ထန်တလန်မြို့တွင်း ရိက္ခာလာပို့သည့် အရပ် သားတစ်ဦး ပစ်ခတ်ခံရ

ချင်းပြည်နယ်မြောက်ပိုင်း၊ မြို့လုံးကျွတ်စစ်ရှောင်နေရသည့် ထန်တလန်မြို့တွင် စိတ်ကျန်းမာရေးမကောင်းသည့် နှမဖြစ်သူထံ စားနပ်ရိက္ခာပို့ဆောင်သူ အမျိုးသားတစ်ဦးကို စစ်သားများက ပစ်ခတ်ခဲ့သည့်အတွက် လက်မောင်းတွင် ဒဏ်ရာရသွားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ယမန်နေ့ (အောက်တိုဘာ ၆) တွင် သတင်းထုတ်ပြန်သည်။

နံနက် ၁၁ နာရီခွဲခန့်တွင် အသက် ၂၅ နှစ်အရွယ် ထိုအမျိုးသားမှာ ပစ်ခတ်ခံရပြီး ဒဏ်ရာရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အရင်မီးလောင်တဲ့ နေရာအဟောင်းတွေမှာ သူ့ညီမအိမ်ရှိတယ်။ အဲဒီမှာလာတာ ဆိုင်ကယ်နဲ့၊ စခန်းကနေ လှမ်းပစ်တာ ထိသွားတယ်။ သူ(စိတ်ကျန်းမာရေးမကောင်းသူ)က (စစ်ရှောင်ဖို့) ခေါ်လို့မရဘူး။ ခေါ်လို့ မရတဲ့အတွက်ကြောင့် နည်းနည်းပါးပါး အစားအသောက်တွေ လာပို့တာပေါ့နော်” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရသူ အမျိုးသားမှာ နယ်စပ်ရွာတစ်ရွာသို့ ကားကြုံဖြင့် လိုက်ပါသွားပြီး ဆေးကုသမှု ခံယူနေရသည်ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

ယမန်နေ့ကလည်း မြို့တွင်းသို့ ဝင်ရောက်ပြီး အသုံးအဆောင်များ လာရောက်ယူဆောင်သည့် မြို့ခံတချို့လည်း စစ်တပ်က ပစ်ခတ်သည့်အတွက် ထွက်ပြေးကြရသည်ဟု CHRO ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထန်တလန်မှ အရပ်သားများ ပစ်သတ်ခံရမှု၊ နေအိမ်များ မီးလောင်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ယူထားသူတို့ကို သတင်းသမားများက ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်း မရှိကြပေ။

စက်တင်ဘာ ၂၉ ၌ ထန်တလန်မြို့အရေးနှင့် ပတ်သက်ပြီး ဟားခါးမြို့ဘာသာရေးခေါင်းဆောင်များဖြင့် သွားရောက်ဆွေးနွေးပြီး ပြန်လာသော မြို့မိမြို့ဖများ စီးနင်းလာသည့် ကားမှာ ထန်တလန်မြို့အဝင်တွင် စစ်တပ်က ပစ်ခတ်ခဲ့၍ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်။

ထန်တလန်မြို့မိမြို့ဖများဖြစ်သော အသက် ၇၀ အရွယ် ဦးရာရ်သူနှင့် အသက် ၆၀ အရွယ် ဦးဟာရ်ကျုံး တို့ သေဆုံးခဲ့ရပြီး အခြားသူနှစ်ဦးမှာ ကျောကုန်းနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရခဲ့သည်။

လတ်တလော ထန်တလန်မြို့ထဲတွင် နေထိုင်သူ ၅ ဦးခန့်သာ ကျန်ရှိနိုင်သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းပြီး တိုက်ပွဲများကြောင့် ဒေသခံများ တိမ်းရှောင်ရသည့် အခြေအနေကို စိတ်မကောင်းကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာ ၂၇ တွင် မြို့ပေါ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို CDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ထန်တလန်မြို့တွင် တိုက်ပွဲများငြိမ်သက်နေသည်ဟု CDF တာဝန်ရှိသူက ဆိုသည်။

“သူတို့လည်း မလှုပ်ရှားဘူး၊ ကျွန်တော်တို့လည်း လောလောဆယ်တော့ စောင့်ကြည့်နေတဲ့အနေအထား” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ က ထန်တလန်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် မြို့ပေါ်ရှိ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရသည်။

တိုက်ပွဲဖြစ်သည့် စက်တင်ဘာ ၁၈ တွင် စစ်တပ်၏ လက်ချက်ကြောင့် နေအိမ် ၁၉ လုံး မီးလောင်ခဲ့သလို မီးငြှိမ်းသတ်ရန်သွားသည့် သင်းအုပ်ဆရာတစ်ဦးကို စစ်တပ်က ပစ်သတ်ကာ လက်စွပ်ဝတ်ထားသော ဘယ်လက်သူကြွယ်ကို ဖြတ်တောက်သွားသည်ဟု ဒေသခံအချို့က အတည်ပြုထားသည်။ 

ထိုဖြစ်ရပ်ကို နိုင်ငံတကာသတင်းဌာနများကပါ တင်ဆက်လာရာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းသည် မြို့တွင်းတိုက်ပွဲကြောင့် မီးလောင်သွားသည့် နေရာသို့ သွားရောက်စဉ် ကျည်ထိခဲ့သည်ဟု ဆိုသည်။ 

“ဒီကျည်ထိမှန်သေဆုံးခြင်းနှင့် ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၁ တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ တွင် စစ်ကောင်စီ၏ ဝါဒဖြန့်ဆောင်းပါးတစ်ပုဒ်တွင် ထိုထုတ်ပြန်ချက်ကို အကျယ်ချဲ့ဖော်ပြထားပြီး သင်းအုပ်ဆရာ၏ နာရီနှင့် လက်စွပ် ချွတ်ယူသူတို့မှာ PDF များဖြစ်သည်ဟု ရေးသားထားပြန်သည်။

စက်တင်ဘာ ၁၈ တိုက်ပွဲကြောင့် မြို့ခံ ထောင်ပေါင်းများစွာသည် မြို့ကို စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာများနှင့် အိန္ဒိယ-မြန်မာနယ်စပ်တစ် လျှောက် ရှိ ကျေးရွာများတွင် ခိုလှုံနေရပြီး စစ်ရှောင်အချို့ကမူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း တိမ်းရှောင်သွားကြသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s