Monthly Archives: Oct 2021

COVID-19 ကြောင့် မြန်မာကုန်သည်များ၏ ပစ္စည်းများ တရုတ်ဘက်တွင် သောင်တင်သည် မှာ နှစ်ဝက်ကြာ

တရုတ်-မြန်မာနယ်စပ်တံခါးပေါက် ကျယ်ဂေါင်ကို ယခုအထိပြန်ဖွင့်မပေးသေး သည့် အတွက် မြန်မာကုန်သည်များ၏ကုန်ပစ္စည်းများ တရုတ်ဘက်အခြမ်းတွင် သောင်တင်နေသည်မှာ ယခုဆိုရင် နှစ်ဝက်ကြာနေပြီဖြစ်သည်ဟု တရုတ်နိုင်ငံမှ ပစ္စည်းများတရားဝင်တင်သွင်းနေသည့် ကုန် သည်များက ပြောသည်။ COVID-19 ရောဂါထိန်းချုပ်ရေးအကြောင်းပြချက်ဖြင့်၊ တရုတ်အာဏာပိုင် ဘက်က ကျယ်ဂေါင်မြို့အပါအဝင် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဂိတ် ငါးခုကို ဧပြီလ ၁ ရက်နေ့ကစပြီးပိတ်ထားခြင်းဖြစ်ပြီး ပိတ်မိနေသည့် မြန်မာ ကုန်သည်များ၏ကုန် ပစ္စည်းများသည် ကုန်ပစ္စည်းကားအစီးရေ ၇၀၀ ကျော် ရှိမည်ဟု ခန့်မှန်းထားကြသည်။

“ ဝယ်ထားပြီးသားကို သူတို့နိုင်ငံထဲပိတ်မိနေတာပါ၊ တရုတ်ကကိုဗစ်အကြောင်း ပြပြီး ပိတ်ထားတာ ခုထိဝင်ယူလို့မရသေးဘူး၊ အခက်အခဲကတော့ အများကြီး ပေါ့ဗျာ၊ ကုန်သည်ငယ်တွေပိုဒုက္ခရောက်ကြတာပေါ့” ဟု တရုတ်နိုင်ငံမှ အကြီး စား စက်ပစ္စည်းများတရားဝင်တင်သွင်းနေသည့် မန္တလေးမြို့ကကုန်သည် တစ်ဦးက ပြောသည်။မြန်မာတာဝန်ရှိသူများဘက်ကတော့ ကျယ်ဂေါင်မြို့အတွင်းကျန်ရှိနေသော တရုတ်သွင်း ကုန်ပစ္စည်းများနှင့် ပြည်တော်ပြန်များ၏ အသုံးအဆောင် ပစ္စည်း များကို ယခုရက်ပိုင်းအတွင်းသယ်ယူခွင့်ပြုသွားရန်ရှိကြောင်းပြောထားသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်အတွင်းရှိနေသော ကုန်တင်ကားကြီးများနှင့်၊ ဂိုဒေါင် ကုန်ဂိတ်များရှိ မြန်မာနိုင်ငံအတွင်းသို့တင်ပို့ရန်ကျန်ရှိနေသော သွင်းကုန်ပစ္စည်း များကို မကြာမီအချိန်တွင် မြန်မာနိုင်ငံဘက်သို့သတ်မှတ်လုပ်ထုံး လုပ်နည်းများ နှင့်အညီ၊ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ် ရေး ကုန်သည်များအသင်းက စာထုတ်ထားကြောင်းလည်းသိရ သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီမှာပိတ်မိနေတဲ့ပစ္စည်းတွေ အကုန်လုံးကို ပြန်သယ် ယူချင်တယ်၊ ရက်သတ်မှတ်မထားဘဲ၊ ပစ္စည်းတွေအ ကုန် သယ်ယူ ပြီးတဲ့ အထိသယ်ယူခွင့်ပေးဖို့ ဒီဘက်ကကုန်သည်တွေကမျှော်လင့်ကြတယ်၊ တရုတ်ဘက်ကသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အ စည်းအနေနဲ့လည်း ဒါတွေကို သယ်ယူခွင့်ပေးမယ်လို့မျှော် လင့်နေကြတာပေါ့ဗျာ” ဟု အိမ်ဆောက်ပစ္စည်းများ တရားဝင်တင်သွင်းနေသည့် မန္တလေးမြို့ကကုန်သည်တစ်ဦးကဆိုသည်။mizzima

မင်းအောင်လှိုင်အတွက် ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှာ ရွှေဂုံတိုင်မီးပွိုင့်တွင် ယနေ့ ဗုံးပေါက်၊ သုံးခွတွင်လည်း ဗုံးများပေါက်ကွဲ

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်တွင် ရောက်ရှိနေချိန် လုံခြုံ ရေး တင်းကျပ်ထားသည့်ကြားမှ ရွှေဂုံတိုင်မီးပွိုင့်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

“ဗုံးပေါက်တာကတော့ အသံကျယ်တယ်။ အထိအခိုက်တော့မရှိဘူး။ အဲဒါ ရွှေဂုံတိုင်တံတားအပေါ်နဲ့ အောက်မှာ စစ်ခွေးရော ရဲခွေးရော အကုန် ရောက်လာပြီး ပိတ်ဆို့ စစ်ဆေးတာတွေလုပ်တယ်” ဟု ရန်ကုန်တက္ကစီသမားတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရုံးနှင့် အခွန်ရုံးတို့ကို သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TYF) က ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် သတိပေးဖောက်ခွဲလိုက်ကြောင်း TYF ကပြောသည်။ ထို့ပြင် သုံးခွမြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်း ၎င်းထုတ်ပြန်စာနှင့်အတူ တာ၀န်မှနုတ်ထွက်ကြရန် TYF က သတိပေးထားသည်။khit thit

စစ်ကိုင်းမြို့နယ်က လျှပ်စစ်မီတာခ အတင်းအ ကျပ်ကောက်ခံနေသူ၏ နေအိမ် ဗုံးပစ်သတိ ပေးခံရ

စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာတွင် လျှပ်စစ်မီတာခ အတင်းအကျပ်ကောက်ခံနေသော မီတာခကောက်သည့်ဝန်ထမ်း ဦးထွန်းမင်းလက်၏ တလိုင်းကျေးရွာရှိ ၎င်း၏ နေအိမ်ကို ယနေ့အောက်တိုဘာလ ၇ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က အသံဗုံးဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း ထိုအဖွဲ့က မဇ္ဈိမကို ပြောသည်။

“သူက အာဏာသိမ်းပြီးကတည်းက ရေကြေး၊ မီးကြေးကောက်နေတာပါ။ သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို လာတိုင်တဲ့သူတွေလည်း အ ရမ်းများတယ်” ဟု ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မီတာခကောက်ဝန်ထမ်း ဦးထွန်းမင်းလက်၏ နေအိမ်အား အသံဗုံးဖြင့် သတိပေး ပစ်ခတ်ခြင်း ဖြစ်သည့်အတွက် လူတစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။

ထိုသို့ သတိပေးမှုကို မလိုက်နာဘဲ လျှပ်စစ်မီတာခများ ဆက်လက်ကောက်ခံနေပါက အသက်အန္တရာယ်အတွက် သက်ညှာမည်မဟုတ်ကြောင်းလည်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ဆိုသည်။ အဆိုပါ ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် အခြေ ပြု လှုပ်ရှားနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး အောက်တိုဘာလ ၄ ရက် ညနေ ၃ နာရီအချိန်ခန့်ကလည်း ဝက်လက်မြို့နယ်အတွင်း အတင်းအဓမ္မ ငွေကောက်ခံနေသည့် အသေးစားချေးငွေလုပ်ငန်းများ ရပ်နားကြရန်အတွက် အသေးစားချေး ငွေလုပ်ငန်းရုံးတစ်ခုရှေ့တွင် မိုင်းဖောက်ခွဲ သတိ ပေးခဲ့သေးသည်။ mizzima

မြေအောက်တော်လှန်ရေးအဖွဲ့ ဖြစ်သည့် G-20/UBPO pageကို အဆက်အသွယ်မပြုလုပ်ကြရန် BPOအဖွဲ့ အသိပေး

တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် Burma Phoenix Organization – BPO ၏ လက်အောက်ခံ ပြောက်ကျားဖွဲ့ဖြစ်သည့် @G-20/UBPO မှ ခေါင်းဆောင်အချို့အား အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးထားသည့်အတွက် G-20/UBPO page မှ ဆက်သွယ်လာပါက အကြောင်းပြန်ခြင်း မပြုကြရန်နှင့် ၎င်း Page အား သွားရောက်ဆက်သွယ်ခြင်း မပြုကြရန် BPOက ယမန်နေ့ တွင် အသိပေး ကြေညာထားသည်။

” ကျွန်တော်တို့ အဖွဲ့က မြို့ပေါ်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေပါ။ စစ်ကောင်စီဘက်ကနေပြီး အကြမ်းဖက် ဖြိုခွဲလာတဲ့နောက်မှာ လက် နက်ကိုင်ပြီး တော်လှန်ရမယ့် လမ်းစဥ်ကို ရွေးချယ်လိုက်တယ်။ အခုက ကျွန်တော်တို့ BPO ရဲ့ လက်အောက်က အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ G-20/UBPO အဖွဲ့ထဲက ခေါင်းဆောင်တချို့ အဖမ်းခံထားရပါတယ်။ အဲဒါကြောင့် G-20/UBPO page ကို သွားပြီးမဆက်သွယ်ဖို့နဲ့ လာဆက်သွယ်ရင်လည်း အကြောင်းမပြန်ဖို့ ကြေညာချက် ထုတ်ပြန်တာပါ ” ဟု BPO၏ စည်းရုံးရေးနှင့် ပြန်ကြားရေး ကော်မတီ တာဝန်ခံတစ်ဦးက မဇ္စျိမကို ပြောသည်။

ဗမာ့ဇာမဏီ (Urban Burma Phoenix Organization – UBPO) အဖွဲ့အနေဖြင့် ရန်ကုန်တွင် ဖောက်ခွဲမှု ရှစ် ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့မှ အသစ်ဖွင့်ထားသော တရားဝင် ဖေ့ဘွတ်စာမျက်နှာဖြစ်သည့် Urban Burma Phoenix Organization – UBPO page တွင်သာ စစ်ရေးလှုပ်ရှားမှုများနှင့် ပြောက်ကျားစစ်ဆင်ရေးများကို တရားဝင်ထုတ်ပြန် ကြေညာသွားမည် ဟု ဆိုသည်။ ဗမာ့ဇာမဏီ (Urban Burma Phoenix Organization – UBPO) အဖွဲ့ကို မြို့ကြီးများတွင် UG လှုပ်ရှားမှုများလုပ်ဆောင်ရန်အတွက် ဖွဲ့စည်းထားကာ မြို့ပြပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။mizzima

NUG အစိုးရကို တရားဝင်အစိုးရအဖြစ် ပြင်သစ်လွှတ်တော်က အသိအမှတ်ပြုမှုအပေါ် ကြိုဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်  အသိအမှတ်ပြုလိုက်တဲ့ ပြင်သစ်အထက်လွှတ်တော်ရဲ့ ရှေ့ ဆောင်ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချုပ် ITUC က ကြိုဆိုလိုက်ပါတယ်။ 

ပြင်သစ်ပါလီမန်ရဲ့ အထက်လွှတ်တော်မှာ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုခဲ့တာပါ။

ပြင်သစ်အထက်လွှတ်တော်က ဒီရှေ့ဆောင်ဥပမာကို သတ်မှတ် လုပ်ဆောင်လိုတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ အစိုးရအားလုံးလည်း  ဒီဥပမာအတိုင်း လိုက်နာပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ၊ တရားဥပဒေနဲ့အညီဖြစ်တဲ့အစိုးရအဖြစ် NUG ကို နှောင့်နှေးတုံ့ဆိုင်းခြင်းမရှိ အသိအမှတ်ပြုပေးဖို့ တောင်းဆိုလိုက်တယ်လို့ ITUC ရဲ့ အထွေထွေအတွင်းရေးမှူး ရှာရန်ဘာရိုးက ပြောပါတယ်။

စစ်ကောင်စီကို ကုလသမဂ္ဂအထွေထွေညီလာခံ၊ ILO နိုင်ငံတကာအလုပ်သမားညီလာခံ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကလည်း ရှောင်ဖယ်နေပြီ ဖြစ်ကြောင်းနဲ့  ဒီအဖွဲ့အစည်းတွေအားလုံးဟာ စစ်အုပ်စုရဲ့ အထောက်အထားတွေကိုလက်ခံဖို့ ငြင်းဆန်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ 

စစ်အုပ်စုအနေနဲ့ တရား၀င် ရွေးကောက်တင်မြှောက်ခံရတဲ့ခေါင်းဆောင်တွေကို အာဏာပြန်ပေးအပ်ပြီး မြန်မာပြည်ဒီမိုကရေစီ ပြန်လည် ထူ ထောင်ရမယ့်အချိန် ဖြစ်တယ်လို့ ITUC  အဖွဲ့က ပြောပါတယ်။

သပိတ်မှောက်တာ ဒါမှမဟုတ် တခြားဆန္ဒပြလုပ်ရပ်တွေကြောင့် အသက်မွေးဝမ်းကျောင်းဆုံးရှုံးခဲ့တဲ့ မြန်မာနိုင်ငံရှိအလုပ်သမားတွေနဲ့ မိသား စုတွေကို ထောက်ပံ့ဖို့အတွက်  အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ချုပ် ITUC ဟာ ညီညွတ်ရေးရန်ပုံငွေကို တည်ထောင်ထားတာကြောင့် မြန်မာသပိတ်ရံပုံငွေကိုလည်း  ITUC ကနေတဆင့် လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။ DVB

မြန်မာ့အရေး ချက်ချင်း အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား AI တိုက် တွန်း

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး အဆုံးသတ်ရေးအတွက် ချက် ချင်း အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေဆဲ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားရေး ကပ်ဘေး ရပ်တန့်ရေးအတွက် နောက်ထပ် အစောတလျင် ထိရောက်သော အရေးယူမှုများကို ချမှတ်ဖော်ဆောင်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံခိုင်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြ၍ မိမိအနေဖြင့် တိုက်တွန်းပါကြောင်း AI အဖွဲ့၏ အတွင်းရေးမှူးချုပ် Agnes Callamard က အောက်တိုဘာ ၆ ရက်၌ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ မြန်မာနိုင်ငံသူနိုင်ငံသားများအား စည်းလုံးညီညွတ်စွာဖြင့် ကာကွယ်မှုပေးရန် ကမ္ဘာတစ်ဝန်းက အစိုးရများနှင့် စီးပွားရေးလုပ်ငန်းကိုင်ငန်းများထံ နိုင်ငံနှင့် နယ်မြေ ၁၆၁ ခုမှ လူပုဂ္ဂိုလ်ပေါင်း ၇၀၀၀၀ ကျော်ထက်မနည်း လက်မှတ်ရေးထိုးထားသည့် ပန်ကြားလွှာကို အတွင်းရေးမှူးချုပ် Agnes Callamard က ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပန်ကြားလွှာ၌ ကမ္ဘာ့တစ်ဝန်းက အစိုးရများအား မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် ကျူးလွန်သူများကို တာဝန်ခံစေရေး သံတမန် ဖိအားများ ဆက်လက်ပေးသွားရန်၊ အခွင့်အရေး ချိုးဖောက်မှုများတွင် အသုံးချနေသည့် မြန်မာစစ်တပ်အတွက် လက်နက်နှင့် အခြား ရင်းမြစ်များ စီးဝင်မှုအားလုံးကို ရပ်တန့်ပစ်ရန်၊ အာဆီယံကိုလည်း ရှင်းလင်းသော အချိန်သတ်မှတ်ချက်နှင့်အတူ ၎င်းတို့၏ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ရေး မေတ္တာရပ်ခံပေးကြရန်၊ တရားလက်မဲ့ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန်၊ ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်မှုများကို ထောက်ခံပံ့ပိုင်းကြရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမို ကူညီပေးရန်အတွက် အဓိကထား တိုက်တွန်းထားသည်။

ထိုပြင် ပြည်တွင်းနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုနှင့် စီးပွားဖက်ပြုခြင်းတို့က လူ့အခွင့်အရေးအပေါ် သက်ရောက်နိုင်မှုအား အကဲဖြတ်ခြင်း အပါအဝင် လူ့အခွင့်အရေးအား လေးစားလိုက်နာပါမည်ဆိုသော ၎င်းတို့၏ တာဝန်ခံမှုကို ဖြည့်ဆည်းကြရန်လည်း တိုက်တွန်းထားသည်။

အာဏာသိမ်းပြီးချိန်မှစကာ ၈ လအတွင်း မြန်မာလုံခြုံရေးတပ်များသည် လူပေါင်း ၁၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသည့် ဆန္ဒပြသူများ၊ လမ်းသွားလမ်းလာများနှင့် အခြားသော အရပ်သားများမှာ မရေတွက်နိုင်ကြောင်း အတွင်းရေးမှူးချုပ် Agnes Callamard က အိတ်ဖွင့်ပေးစာ၌ ဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့် အခွင့်အရေးများအတွက် အဓိက စိုးရိမ်ပူပန်ရခြင်းအဖြစ် ဖိနှိပ်သော ဥပဒေများဖြင့် ထင်ရာစိုင်း ဖမ်းဆီးထားသူပေါင်းကလည်း ၇၀၀၀ ကျော်ထက်မနည်း ရှိနေပြီး ဖမ်းဆီးထားရာ၌လည်း နှိပ်စက်ညှင်း ပန်းမှုများ ကျူးလွန်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေကြောင်း Agnes Callmard က ပြောသည်။ လုံခြုံရေးတပ်ဖွဲ့များ၏ မီဒီယာသမားများနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုသူများအား စဉ်ဆက်မပြတ် တိုက်ခိုက်ခြင်း၊ ဝက်ဘ်ဆိုက်များအား ပိတ်ဆို့ခြင်း၊ ဂြိုဟ်တုတပ်ဆင်ခြင်းများ တားမြစ်ခြင်းနှင့် အင်တာနက် ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းများအပါအဝင် ထောက်လှမ်းစောင့်ကြည့်ခြင်းများနှင့် ဆင်ဆာဖြတ်တောက်ခြင်းများ တိုးမြှင့်ဆောင်ရွက်နေပြီး လူ့အခွင့်အရေးကို နောက်ထပ် ဖိနှိပ်မှုများ ကျူးလွန်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

လက်နက်ကိုင် အုံကြွမှုများ အရှိန်မြင့်လာခြင်းကြောင့် အရပ်သားများ သေကျေထိခိုက်ကာ မကြာသေးခင်ကာလအတွင်း နေအိမ်စွန့်ခွာ ဘေးလွတ်ရာ တိမ်းရှောင်ရသူပေါင်း ၂၃၇၀၀၀ ကျော်ထက်မနည်း ရှိကြောင်း Agnes Callmard က ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးနှင့် လုံခြုံ ရေးတပ်များ၏ ကျန်းမာရေးစောင့်ရှောင်မှု ဝန်ထမ်းများကို ထပ်တိုက်တိုက်ခိုက်နေခြင်းများကြား ကျန်းမာရေးစနစ်မှာလည်း ချည့်နဲ့လာနေပြီး တစ်စစ ပြိုဆင်းလာလျက် ရှိနေပြီဟု ၎င်းက ပြောသည်။

ပြည်သူသန်းပေါင်းများစွာ အထူးသဖြင့် အမျိုးသမီးများသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးရခြင်းနှင့်အတူ စီး ပွားရေးမှာလည်း တအိအိ ပြိုလဲလာနေကြောင်း၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူ သန်းပေါင်းများစွာ ရှိကာ လာမည့် လများတွင် ပို၍ တိုးများလာနိုင်ကြောင်း AI အတွင်းရေးမှူးချုပ် Agnes Callmard ၏ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ အိတ်ဖွင့်ပေးစာတွင် ရေးသားတိုက်တွန်းထားသည်။mizzima

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်

ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်ကျော်လောက်ပိတ်ထားခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ကျိုက်ထီးရိုးဘုရားကို  မွန်ပြည်နယ်စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ 

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ဘုရားဖူးခွင့် ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့  ကျိုက်ထီးရိုးဘုရားပြန်ဖွင့်ဖို့နဲ့ လာမယ့် သီတင်းကျွတ်လပြည့်မှာ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပဖို့ ပြည်နယ်စစ်ကောင်စီက စီစဉ်နေတာ ဖြစ်ပါတယ်။

ကျိုက်ထီးရိုးဘုရား ပြန်ဖွင့်ဖို့အတွက် အောက်တိုဘာ ၂ ရက်နေ့မှာ ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဘုရားဂေါပကအဖွဲ့နဲ့ တောင်တက်မော်တော်ယာဉ်းအသင်းတွေကို သွားရောက် တွေ့ဆုံပြီး ဘုရားဖူးရာသီ ပြန်ဖွင့်ရင် စနစ်တကျ ပြင်ဆင်ထား ညွှန်ကြားထားတာလို့ ကျိုက်ထီးရိုး အာဏာပိုင်အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားပြန်ဖွင့်နိုင်ဖို့အတွက် ဈေဆိုင်းတန်းတွေ၊ စားသောက်ဆိုင်တွေအနေနဲ့ စနစ်တကျ ပြင်ဆင်ထားဖို့နဲ့ ဘုရားဖူးရာသီမှာ ကိုဗစ်စည်းကမ်းချက်နဲ့အညီ လုပ်ဆောင်ကြဖို့ ညွှန်ကြားထားပါတယ်။

ကျိုက်ထီးရိုး ဘုရားပြန်ဖွင့်ဖို့ ပြင်ဆင်မှုဟာ လက်ရှိကာလ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘုရားဖူးပြည်သူတွေအတွက် လုံခြုံရေးအတွက် စိတ်ချလို့မရတဲ့ အခြေအနေမှာ ရှိတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။

ကျိုက်ထီးရိုးဘုရား ဖွင့်လှစ်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုဟာ ပြည်သူတွေ ကိုဗစ်ဘေး၊ စစ်ဘေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု အခက်အခဲ ရင်ဆိုင်နေရတဲ့အချိန်မှာ ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်မှုကို ပြသခြင်းလို့ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒေသခံလူငယ်တွေက ပြောကြပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မဟာ KNLA တို့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသလို မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပါတယ်။DVB

သံဃသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံထားရသည့် သံဃာတော် ၅ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့ကို ၆ ရက်မြောက်နေ့ထိ အဆက်အသွယ်မရရှိသေး

မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းမှရဟန်းတော်ငါးပါး နှင့် လူပုဂ္ဂိုလ် သုံးဦး တို့ ဖမ်းဆီးခံရပြီး ခြောက်ရက်မြောက်နေ့အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်းရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေး ရှေ့နေအသိုင်းအဝိုင်းမှ ရှေ့နေ တစ်ဦးက “ဒီနေ့ထိကို ဘယ်မှာဖမ်းထားလဲ ။ ဘယ်လိုရှိနေလဲ ဆိုတာ ဘာမှမသိရသေးဘူး။ လိုက်စုံစမ်းနေတာပဲ သတင်းအစအန ကိုပျောက်နေတာ ” ဟု မဇ္ဈိမ သတင်းဌာနကို ပြောသည်။

မန္တလေးမြို့တွင် အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း အချိန် က စစ်အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာချီတက်ဆန္ဒပြကြသည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီက စစ်ကားဖြင့်ဝင်တိုက်ကာ အသံဗုံးခွဲပြီးသေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းရာ ရဟန်းတော်တစ်ပါး သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ပြီး ရဟန်းတော်ငါးပါး နှင့် လူ သုံးဦး ဖမ်းဆီးခံလိုက်ရသည်။

မန္တလေးမြတောင်ကျောင်းတိုက်အတွင်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂ ရက် ညတွင် ဝင်ရောက်စီးနင်းရှာဖွေကာ သံဃာပိုင်( သံဃိက) ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံထားရသူများ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရ၊ ပျောက်ရှမှုတို့ဖြစ်ခဲ့လျှင် အကြမ်းဖက်စစ်ကောင်စီဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟုလည်း ဘွဲ့အမည်စာရင်းနှင့်တကွ သံဃသမဂ္ဂ (မန္တလေး) က အောက်တို ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။mizzima

ပေါင်မြို့နယ် YMBA အသင်း နာယက ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် YMBA အသင်း နာယကတစ်ဦး အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

YMBA အသင်း နာယက ဦးခင်မောင်ဦးကို ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်သုသာန်အနီးမှာ အမည်မသိ သေနတ်သမားတွေက ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးခင်မောင်ဦးဟာ သေနတ်ပစ်ခံရမှုကြောင့် ဒဏ်ရာ ၈ ချက် ရရှိခဲ့ပြီး ဦးခေါင်းကြွေမွ ဒဏ်ရာနဲ့ အခင်းဖြစ် နေရာမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဦးခင်မောင်ဦးဟာ ပေါင်က စွယ်တော်သုသာန်အနီးမှာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးခင်မောင်ဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပေါင်မြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပေါင်မြို့နယ် YMBA အသင်းကို ပြီးခဲ့တဲ့နှစ် မေလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ မွန်ပြည်နယ် YMBA အသင်းကိုတော့ စစ်ကောင်စီရဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

YMBA အသင်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော် ချီးမြှင့်ထားသလို ရာသက်ပန်ဂုဏ်ထူးဆောင် နာယကအဖြစ် သတ်မှတ်ပေးထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။DVB

မင်းကင်းတွင် စစ်ကောင်စီတပ်များနှင့် PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၄ ဦး သေ ဆုံးပြီး စစ်သားများ ထွက်ပြေး၊ ထီးချိုင့်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၂၀ ကျော် သေဆုံးထိခိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကောင်စီတပ်များနှင့် PDF များတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၄ ဦး သေဆုံးကာ စစ်ကောင်စီတပ်များ ၀ရုန်းသုန်းကား ထွက်ပြေးရကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ယနေ့ အောက်တိုဘာ(၇)ရက်နေ့၊ နံနက် ၈ နာရီ မင်းကင်းအောက်မြစ်ရိုးဒေသ၊ အနောက်တော၊ ညောင်ပင်သာ အုန္နဲဘုတ်ဘက်တွင် အင်အား ၁၀၀ ကျော် ပါဝင်သည့် စစ်ကောင်စီတပ်များသည် သင်တောမှတဆင့် သံပေါက်ဒေသသို့ စစ်ကြောင်းချီတက်လာရာ မိုင်းခွဲတိုက်ခံရ၍ ၈ ဦး သေဆုံးကြောင်း၊ ထို့နောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ချင်းတွင်းမြစ်ရိုးအတို်ငး ရေယာဉ်များဖြင့် အနောက်ဘက်ကမ်းသို့ကူး၍ ထွက်ပြေးကြကြောင်း၊ မင်းကင်း PDF က လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦး ထပ်မံ သေဆုံးသဖြင့် စုစုပေါင်း ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၄ ဦး သေဆုံးကြောင်း ဒေသသတင်းရင်းမြစ် ThinGaDoneNewsက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်လည်း ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် တုံလုံဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ် ၁၀ စီးကို ထီးချိုင့်နှင့်သပိတ်ကျင်း PDF ပူးပေါင်းအဖွဲ့က ၃ မိုင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီကား ၁ စီး မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးထိခိုက်မှုရှိကြောင်း ထီးချိုင့် PDF သတင်းရင်းမြစ်က ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၂ နာရီအချိန် အင်္ဂကုက္ကား-ဒေါင့်ကြီးအကြား စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း၊ အသေအပျောက် မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit

« Older Entries