စစ်ကောင်စီတပ်က ငါန်းဇွန်မြို့မှ ရဟန်း ၁ ပါးနှင့် ရွာသား ၆ ဦးကို ဖမ်းဆီး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရေလယ်သောင်ရွာကို ယမန်နေ့ (အောက်တိုဘာ ၅) မနက် ၂ နာရီခန့်တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ရဟန်းတစ်ပါးအပါအဝင် ဒေသခံ ၇ ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်။

အင်အား ၃၀ ခန့်ပါဝင်သည့် ထိုတပ်ဖွဲ့က နေ့လယ်ပိုင်းအထိ နေအိမ် ၁၀ လုံးထက်မနည်းကို ဖျက်ဆီးကြသည်ဟု ဒေသခံများက ပြောသည်။ 

“ဘုန်းကြီးကျောင်းကနေ စပြီး ဝင်စီးပြီးတော့ ဦးဇင်းလည်း ဖမ်းသွားတယ်။ အဲ့ဒီမှာနေတဲ့ ကလေးတွေလည်း ဖမ်းသွားတယ်။ အဲ့ဒီကနေတစ်ခါ ရွာထဲကိုပါ လှည့်ပတ်မွှေတာပေါ့။ ဘုန်းကြီးတွေရဲ့ ဖုန်းတွေ ယူသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရေလယ်သောင်ရွာ ဒေသခံတစ်ဦးက ပြောသည်။ 

ဖမ်းဆီးသည်၊ အိမ်ဖျက်ဆီးသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ငါန်းဇွန်ရဲစခန်း၊ စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

အဖမ်းခံရသူများထဲတွင် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အားကောင်းသည့် ရေလယ်သောင်ရွာနှင့် ၃ မိုင်ခန့်အကွာ ဆင်ဖြူကုန်းရွာမှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် ပညာရေးဝန်ထမ်းလင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်းမှားရရှိကာ ဝင်ရောက်စီးနင်းခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။ 

“ဆရာနဲ့ ဆရာမက သတ်တာက အနီတပည့်တွေက သတ်ရလေခြင်းဆိုပြီး လိုင်းပေါ်မှာ လျှောက်ပြောနေတာပေါ့။ ဖမ်းခံသွားတဲ့သူတွေတင်မဟုတ်ဘူး၊ ရေလယ်သောင်တစ်ရွာလုံးက အဲ့ဒီဆရာနဲ့ ဆရာမကို သိလည်းမသိဘူး၊ မြင်လည်းမမြင်ဖူးဘူး” ဟု အထက်ပါ ရေလယ်သောင်ရွာ ဒေသခံက ဆိုသည်။ 

အောက်တိုဘာ ၃၊ ည ၈ နာရီဝန်းကျင်၊ ဆင်ဖြူကုန်းရွာနေအိမ်သို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သွားရောက်ပစ်ခတ်ရာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ မပါဝင်သည့် လက်ထောက်ကျောင်းအုပ် ဦးသီဟ ပွဲချင်းပြီးသေဆုံးခဲ့ပြီး မူလတန်းကျောင်းအုပ် ဒေါ်မြသန်းဌေး ဒဏ်ရာရခဲ့သည်။ 

ထို ပညာရေးဝန်ထမ်းလင်မယား ပစ်ခတ်ခံရမှုမှာ NLD ပါတီ ထောက်ခံအားပေးသူများ၏ လက်ချက်ဖြစ်သည်ဟု ရေးသားပြောဆိုချက်များမှာ အခြေအမြစ်မရှိ စွပ်စွဲခြင်းသာဖြစ်သည်ဟု ငါန်းဇွန်မြို့နယ် NLD လူငယ်ခေါင်းဆောင်တစ်ဦးက တုံ့ပြန်သည်။ 

ပစ်ခတ်မှုအပြီး နောက်တစ်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ သည် ဆင်ဖြူကုန်းရွာ စာသင်ကျောင်းတွင် တပ်စွဲပြီးနောက် ရေလယ်သောင်ရွာကို နာရီပိုင်းအတွင်း အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ 

ဆင်ဖြူကုန်းရွာ၌ စစ်တပ်ဆက်ရှိနေသဖြင့် အနီးတွင် ရှိသည့် ရေလယ်သောင်၊ လက်ပံသာ၊ ရေဇင်း စသည့် ကျေးရွာများမှ လူဦးရေ ၂၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

“မနက်ကဆို ရှောင်တဲ့အချိန်မှာ မိုးတွေ သည်းသည်းမည်းမည်းရွာတော့ မိုးရွာထဲ ပြေးကြရတယ်။ ဒီအချိန်က တောင်သူလုပ်နေတဲ့အချိန်ဆိုတော့ မလုပ်ရတော့ဘူးဖြစ်နေတာပေါ့။ သူတို့ကို ကြောက်နေရတာပေါ့။ အခုချိန်ထိလည်း မပြန်ရဲသေးဘူး” ဟု ဆင်ဖြူကုန်းရွာဒေသခံတစ်ဦးက ပြောသည်။

ဒေသအသီးသီးတွင် ၇၀၉၁ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီး၊ သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူများစာရင်းကို ကောက်ယူစုဆောင်းနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။myanmar now.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s