်ကောင်စီတပ်ဖွဲ့ဝင်က တက်မောင်းရာ တိမ်းမှောက်ပြီး သေဆုံးသူရှိ၊ ၅ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စည်ပင်ပိုင်ဖော(FAW)ကားကို စစ်ကောင်စီတပ်များမှသိမ်းယူအသုံးပြုနေကြပြီး မြို့တွင်း မောင်းနှင်ရာ ပြီးခဲ့သည့် အောက်တိုဘာ ၄ရက် ညနေပိုင်းက ကန်ပက်လက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် တိမ်းမှောက်ပြီး ယာဉ်မောင်းစစ်သားတစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

”ကန်ပက်လက်မြို့ အောက်ဖက် RC ဘုရားကျောင်းအဝင်က အဆင်းမှာဖြစ်တာ၊ နှစ်ခြင်းဘုရားကြောင်းရဲ့ အပေါ်ဖက်လေးမှာပေါ့။ စစ်ကောင်စီတပ်တွေက စည်ပင်ပိုင် အမှိုက်သိမ်းတဲ့ ဖောကားကိုယူပြီး မြို့ထဲမှာ သူတို့လူတွေ လိုက်ပို့ နေရာချတာတွေရှိတယ်။အခု အဆင်းမှာ ကားမှောက်သွားတော့ မောင်းတဲ့စစ်သား ခါးကျိုးပြီး သေတယ်။ ငါးယောက်လောက်ကတော့ ဒဏ်ရာရလို့ ဆေးရုံရောက်နေကြတယ်”ဟု မြို့ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များအား မြို့ထဲတွင်ကင်းချရန်အတွက် တောင်ကုန်းမှ ဆင်းလာချိန်တွင် ဘုရားကျောင်းရှေ့အရောက် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါယာဉ် တိမ်းမှောက်သည့်နေရာ အနီးရှိ ဘုရားကျောင်းသည် ပြီးခဲ့သည့်ဩဂုတ်လ ၆ရက် က စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် နှစ်ခြင်းဘုရားကျောင်းဖြစ်သည်။mizzima

အရာတော် – မုံရွာလမ်းမပေါ်တွင် စစ်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမပေါ် နယ်ခြားဆိုင်းဘုတ်အနီးနဲ့ ဝါးတန်းကျေးရွာ အနီးမှာ အောက်တိုဘာလ ၆ ရက် နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု အတစ (ARA) ဗိုလ်‌ပေါက်စီက “ဒီနေ့ နေ့လယ်ခင်းမှာ အရာတော်-မုံရွာကားလမ်းမပေါ် ခြေရှုပ်သွားလာနေတဲ့ စစ်ယာဉ်တန်းကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်” လို့ အတည်ပြုပြောပါတယ်။

အရာတော်-မုံရွာ နယ်ခြားဆိုင်းဘုတ်အနီးမှာ မုံရွာဘက် ဦးတည်နေတဲ့ စစ်ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ၁ စီး ထိမှန်ခဲ့ပြီး ဒဏ်ရာရသူတွေ တင်ဆောင်ကာ အမြန်မောင်းပြေးသွား ခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ် ၂ နာရီလောက်မှာလည်း မုံရွာမြို့ဘက်ကလာတဲ့ စစ်ကား ၁၃ စီးကို ဝါးတန်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ရာ ၂ စီးထိခိုက်သွားပြီး ကားချင်းဆင့်တိုက် ခဏ ရပ်တန့်သွားကြောင်း၊ ထိခိုက်မှုမရှိတဲ့ ကားတွေကတော့ အရှေ့ဘက်ကို ဆက်လက်မောင်းနှင်သွားတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က သေဆုံး ဒဏ်ရာရ စာရင်းတွေကိုတော့ စုံစမ်းနေဆဲဖြစ်လို့ လတ်တလော မသိရသေဘူးလို့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက ပြောပါတယ်။DVB

စစ်ကောင်စီက စစ်ကိုင်းနှင့်ချင်းပြည်နယ်အ တွင်း စစ်ဆင်ရေးများအတွက် ကစထမှူး ၂ ဦးစေလွှတ်၊ စစ်တိုင်းမှူးအကျယ်ချုပ်ကျ

စစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များကိုဖြိုခွင်းရန် စစ်ဆင်ရေးအထူးအဖွဲ့မှူးနှစ်ဦးစေ လွှတ်လိုက်လိုက်ပြီး တိုက်ပွဲအရှုံးများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို နေအိမ် အကျယ်ချုပ်ထားရှိသည် ဟု စစ်ဘက်လေ့လာသူများက မဇ္ဈိမကို ပြောသည်။

အမှတ် (၁) စစ်ဆင်ရေးအထူးအဖွ့ဲမှူး ဒုှဗိုလ်ချုပ်ကြီး တေဇာကျော်ကို မုံရွာအခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ စက်တင်ဘာလ အလယ်ကစေလွှတ်ခဲ့ပြီးနောက် အမှတ် (၆) စစ်ဆင်ရေးမအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို မကြာသေးခင်ရက်ပိုင်းအတွင်းက ထပ်မံစေလွှတ်ခဲ့ သည်။” တပ်မှာတခါမှမကြုံဖူးတဲ့၊ စစ်ဆင်ရေးဒေသတခုကို ကစထမှူးနှစ်ယောက်ကို စေလွတ်ပြီး အနီးကပ်တိုက်ရိုက်ကွပ်ကဲဖို့စေလွှတ်” ဟု စစ်ဘက်စောင့်ကြည့် လေ့လာသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

နမခ နယ်မြေအတွင်း စစ်ဆင်ရေးများမအောင်မြင်မှု၊ ကျဆုံးစစ်သည် အရေ အတွက်များပြားမှု၊ စီမံခန့်ခွဲ အုပ်ချုပ်မှု ညံဖျင်းမှုဆိုသည့်ပြစ်ချက်များနှင့် စစ်တိုင်းမှူး တာဝန်ယူခဲ့ရသူ ဗိုလ်မှူးချုပ်ဖြိုးသန့်ကိုတော့ တာဝန်မှရပ်စဲပြီး နေအိမ်အကျယ်ချုပ်ထားရှိသည်ဟုစစ်ဘက်သတင်းရပ် ကွက်များအရသိရသည်။ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းသည့်နေ့က တေဇ အပတ်စဉ် (၂၃) ဆင်း ဗိုလ်မှူးချုပ် ဖြိုးသန့်မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၄) တပ်မမှူးအဖြစ် ရန်ကုန်တိုင်း၏ လုံခြုံရေးဆောင်ရွက်ရခြင်းနှင့် အရေးကြီးပုဂ္ဂိုလ်များ ဖမ်းဆီး ထိန်းသိမ်းခြင်းများကို တာဝန်ယူခဲ့ရသူထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

နောက်ပိုင်းတွင် နမခ တိုင်းမှူးဖြစ်လာခဲ့သည်။ယခုအခါ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကိုပါ မုံရွာသို့စေလွှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ” ယခင် နမခတိုင်းမှူးတာဝန်ယူခဲ့ဖူးသူလည်းဖြစ်တယ်။ ရဲချုပ်လည်းဖြစ်နေတော့ ခေတ္တတိုင်းမှူးတာဝန်ယူခိုင်းပြီး လုံခြုံရေးရဲတပ်ရင်း များ၊ နယ်မြေခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို တိုက်ရိုက်ကွပ်ကဲပြီး အကြမ်းဖက်ဖမ်းဆီးနှိမ်နင်းချင်တဲ့အတွက်လဲဖြစ်တယ်။” ဟု စစ်ရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

” ကစထ(၁)မှူး တေဇာကျော်ကလည်း စစ်ဆင်ရေးဝင်နေတဲ့နယ်မြေခံတပ်တွေ၊ တပ်မတွေနဲ့မစိမ်းတဲ့သူဖြစ်တော့ ဘယ်လိုတပ်တွေ ကွပ်ကဲရမယ် ဆိုတာသိပြီး သားလူကို စေလွှတ်ခြင်းလည်းဖြစ်တယ်။” ဟု သူက ထပ်ပြောသည်။နမခနယ်အတွင်း အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးဗိုလ်ချုပ် ဇော်ဝင်း၊ သံချပ် ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့နှစ်ဦးကို လည်း လက်နက်ကြီးပစ်ကူ အနီးကပ်ညွှန်ကြားဖို့ စေလွှတ်ထားသည်ဟု သတင်း ရင်းမြစ်များက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်သူ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် (DSA အပတ်စဉ် ၂၉) သည် သဘောထားတင်းမာပြတ်သားသူဖြစ်ကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒုဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခံရာကာ နေပြည်တော်၏ ကစထ (၆)မှူးဖြစ်လာခဲ့သည်။ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၏ ညီဖြစ်သူ စစ်အာဏာရှင်ဆန့်ကျင်ရေးသမား ကိုစိုးမိုးလှိုင် (ခ) ကိုမဲကြီးသည် မေလအတွင်းက စစ်ကြောရေးတွင် ဖမ်းဆီး ခံရပြီး နှစ်ရက်အကြာ သေဆုံးခဲ့ရသည်။

” သူရဲ့တာဝန်ဘယ်လိုကျေပွန်အောင်လုပ်ဆောင်ပါတယ်ဆိုတဲ့ အမိန့်နာခံမှု အကြောင်း မအလ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကို သက် သေ ပြခဲ့သူ လည်းဖြစ်တဲ့၊ လူသားမဆန်တဲ့လူတစ်ယောက်ပါ။” ဟု စစ်ဘက်လေ့လာသူ တစ်ဦးက မှတ်ချက်ချသူဖြစ်သည်။နမခနယ်မြေအတွင်း တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့များကို စစ်ကောင်စီ တပ်က သာလွန်အင်အားဖြင့် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ရေ ကြောင်းပစ်ကူများ ပြုလုပ်လာနိုင်သည်ဟု စစ်ဘက်လေ့လာသူများက စိုးရိမ် နေကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်းတင်ွင်ပင် ဇွန်လနှင့် သြရုတ်လအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈၄၀ ကျော်သေဆုံးခဲ့ပြီး ချင်းပြည်နယ်တွင် ၁၃၆ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကထုတ်ပြန်ခဲ့သည်။mizzima

တရုတ်-မြန်မာနယ်စပ်ဂိတ် ပိတ်ထားသဖြင့် မြန်မာက ၁ လကို ကန်ဒေါ်လာ သန်း ၅၀၀ ထိ နစ်နာ

တရုတ်-မြန်မာနယ်စပ်တွေကို တရုတ်ဘက်က ပိတ်ထားတာကြောင့် မြန်မာဘက်က ၁ လကို အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထိ နစ်နာနေတယ်လို့ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်တွေ ပြန်ဖွင့်ပေးဖို့ မြန်မာကုန်သည်တွေက မျှော်လင့်နေချိန်မှာ တရုတ်နယ်စပ်ဂိတ်တွေကို ပြည်တွင်း ကူးစက်မှုနှုန်း ကျဆင်းပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်မားလာမှ ပြန်ဖွင့်ပေးသင့်တယ်လို့ တရုတ်ထိပ်တန်းဆရာဝန်ကြီးတွေက အကြံပြုထားတယ်လို့ South China Morning Post မှာ ရေးသားထားပါတယ်။ 

တရုတ်နယ်စပ်ဂိတ် မြန်မာဘက်ခြမ်းမှာ ပိုးတွေ့နှုန်း များနေတာကလည်း နယ်စပ်ဂိတ်တွေကို ဆက်ပိတ်ထားဖို့ တွန်းအားဖြစ်စေတယ်လို့ ဒေ သခံတွေကလည်း ပြောပါတယ်။ 

တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင်ဘက်မှာတော့ ဧပြီလကတည်းက ပိတ်ထားလို့ ပိတ်မိနေတဲ့ မြန်မာဘက် တရုတ်သွင်းကုန်ပစ္စည်းတွေကို ဒီလအတွင်း သယ်ယူခွင့်ပြုဖို့ ရှိတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ဒါဟာ နယ်စပ်ဂိတ်ကို ပြန်ဖွင့်တာ မဟုတ်ဘဲ ဆက်လက်ပိတ်ထားဦးမှာဖြစ်ပြီး မြန်မာဘက်က ပို့ကုန်တွေကိုလည်း တရုတ်ဘက် တင်ပို့ခွင့် မပြုသေးပါဘူး။ 

ကျင်ဆန်းကျော့နဲ့ ကျယ်ဂေါင်ဘက်က တရုတ်ဂိုဒေါင်တွေ ရှင်းတဲ့အနေနဲ့ လုပ်တာသာဖြစ်ပြီး လူဖြတ်သန်းခွင့် ဘာမှမရှိဘူးလို့ ကုန်သည်တွေက ပြောပါတယ်။ 

နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် ကုန်သည်တွေ၊ ဒေသခံတွေအနေနဲ့ စီပွားရေး လုံးဝကျဆင်းသွားသလို အလုပ်သမားတွေနဲ့ အခြေခံလူ တန်းစားတွေလည်း စားဝတ်နေရေး ကျပ်တည်းနေကြပါတယ်။ 

တရုတ်နယ်စပ်ဂိတ်တွေကို ကာလအတော်ကြာ ပိတ်ခံထားရပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော် တရုတ်နယ်စပ်ဂိတ်ကိုလည်း အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ကုန်သွယ်မှု ပိတ်လိုက်တယ်လို့ မြန်မာဘက်ခြမ်းက ထုတ်ပြန်ထားပါတယ်။ 

ဒါပေမယ့် ဝ နဲ့ မိုင်းလား ဘက်က တရုတ်နယ်စပ်ဂိတ်တွေကိုတော့ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးတာ စစ်ဆေးပြီးလို့ တရုတ်ဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ဖွင့်ပေးလိုက်ပါတယ်။ 

ဝ မိုင်းလားဘက်မှာတော့ တရုတ်နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဲ့ဒီဒေသနဲ့ ပြည်တွင်းကို သွားလာတာတွေ ပိတ်ခံထားရပါတယ်။ 

တချို့ PDF တွေက 107 ရှော့တိုက်ဒုံးလိုမျိုး လက်နက်တွေ၊ တရုတ်နယ်စပ်ထုတ် သေနတ်တွေ၊ အသုံးပြု ကိုင်ဆောင်နေတာမျိုး သတင်းတွေ ပျံ့လာပြီးနောက် ဝ မိုင်းလားနယ်နဲ့ ပြည်တွင်း တခြားဒေသဆက်သွယ်ရေး လမ်းကြောင်းတွေကို စကစ ဘက်က ပိုမိုတင်းကြပ်လာတာပါ။ 

စစ်တပ်နဲ့ ဝနယ်စပ်ဖြစ်တဲ့ မန်မန်းဆိုင်အနီးထိ သွားလာမှုတွေ တပ်ဘက်က ပိတ်ဆို့ထားတာကြောင့် ကုန်စည်တွေ သယ်ယူပို့ဆောင်ရာမှာ လာရိုးကနေ မန်းမန်းဆိုင်ဂိတ် သံလွင် အရှေ့ခြမ်း ဝနဲ့ စစ်တပ် နယ်စပ်အထိ သွားကဲ့ သယ်ယူနေရတယ်လို့လည်း သိရပါတယ်။ 

မြန်မာဘက်က ဆန်တင်ပို့မှုကိုလည်း လုံးဝတားမြစ်လိုက်တဲ့အပြင် သစ်နဲ့ သယံဇာတအပြင် တခြားထွက်ကုန်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းတာရော၊ တရားဝင်တင်သွင်းတာတွေကိုပါ မြန်မာဘက်က လုံးဝပိတ်ဆို့ထားတာလို့ ဒေသခံက ပြောပါတယ်။DVB

မတူပီမြို့တွင် စားသောက်ကုန်များနှင့် စက်သုံးဆီများ ပြတ်လပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ပခုက္ကူမှ ကုန်တင်ကားများ ဝင်ထွက်သွားလာမှု မရှိသည့်အတွက် စားသောက်ကုန်များနှင့်စက်သုံးဆီ ပြတ် လပ်မှုနှင့်ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။

နှစ်ဘက်အဖွဲ့အစည်းများ၏ စစ်ဆေးတားစီးမှုများကြောင့် ပခုက္ကူမှ မတူပီသို့ ကုန်တင်ကားများ ဝင်ရောက်လာမှု မရှိသည့်အတွက် မြို့ပေါ်တွင် အဓိကအားဖြင့် ဆိုင်ကယ်ဓါတ်ဆီများ ပြတ်လပ်နေရသည်ဟုသိရသည်။ ”ဆိုင်ကယ် ဓါတ်ဆီတွေက လုံးဝပြတ်လပ်နေပြီ။ ပိုက်ဆံပေးရင် တောင် ရောင်းမဲ့ဆိုင် မရှိတော့ဘူး။

အဓိကတော့ ကားတွေဝင်ထွက်မှု မရှိတာကြောင့်ဘဲ၊ လမ်းခရီးပိုင်းမှာ ဆိုရင်လည်း CDF, PDF အဖွဲ့တွေက လုံခြုံရေးကြောင့် တားဆီးပိတ်ပင်တာတွေ၊ အချိန်တွေနဲ့ သွားလာခိုင်းတာ ရှိနေပြန်တယ်။

တစ်ခါ မြို့ပေါ်မှာကျပြန်တော့လည်း စစ်တပ်က တားဆီး ပိတ်ပင်တာတွေ ရှိနေတယ်။ ဆန်တွေ ၊ဆီတွေဝယ်တာတောင် မှတ်ပုံတင်ပြပြီး ဝယ်နေရတယ်။ဒါတောင် လိုချင်တိုင်းမရဘူး။ သူတို့ ခွင့်ပြုတဲ့ ပမာဏပဲရတာ။ ထင်တာကတော့ အများကြီး ဝယ်ပြီး CDFတွေကို ထောက်ပံ့မှာ ကြောက်ကြတယ်ထင်တယ်”ဟုဒေသခံတစ်ဦး ကပြောသည်။

လတ်တလော အခြေနေအရ မတူပီမြို့ပေါ်တွင် ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ မိုင်းခွဲဖျက်ဆီးခံရပြီး‌ မြို့နယ်ပညာရေးမှူးရုံး အနီးဝန်းကျင်မိုင်းကွဲပြီးနောက်ပိုင်း စစ်ဆေးမှုများပိုမိုများပြားလာနေကြောင်းသိရသည်။mizzima

PDF အားကောင်းလာသည့် စစ်ကိုင်းတိုင်းတွင် စစ်မှုထမ်းဟောင်းများ ဦး ဆောင် သည့် ပြည် သူ့စစ်အဖွဲ့ များ ဖွဲ့စည်းရေး တိုင်းမှူး ဖြိုးသန့် အပူတပြင်း လုပ်နေ

စစ်ကိုင်းတိုင်းတွင် PDF အားကောင်းလာနေသည့်အတွက် စစ်မှုထမ်းဟောင်းများပါဝင်သည့် ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်းရေး တိုင်းမှူး (ဗိုလ်မှူးချုပ်) ဖြိုးသန့် ဦးဆောင်၍ ဆောင်ရွက်နေကြောင်း ဒေသခံများနှင့် စစ်မှုထမ်းဟောင်းများ ထံမှ သိရှိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ စစ် ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၁ အောင်ဇေယျ စစ်မှု ထမ်းဟောင်း အိမ်ရာတွင် မုံရွာနှင့်ယင်းမာပင် စစ်မှု ထမ်းဟောင်းများကို တိုင်း မှူး ဖြိုးသန့်က တွေ့ဆုံပြီး လုံခြုံရေးအတွက် စစ်မှု ထမ်းဟောင်းများ ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့ စည်းရေး ပြောဆို လာကြောင်း သိရှိရသည်။

“အခုလက်ရှိ လုံခြုံရေးအရ စစ်မှုထမ်းဟောင်းတွေက တပ်မတော်သားတွေပဲ။ အဲဒီအတွက် ရပ်ရွာ လုံ ခြုံရေးအတွက် မြို့နယ်၊ ရပ်ရွာတွေအ လိုက် ပြည်သူ့စစ်တွေ ဖွဲ့ဖို့ အဲဒါတွေကို စစ်မှုထမ်းဟောင်းတွေက ဦးဆောင်ဖို့ ဒါမျိုး​ ပြောသွားတာရှိတယ်။ စစ်မှုထမ်းဟောင်းဆိုတာ အရန်အင်အားပဲ။ သင်တန်းပေးစရာမလိုဘဲ ချက်ချင်း အချိန်မရွေး အသင့်ပြင်ထားရမယ်ပေါ့။

အဲဒါမျိုး ပြောသွားတာရှိတယ်။ ဒါကို သူဦးဆောင်ပြီး လုပ်နေတယ်ပေါ့” ဟု ယင်းမာပင်စစ်မှု ထမ်းဟောင်း တစ်ဦးက ပြောဆိုသည်။ လက်ရှိ စစ်ကိုင်းတိုင်းတွင် PDF များအားကောင်းလာနေပြီး ကနီ၊ ခင်ဦး၊ အရာတော်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ၊ ကသာ၊ ထီးချိုင့်၊ ကလေး၊ အင်းတော် အပါအဝင် မြို့နယ်အများအပြားတွင် အုပ်ချုပ်ရေး ယန္တရားများ ပြိုလဲကာ စစ်ကောင်စီတပ်များ အကြီးအကျယ် တိုက်ခိုက်ခံနေရကြောင်း သိရှိရသည်။khit thit

« Older Entries