မတူပီနှင့် မင်းတပ်မြို့နယ်တို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ယမန်နေ့ အောက်တိုဘာလ ၈ရက် ညဦးပိုင်းမှစတင်ပြီး ပြတ်တောက်နေသည်ဟု သိရသည်။
မတူပီမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက Mytel ဝိုင်ဖိုင်ဖြင့် အင်တာနက် အသုံးပြုနိုင်ပြီးနောက်ပိုင်း အင်တာနက်လိုင်းများအားလုံး ပြတ်တောက်နေခြင်းဖြစ်ပြီး မင်းတပ်မြို့နယ်တွင် အင်တာနက်လိုင်း 2Gကိုသာ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အဆိုပါဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခြင်းသည် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့ကို စစ်ကောင်စီတပ်များမှ အောက်တိုဘာလ ၉ရက်နေ့ မှစတင်ပြီး နှစ်ပတ်အတွင်းချေမှုန်းမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယမန်နေ့ညပိုင်းမှ စတင်ပြီး ဖုန်းလိုင်းများပြတ်တောက်ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ မတူပီကို ဖုန်းတောက်ေလျှာက်ခေါ်နေတာ မရဘူးဖြစ်နေတယ်။ အရင်က တယ်လီနော်မရဘူး ။ကျန်တာဖုန်းလိုင်း အားလုံး ရတယ်။ အခုတော့ ဖုန်းလိုင်းအားလုံးခေါ်မရတော့ စိတ်ပူနေပြီ။ ကလေး၊ ဂန့်ဂေါ်ဘက်ကနေပြီးတော့လည်း တင့်ကားတွေ စစ်ကားတွေ ချင်းဘက်ကိုတက်လာတဲ့ ပုံတွေတွေ့တော့ ပိုစိတ်ပူတာပေါ့” ဟု ပခုက္ကူတွင် ပစ္စည်းလာဝယ်သည့် မတူပီဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းမှ စတင်ပြီး မတူပီမြို့ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်များက အင်အားတိုးချဲ့ထားရှိပြီး မတူပီအခြေစိုက် ဗျုဟာကုန်းတွင်လည်း လက်နက်ကြီးများ တပ်ဆင်ထားရှိသည်ဟုလည်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။mizzima