စစ်ကြောရေးတွင် အဖမ်းခံရသည့် ကိုအောင်အောင် ၂ ရက်အကြာတွင် သေဆုံး၊ စစ်ကောင် စီတပ်က ရေနစ်သေသည်ဟု သတင်းလွှင့်ကာ ဆေးရုံသို့ အလောင်းအပ်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ ၆ရက် ညပိုင်းက စစ်ကြောရေးတွင် နှစ်ရက်ကြာအဖမ်းခံရပြီး သေဆုံးသွားသည့် ကိုအောင်အောင်ကျော်(ခ) ကိုအောင်အောင်၏ ရုပ်အလောင်းကို စစ်ကောင်စီက လှည်းကူးမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ရေနစ်သေသည်ဟု သတင်းအမှားလွှင့်ကာ လာအပ်ကြောင်း လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ သတင်းအမှန်ပြန်ကြားရေးဌာနက ယနေ့ အောက်တို ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ကိုအောင်အောင်နှင့် နီးစပ်သူများကမူ ကားတိုက်ခံရသည်ဟုဆိုကာ အလောင်းလာအပ်သွားခြင်းဖြစ်ဟု ဆိုကာ အဆိုပါ ရုပ်အလောင်းသည် ကိုအောင်အောင်၏ ရုပ်အလောင်း ဖြစ်ကြောင်း မဇ္ဈိမကို အတည်ပြုသည်။ “သူ့ကို စစ်ကြောရေးမှာ အစကတည်းက တော်တော် နှိပ်စက်တယ်လို့ပြောတယ်။ အမှန်က ရှင်းရှင်းလေးတွေးရင် အဖြေပေါ်တယ် ။ ကားတိုက်တိုက်၊ ဆိုင်ကယ်တိုက်တိုက် နောက်ဆုံး ဒလန်သေရင် တောင် အလောင်းကို ပရဟိတအသင်း ဒါမှမဟုတ် ဆေးရုံကပဲလာကောက်တာလေ၊ အခု စစ်တပ်က ကိုယ်တိုင်လာပို့တယ်ဆိုကတည်းက ရှင်းနေတာပဲ” ဟု ကိုအောင်အောင်နှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ပြောပြသည်။

သေဆုံးရသည့် အကြောင်းအရာမှာ ကွဲလွဲနေသော်လည်း ၎င်း၏ ရုပ်အလောင်းကို စစ်တပ်က ဆေးရုံသို့ ယမန်နေ့က လာရောက်ပို့ဆောင် သည်မှာ ဟုတ်မှန်ကြောင်း ၎င်း၏ ရုပ်အလောင်းကို ဆေးရုံသို့လာအပ်စဉ် မြင်တွေ့လိုက်ရသူက ဆိုသည်။ လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ကိုအောင်အောင်သည် စစ်ကြောရေးတွင် မျက်နှာအားအကြိမ်ကြိမ် ထိုးခြင်း၊ ရိုက်နှက်ခြင်း၊ ခြေသလုံးအား သံတုတ်ဖြင့် ဖိကြိတ်ခြင်း၊ သွားများအား ဆွဲနှုတ်ခြင်းများကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီး ၎င်းနှင့် မသက်ဆိုင်သည့် မေးခွန်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေးမြန်းရာတွင် မဖြေကြားနိုင်ခဲ့သဖြင့် အောက်တိုဘာ ၆ ရက် ညတွင် ဦးခေါင်းအား သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဖော်ပြထားသည်။

ကိုအောင်အောင်သည် အောက်တိုဘာ ၄ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကိုခံခဲ့ရသူတစ်ဦးဖြစ်ပြီး လှည်းကူးမြို့နယ် အားကစားကွင်းတွင် တည်ဆောက်ထားသည့် ဒေသအခေါ် စစ်ကြောရေးဟု အမည်တွင်သည့် နေရာတွင် ညှဉ်းပန်းနှိပ်စက်ခံထားရကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

မဇ္ဈိမ၏ သီးခြားစုံစမ်းချက်များအရ ကိုအောင်အောင်ကျော်၏ ရုပ်အလောင်းတွင် ဦးခေါင်းခွံကွဲနေခြင်း၊ ခြေဆစ်လက်ဆစ်များတွင် အညိုအမဲစွဲနေခြင်းနှင့် အတွင်းအပြင် ဒဏ်ရာများရှိနေကြောင်း သိရသည်။ ကိုအောင်အောင်သည် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် Mark II ကားအနီရောင် မောင်းနှင်ရာမှ အမြင်ကတ်ပုဒ်မဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုအောင်အောင်သည် အစ္စလာမ်ဘာသာဝင် ဖြစ်သည့်အတွက် ဘာသာရေးအသင်းအဖွဲ့တစ်ခု ဖြစ်သည့် မွတ်စလင်လူမှုကူညီရေးအသင်းတစ်ခုက ဆေးရုံတွင် ၎င်း၏ ရုပ်အလောင်း သွားရောက်ထုတ်ယူရန် ကြိုးစားခဲ့ရာ ခွင့်ပြုချက်မရရှိကြောင်း၊ သေဆုံးသွားသူမှာ အစ္စလာမ်ဘာသာဝင်များ၏ သေဆုံးသူဓလေ့ထုံးတမ်းအရ ဆောင်ရွက်ခွင့်မရဘဲ စစ်ကောင်စီတပ်သားများက မီးသင်္ဂြိုဟ် ရန်သာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၎င်း၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာ ၇ရက်‌ နေ့လည်ပိုင်းတွင် လူမှုကူညီရေးအသင်းက မီးသင်္ဂြိုဟ် ရန် ပို့ဆောင်ပေးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြောင်း ကိုအောင်အောင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။ လှည်းကူးမြို့နယ်၊ရိပ် သာရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်သူ ကိုအောင်အောင်ကျော်သည် ကွယ်လွန်ချိန်တွင် အသက် ၂၁နှစ်ရှိပြီဖြစ်ပြီး ဒေသပရဟိတအသင်းများတွင်လည်း စေတနာ့ဝန်ထမ်းအဖြစ် တက်ကြွစွာကူညီလုပ်ဆောင်ပေးနေသူ တစ်ဦးဟုလည်း မြို့ခံများဆီမှ သိရသည်။

စစ်တပ်ကအာဏာသိမ်းထားသည့် ရှစ်လတာကာလအတွင်း ပြည်သူစုစုပေါင်း ၁,၁၅၈ ဦး ကျဆုံးခဲ့ပြီဖြစ်ပြီး ၈,၇၇၀ဦး ဖမ်းဆီးခံခဲ့ရကာ ၇,၁၀၄ဦး ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်ဟု AAPP မှတ်တမ်းများတွင် ဖော်ပြထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s