သရက်ချောင်း စော်ဖျားရွာတွင် လက်နက်ကိုင်ထားသည့် ပျူစောထီးအဖွဲ့များက ဒေသခံပြည်သူ ကိုနီပွန်းကို ဖမ်းမမိသောကြောင့် မိန်းမဖြစ်သူနှင့် အသက်မပြည့်သေးသော ၂နှစ်အရွယ်၊ ၆နှစ်အရွယ် ကလေးငယ်များကိုပါ ဖမ်းဆီးသွား


ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး ခေါင်းဆောင် ဦးအောင်စိန်နှင့် ဦးမောင်ရီတို့က ယနေ့ အောက်တိုဘာလ ၉ရက်နေ့ နံနက်(၈)နာရီခန့်တွင် ရွာအတွင်းရှိ နေအိမ်များအား လိုက်လံစစ်ဆေးပြီး ဒေသခံပြည်သူ ကိုနီပွန်းကို ဖမ်းမမိသောကြောင့် မိန်းမဖြစ်သူ မအေးမီဝိုင်း၊ ၂နှစ်အရွယ်ကလေးငယ် မောင်ကောင်းမင်းသန့်နှင့် ၆နှစ်အရွယ်ကလေးငယ် မအိမြတ်မွန်တို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။
” အဖမ်းဆီးခံရတာက မအေးမီဝိုင်းနဲ့ သူ့ကလေး ၂ယောက် ကိုနီပွန်းကို မဖမ်းမိလို့ မိန်းမနဲ့ ကလေးကို ဓားစားခံအဖြစ် ဖမ်းဆီသွားတာလို့ကြားတယ်။ ကိုနီပွန်းကို ဘာကြောင့် အသည်းသန်းရှာနေလဲဆိုတာတော့ မရှိဘူး။ ကျေးရွာထဲမှာ အိမ်တိုင်းကဖုန်းတွေကို သိမ်းဆီးပြီး လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပက်သတ်သူတွေ သတင်းပေးသူတွေကို လိုက်လံရှာဖွေနေတယ်”ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။
အဆိုပါ ပျူစောထီး ခေါင်းဆောင် ဦးအောင်စိန်နှင့် ဦးမောင်ရီတို့သည် ကျေးရွာအတွင်း နေထိုင်လျက်ရှိသော ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ ဓားစားခံအဖြစ်ဖမ်းဆီးခြင်းများ ပြုလုပ်နေကာ အဆိုပါ ဖမ်းဆီးခံရသူများကို စော်ဖျားစာသင်ကျောင်းတွင် ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျေးရွာအနီးအနားရှိ တောတောင်များ၌ တောနင်းရှာဖွေခြင်းများပြုလုပ်နေပြီး ပျူစောထီးအဖွဲ့က ကြက်ဥတောင်ကို အင်အားပြည့်လက်နက်အပြည့်အဖြစ် PDFအဖွဲ့အား ဝင်ရှာဖို့ ပြင်ဆင်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။khit thit