အိန္ဒိယ BEL ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်များ ဆက်လက်ရောင်းချ

အိန္ဒိယအစိုးရက ရှယ်ယာအများစုပိုင်ဆိုင်ထားသည့် Bharat Electronics Ltd (BEL) ကုမ္ပဏီသည် မြန်မာပြည်တွင်းရှိ စစ်တပ်အကျိုးဆောင် Mega Hill General Trading ကုမ္ပဏီမှတဆင့် စစ်လက်နက်ပစ္စည်းများ ဆက်လက် ရောင်းချနေကြောင်း Justice For Myanmar က ဖော်ထုတ်ရေးသားလိုက်သည်။

အဆိုပါ ကုမ္ပဏီများသည် RCWS ခေါ် အဝေးထိန်းစနစ်ဖြင့် ပစ်ခတ်နိုင်သော စစ်လက်နက်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း တင်ပို့ရောင်းချခဲ့ကာ စက်လည်ပတ်မှုစနစ်၊ သေနတ်တပ်ဆင်မှု၊ အာရုံခံစနစ်၊ အဝေးထိန်းစနစ်နှင့် စက်မောင်းနှင်မှုစနစ်များ ပါဝင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးသတင်းအချက်အလက်ဆိုင်ရာကုမ္ပဏီ Panjiva ကို ကိုးကား၍ JFM ၏ ယမန်နေ့ (အောက်တိုဘာ ၅) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုစစ်လက်နက်ပစ္စည်းများသည် ရက်စက်ကြမ်းကြုတ်သော​ ရာဇဝတ်မှုများကျူးလွန်နေသည့်​ စစ်တပ်ကို အားပေးရာရောက်ကြောင်း သိရှိပါလျက် ရောင်းချခြင်းဖြစ်သည်ဟု  မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသေည့် JFM အဖွဲ့က ဆိုသည်။ 

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် စစ်တပ်က အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းများ ရပ်တန့်စေရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်နက်ရောင်းချမှုပိတ်ပင်ရေး အရေးတကြီးလုပ်ဆောင်ရန် လိုအပ်နေသည်ဟုလည်း ဆိုသည်။ 

တင့်ကားများတွင်အသုံးသည့် ၁၂ ဒသမ ၇ မီလီမီတာ စက်သေနတ်များတပ်ဆင်ရန် RCWS အဝေးထိန်းစနစ်ကို အိန္ဒိယကုမ္ပဏီက ၂၀၁၇ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး ထိုစနစ်မှာ မြန်နှုန်းမြင့်သင်္ဘောများတွင်လည်း တပ်ဆင်နိုင်ကြောင်း BEL ၏ သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ 

ထို့ပြင် အာရုံခံကိရိယာ၊ အပူလှိုင်းပုံရိပ်ဖမ်းစက်၊ ကင်မရာနှင့် လေဆာစနစ်ဖြင့် အကွာအဝေးတိုင်းတာစက်များ တပ်ဆင်နိုင်ပြီး လေကြောင်းရန်ကာကွယ်ရေးနည်းပညာများလည်း အသုံးပြုနိုင်သည်ဟု ဆိုသည်။ 

အိန္ဒိယ BEL ကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် ကမ်းရိုးတမ်းစောင့်ကြည့်ရေး ရေဒါနည်းပညာနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့ရောင်းချပြီးနောက် အမေရိကန်ဒေါ်လာ ၆ သိန်းကျော် တန်ဖိုးရှိ RCWS လက်နက်စနစ်ကို တင်ပို့ခဲ့ခြင်းဖြစ်သောကြောင့်  အနာဂတ်တွင် ဝယ်ယူမှုတိုးမြင့်နိုင်သည်ဟုလည်း JFM က ခန့်မှန်းသည်။

“BEL လုပ်ဖော်ကိုင်ဖက်ကုမ္ပဏီတွေ၊ သူတို့အစိုးရတွေနဲ့ ရှယ်ယာပိုင်ရှင်တွေက အခုချိန်မှာ ရှေ့ထွက်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာ ကင်းရှင်းကြောင်း ပြသတဲ့အနေနဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဇွန်လအတွင်း ပြောဆိုခဲ့သည်။ 

ထိုစစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်းနှင့် ပတ်သက်၍ စစ်တပ်၏ အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Mega Hill General Trading က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) လက်အောက်ရှိ ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးသို့ ပေးပို့သည့် စာရွယ်စာတမ်းအထောက်အ ထားများကိုလည်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Mega Hill General Trading ကုမ္ပဏီပိုင်ရှင်မှာ ဦးမိုးကျော်ဝေနှင့် ဒေါ်အိအိဆန်းလှဆိုသူ ဇနီးမောင်နှံဖြစ်ပြီး စင်ကာပူ၌လည်း Mega Hill (Singapore) Pte. Ltd အမည်ဖြင့် ကုမ္ပဏီတစ်ခုရှိကြောင်း၊ ထိုကုမ္ပဏီနှစ်ခုရှိ ဒါရိုက်တာနှင့် ရှယ်ယာရှင်များမှာ ကွဲပြားကြောင်း သိရသည်။ 

အဆိုပါ Mega Hill General Trading ကုမ္ပဏီသည် Reliance Products ဆိုသည့် ကုမ္ပဏီနှင့် အဆက်အစပ်ရှိပြီး မြန်မာရေတပ်အတွက် ဟိုက်ဒရောလစ်ကရိန်းနှင့် ကာကွယ်ရေးဆိုင်ရာ နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ ဝယ်ယူရန် စီစဉ်ပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနထံမှ ပေါက်ကြားလာသည့် မှတ်တမ်းတွင် တွေ့ရသည်ဟု JFM က ဆိုသည်။ 

ဦးမောင်ရွှေတင့်ဆိုသူ ပိုင်ဆိုင်သည့် Reliance Products ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Reliance Global ကုမ္ပဏီလီမိတက်အမည်ဖြင့် ကုမ္ပ ဏီခွဲတစ်ခုရှိကာ ပို့ကုန်သွင်းကုန် အကောက်အခွန်ရှင်းလင်းရေး၊ သိုလှောင်ရုံနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများလုပ်ကိုင်ကြောင်း JFM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုရပ်ဆိုင်းရန်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် Mega Hill General Trading နှင့် ဆက်စပ်သည့် ကွန်ရက်ကို ပစ်မှတ်ထားအရေးယူရန်လည်း JFM အဖွဲ့က တောင်းဆိုထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s