နေပြည်တော် CID ရုံးပေါက်ကွဲမှုတွင် ဒဏ်ရာရ ဒုရဲမှူးကြီး ခြေတစ်ဖက်ဖြတ်ရ  

နေပြည်တော်ရှိ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) ရုံးအတွင်း ယမန်နေ့ ညနေပိုင်းက သက်သေခံပစ္စည်း စစ်ဆေးနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရခဲ့သည့် ရဲအရာရှိလေးဦးအနက် ဒုတိယရဲမှူးကြီးမှာ ခြေတစ်ဖက်ဖြတ်ရမည်ဟု သိရသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံအနီးရှိ ခုတင် ၁၀၀၀ စစ်ဆေးရုံတွင် ကုသမှုခံယူနေသည့် ရဲအရာရှိလေးဦးအနက် ခြေထောက်တစ်ဖက်ဖြတ်ရမည့်သူမှာ ဒုရဲမှူးကြီးဇော်သန်းဆိုသူဖြစ်သည်ဟု တပ်မတော်အရာရှိတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“ဒုရဲမှူးကြီးတစ်ယောက်ပါတယ်။ သူက Open Fracture ဖြစ်သွားတယ်။ ဒီနေ့ ဖြတ်ရမယ်။ Above Knee (ဒူးခေါင်းအထက် ) ကနေ ဖြတ်မယ်။ သူတို့ ခြေတုတွေဘာတွေနဲ့ တိုင်းပြီး ဖြတ်ရမယ်” ဟု နေပြည်တော်တွင် တာဝန်ကျနေသည့် အထက်ပါအရာရှိက ပြောသည်။

ယမန်နေ့ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် ကျန်ရဲအရာရှိများမှာ ရဲမှူးတစ်ဦးနှင့် ရဲအုပ်နှစ်ဦး ဖြစ်သည်ဟု သိရသည်။ 

“ရဲမှူးကကျတော့ ပခုံးတွေ၊ ခြေထောက်တွေ၊ လည်ပင်းတွေ ထိထားတယ်။ သေစေလောက်တဲ့ လက္ခဏာကောင်းနေတယ်။ တစ်ယောက်က ခြေချင်းဝတ်ထိတယ်။ တစ်ယောက်ကကျတော့ ခြေထောက်နှစ်ဖက်၊ လက်နှစ်ဖက်ကို အစလောက်ပဲ မှန်တယ် ထင်တယ်” ဟု အဆိုပါ တပ်မ တော်အရာရှိက ဆက်ပြောသည်။

ဒုရဲမှူးကြီး၏ ဒဏ်ရာအခြေအနေ(Open Fracture) မှာ သာမန်အရိုးကျိုးရုံသာမက အရိုးကြေမွသွား၍ အသားစနှင့် အရိုးစများ ရောနှောသွားသည်အထိ ဒဏ်ရာပြင်းထန်သောကြောင့် ဖြစ်နိုင်သည်ဟု အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဆေးရုံအုပ်ကြီးတစ်ဦးက သုံးသပ်သည်။

“Open Fracture တိုင်းတော့ ဖြတ်ရတာ မဟုတ်ဘူး။ (အရိုး) ကြေမွသွားတယ်ဆိုရင်တော့ ဖြတ်ရမှာပေါ့။ ပြန်ဆက်လို့မရလို့ ကြေသွားလို့ပေါ့” ဟု ၎င်းက ပြောသည်။

နယ်မှ ပေးပို့လာသည့် သက်သေခံပစ္စည်းကို ဖွင့်ဖောက်စစ်ဆေးစဉ် ယမန်နေ့ ညနေ ၄နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက Myanmar Now ကို အတည်ပြုထားသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ CID ရုံးမှာ ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်တွင် တည်ရှိပြီး အဆိုပါရုံးနှင့် မနီးမဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးတို့လည်း ရှိသည်။

CID ရဲတပ်ဖွဲ့ဆိုသည်မှာ အမှုများတွင် စွဲချက်တင်ရန် သက်သေခံပစ္စည်းများကို ကြိုတင်၍ စနစ်တကျစစ်ဆေးရန် ဖွဲ့စည်းထားသည့် မှုခင်းရဲတပ်ဖွဲ့ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ယမန်နေ့ နေ့လယ်ပိုင်းကလည်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်အတွင်း ရပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပိုင် ဝန်ထမ်းကြိုပို့ယာဉ်တစ်စီး ဗုံးဖောက်ခံခဲ့ရသေးသည်။

စစ်ခေါင်းဆောင်များအခြေစိုက်ရာ နေပြည်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) လက်အောက်ရှိ ပစ္စည်းဝယ်ယူရေးညွှန်မှူးရုံးတွင်လည်း စက်တင်ဘာ ၃၀ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စီးနှင့် အဆောက်အအုံအစိတ်အပိုင်းတချို့ ပျက်စီးခဲ့သည်။

အဆိုပါပေါက်ကွဲမှုကို အမည်မဖော်လိုသော အင်အားစုတစ်ရပ်နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နေပြည်တော်၌ စစ်ကောင်စီကို ပစ်မှတ်ထားသည့် အကြီးစားတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က ထုတ်ပြန်ခဲ့သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s