မြန်မာ့ရေတပ်ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်မပေးဖို့ ယူကရိန်းအာဏာပိုင်တွေထံ တောင်းဆို

မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ရေတပ်ကိုယ်စားလှယ်တွေ ယူကရိန်းသွားဖို့ကြိုးစားနေတဲ့အပေါ် ယူကရိန်းအာဏာပိုင်တွေအနေနဲ့ ပြည်ဝင်ခွင့်မပေးဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြန်မာရေတပ်ကိုယ်စာလှယ် ၁၈ဦးအနေနဲ့ ယူကရိန်းကိုသွားရောက်ရာမှာ ယူကရိန်းနိုင်ငံ ကီယက်လေဆိပ်ကနေ ပြန်လှည့်ခဲ့ရပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ယူကရိန်းပြည်ဝင်ခွင့်ဗီဇာ ရရှိရေးအတွက် စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
သူတို့ဟာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ရေတပ်ဖရီးဂိတ်စစ်သင်္ဘောတည်ဆောက်ရေး စီမံကိန်းအတွက် ယူကရိန်းကိုသွားရောက်ခဲ့တဲ့ ကိုယ်စာလှယ်အဖွဲ့မှာ ပါဝင်သူတွေဖြစ်ပြီး သူတို့ကို ပြည်ဝင်ခွင့်မပေးဖို့ JFM ကတောင်းဆိုတာလည်း ဖြစ်ပါတယ်။
အဆိုပါ ဖရီးဂိတ်စစ်သင်္ဘော တည်ဆောက်ရေးစီမံကိန်းမှာ ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် ကုမ္ပဏီများဖြစ်ကြတဲ့ Ukroboronservice နှင့် Zorya-Mashproyekt တို့ ပါဝင်နေပါတယ်။
ယင်းယူကရိန်းကုမ္ပဏီတွေအနေနဲ့ ဖရီးဂိတ်စစ်သင်္ဘောရဲ့ တွန်းကန်အားစနစ်ဒီဇိုင်းကို တည်ဆောက်ပေးနေတာဖြစ်ပြီး သင်္ဘောရဲ့ အဓိကတာဘိုင်စက်ကြီးတွေနဲ့ အရှိန်လျော့ချဂီယာတွေကိုလည်း ပေးသွင်းထောက်ပံ့နေတယ်ဆို လို့ဆိုပါတယ်။အာဏာသိမ်းမြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကြောင့် ယူကရန်းနိုင်ငံအနေနဲ့ နိုင်ငံတကာတရားဥပဒေတွေကို လေးစားလိုက်နာသင့်ပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေမှုတွေကို အဆုံးသတ်သင့်တယ်လို့ Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။ khit thit