Monthly Archives: Oct 2021

နိုဝင်ဘာလအတွင်း စာသင်ကျောင်းများ ပြန် ဖွင့်ရန် စစ်ကောင်စီညွှန်ကြား

ဧရာဝတီတိုင်းအတွင်းရှိ စာသင်ကျောင်းများကို နိုဝင်ဘာလတွင် ပြန်ဖွင့်ရန် အောက်တိုဘာ ၅ ရက် ရက်စွဲဖြင့် အခြေခံပညာစာသင်ကျောင်းများအား စစ်ကောင်စီက ညွှန်ကြားထား‌ကြောင်း အခြေခံပညာ ပညာရေး ဝန်ထမ်းများထံက သိရသည်။

အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်အတွက် ‌‌ဧရာ၀တီတိုင်းဒေသကြီးအတွင်းက စာသင် ကျောင်းများထံ မြို့နယ်ပညာရေးမှူးရုံး မှတစ်ဆင့် ညွှန်ကြားထားခြင်းဖြစ်သည်။COVID -19 ကပ်ရောဂါကြောင့် စာသင်ကျောင်းများပိတ်ထားရပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ် တစ်နှစ်နောက်မကျစေရေးအတွက်ဆိုကာ အောက်တိုဘာလအကုန် နိုဝင်ဘာလဆန်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် စာသင်ခန်းများအား သန့်ရှင်းရေးလုပ်ဆောင်ရန်နှင့် ကြိုတင်ပြင်ဆင်ထားကြရန် စစ်အုပ်စုက ညွှန်ကြားထားခြင်းဖြစ်သည်။

“ရေကြည်မြို့က စာတော့တွေ့တယ် ။ တခြားမြို့တွေကလည်း မက်ဆင်ဂျာကနေ လာပြောကြတယ်။ ပြန်ဖွင့်ဖို့ ပြင်နေတာ သူတို့က၊ Non CDM သမားတွေကို ခိုင်းနေတာ၊ ပုံမှန်ပညာသင်နှစ်ဆိုရင်တောင် အခုလိုအချိန်မှာမှ ပြန်ဖွင့်ရင် ဘာမှလုပ်လို့မလွယ်ဘူး။ သင်ရိုးအကုန်သင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

သူတို့လက်ထက်မှာ ကျောင်းတွေပြန်ဖွင့်ပါတယ်။ အေးဆေးပါဆိုတာကို ပြချင်တာနဲ့ ခင်ညွန့်တုန်းကလို မအောင်မရှိ ငါ့တပည့်လုပ်ပြီး အတန်းတင်ပေးလိုက်ရင် ပညာရေးက သွားပြီ”ဟု CDM ကျောင်းဆရာတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အခြေခံကျောင်းများကို ပြန်ဖွင့်လိုသည့်အတွက် မြို့နယ်များတွင် ကျောင်းအပ်ထားသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို COVID -19 ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံရန် လိုက်လံကြေညာ‌နေ‌ကြောင်း ဒေသခံများထံမှ သိရသည်။mizzima

ရန်ကုန်၊ သု၀ဏ္ဏရဲစခန်းရှေ့၊ ဒလရဲစခန်းအနီး၊ ဒေါပုံအုပ်ချုပ်ရေးမှူးရုံး၊ သန်လျင်တရား ရုံး၊ သာကေတ စစ်ကောင်စီတပ်ချနေရာ အပါအ ဝင် နေရာအများအပြား တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့၊ ဒလမြို့နယ်၊ ဒေါပုံမြို့နယ်၊ သန်လျင်မြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ် အပါအဝင် နေရာအများအပြားတွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ဗုံးများပေါက်ကွဲလျက်ရှိကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်

====================

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းမပေါ်ရှိ သုဝဏ္ဏရဲစခန်းရှေ့တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်။

ကမာရွတ်မြို့နယ်

============

ကမာရွတ် ရွာမကျောင်းလမ်းရှိ တာယာဆိုင်အနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်က ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားသည်။

ဒလမြို့နယ်

==========

ရန်ကုန် ဒလမြို့နယ်ရဲစခန်းအနီးတွင် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်က လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲကြောင်း သိရှိရသည်။

သာကေတမြို့နယ်

================

သာကေတမြို့နယ် ၁၀၈တောင် ဘုရားမုဒ်ဦးရှေ့ စစ်ကောင်စီတပ်များ တပ်ချ စောင့်ကြည့်ရာနေရာအနီးတွင် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၄ ရပ်ကွက်၊ ရှုခင်းသာလမ်းမရှိ ရေတပ်စခန်းရှေ့တွင် BFRAF အဖွဲ့က ယနေ့ အော်ကတိုဘာလ ၁၀ ရက်တွင် ဗုံး ၂ ကြိမ်ဖောက်ခွဲပြီး မိုင်းရှင်းလင်းသည့် စစ်ကောင်စီ တပ်သား ၂ ဦး ၃ ဦးအပြင်းအထန် ဒဏ် ရာရသွားကြောင်း Burma Final Revolution Armed Forces က ထုတ်ပြန်ကြေညာသည်။

သာကေတ ရေတပ်စခန်းရှေ့အတွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးတွေ့ရှိသွားပြီး ရှင်းလင်းရန် လမ်းပိတ်ပြီး ဆောင်ရွက်နေချိန် BFRAF က ဖောက်ခွဲမှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး ဒဏ်ရာရရှိသွားပြီး လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။နံနက် ၈ နာရီ ၅၅ အချိန်တွင် စစ်ကောင်စီတပ်သား အများ အပြားထပ်ရောက်လာကြောင်း၊ ထောင်ထားသော မိုင်းအား တွေ့ရှိပြီး စစ်ကောင်စီမှ မိုင်းရှင်းလင်းရေး ဝတ်စုံဖြင့် တပ်သား ၂ ဦးမှ ရှင်းလင်းရေးလုပ်ရန် မိုင်း နားတွင် ထိုင်လိုက်စဉ် BFRAF မှ ထပ်မံဖောက်ခွဲပြီး အ ဆိုပါ မိုင်းရှင်းလင်းနေသည့် တပ်သား ၂ ဦး အပြင်း အထန် ဒဏ်ရာရပြီး လူနာတင်ယာဉ် ၂ စီးဖြင့် လာရောက်တင်ဆောင်သွားကြောင်း BFRAF မှ ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေါပုံမြို့နယ်

======================

ဒေါပုံ ၊ နွယ်အေးရပ်ကွက် ၊အုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲရှိနေချိန် ဗုံးပေါက်ကွဲမှု ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းဖြစ်ပွားသည်။

ဗဟန်းမြို့နယ်

===========

ဗဟန်းမြို့နယ် ရှိ ဓမ္မာစေတီလမ်း နှုင့် အင်းယားလမ်း ဆုံရာထိပ် ရှိ မော်တော်ပီကယ်ရုံး တွင် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဗုံး ၁ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားသည်။

သန်လျင်မြို့နယ်

=============

ယနေ့နံနက် ၁၀ နာရီ ခန့်က သန်လျင်မြို့နယ် မြို့နယ်တရားရုံး နှင့် စည်ပင်သာယာ ရုံး အနီးတို့တွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦးထိခိုက်ဒဏ်ရာရရှိသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း

=============================

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်၍ ၁၅ မိနစ်ခြားပြီး မြောက် ဒဂုံဗထူးအိမ်ရာအနီးတွင် ဗုံး နှစ်ကြိမ် ပေါက်ကွဲသည်။

ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ သတိပြုရန် NSTF က သတိပေး

===============================================================

အောက်တို့ဘာ ၁၀ ရက်နေ့ ရန်ကုန်မြို့ နေရာအနှံ့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားအထူးစစ်ဆင်ရေးအဖွဲ့ (NST F) က သတိပေးစာထုတ် ပြန်သည်။ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ မလိုအပ်ဘဲအပြင်မသွားလာကြရန်၊ မဖြစ်မနေသွားလာကြပါက အထူးသတိထား သွားလာကြပါရန် သတိပေးထားသည်။khit thit

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းအခြေအနေကို မီဒီယာများအား သတင်း မထုတ်ပြန်ရန် ဖိအားပေးခံရခြင်း မျိုးမရှိကြောင်း ရှေ့နေဦးကြည်ဝင်းပြော

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှုများနှင့်ပတ်သက်၍ သူမ၏ ကျန်းမာရေးအခြေအနေအပါ အဝင် ရုံးချိန်း အခြေအနေများကို မီဒီယာများအား သတင်းမထုတ်ပြန်ရန် ဖိအားပေး ပိတ်ပင် ထားခံရခြင်း မရှိကြောင်း ရှေ့နေအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

အသက် ၇၆ နှစ်အရွှယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှု ၁၁ မှုဖြင့်တရား ရင်ဆိုင်နေရကာ ယင်းအမှုများ၏ ရုံးချိန်းအခြေ အနေများကို ပုံမှန် သတင်းထုတ်ပြန် ဖြေကြားပေးနေသော သူမ၏ ရှေ့နေ အဖွဲ့ဝင် ဦးခင်မောင်ဇော်၏ ကျန်းမာရေးအခြေအနေအရ သတင်းမထုတ်ပြန်နိုင်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်း အခြေအနေများအား ရှေ့နေအဖွဲ့က သတင်းထုတ်ပြန်ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပေ။“ ကျွန်တော်တို့ရှေ့နေအဖွဲ့မှာက ခေါင်းဆောင်ဆိုတာမျိုးမရှိဘူး။ အားလုံးစုစု စည်းစည်းနဲ့ဆောင်ရွက် နေကြတာမျိုးပါ။ အခုက သတင်းမထုတ်ပြန်တော့ဘူး ဆိုတာ ဘာမှ ဖြစ်တဲ့ ဟာမဟုတ်ဘူး။ ဦးခင်မောင်ဇော်ရဲ့ ကျန်းမာရေးအခြေ အနေကြောင့်လို့ သိရပါတယ်။

သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုမှု မလုပ်ဖို့ ဖိအားပေးခံရတာမျိုးတော့ မရှိပါဘူး။” ဟု ရှေ့နေအဖွဲ့ဝင် ဦးကြည်ဝင်း က ရှင်းပြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းစဉ် ဖေဖော်ဝါရီလမှစတင်၍ အွန်လိုင်းစနစ်အပြင် လူတွေ့ရုံး ထုတ်ခြင်းများဖြင့် ရုံးထုတ်စစ်ဆေးခဲ့ရာ အောက်တိုဘာ ၇ ရက်ရုံးချိန်း မတိုင်မီအထိ ရှေ့နေများဘက်က ပုံမှန် သတင်း ထုတ်ပြန်ဖြေကြားပေးခဲ့သည်။mizzima

ရွှေကျင်မြို့နယ်က ကျေးရွာများ၌ စစ်ကောင်စီက ပြည်သူ့စစ်အင်အား အဓမ္မစု​ဆောင်း

ပဲခူးတိုင် ရွှေကျင်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံတပ်​တွေက ​ပြည်သူ့ စစ်အင်အားကို အဓမ္မလိုက်လံစုဆောင်းတောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအုပ်စု တအုပ်စုကို ပြည်သူ့စစ်အင်အား ၃၀ လိုက်လံစု​ဆောင်း​နေပြီ ပြည်သူ့စစ်အင်အား မပေးနိုင်ပါက လူငှားထည့်ဖို့ ငွေးကြေး​ပေးရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကွင်းဆိပ်ကျေးရွာ၊ ဒုံဇရစ်ကျေးရွာ၊ အနောက်ဘက်ကျေးရွာ၊ တံခွန်တိုင် ကျေးရွာနဲ့ ဝင်းခနိမ်ကျေးရွာ အပါအဝင် ကျေး ရွာအုပ်စုတော်တော်များများမှာ လိုက်လံ စုဆောင်းနေတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးကပ်တဲ့ ရွာတွေမှာ တိတ်တဆိတ်စုဆောင်းတာတွေ လုပ်နေ​ပေမဲ့ ​မြို့နဲ့နီးကပ်တဲ့ ရွာ​တွေ၊ စစ်​ကောင် စီရဲ့တပ်ရင်းနဲ့ နီးကပ်တဲ့ရွာတွေမှာဆိုရင် အဓမ္မစုဆောင်း တောင်းခံတာ၊ ခြိမ်းခြောက်​ငွေ ​တောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သုံးကြိမ်တိုင်တိုင် ရွာကို ရောက်လာပြီး ခြိမ်း​ခြောက်ကာ ပြည်သူ့စစ်အင်အား မပေးနိုင်ပါက လူငှားထည့်ပေးဖို့ လူတစ်ဦးကို ငှားခ ၁ သိန်းခွဲတောင်းခံတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “တချို့ လူငယ်တွေ၊ လူလတ်ပိုင်းတွေက ရွာတွေမှာ မနေရဲလို့ တိမ်းရှောင်တာတွေ ရှိနေကြတယ်။ သူတို့ ပြည်သူ့စစ်အင်အားတောင်းလို့ ရှောင်တော့လည်း ဘယ်သွားနေလဲ၊ PDF ထဲ ဝင်သွားတာလား၊ ပြန်ခေါ်ပေးဆိုပြီး လုပ်ပြန်တယ်။ ရွာမှာ လူငယ်လူရွယ်မရှိတာနဲ့ PDF ထဲ ဝင်တယ်လို့ သူတို့က ထင်တယ်။ သူတို့ကြောင့် ရှောင်နေရတာကို မတွေးဘူး။”

စစ်ကောင်စီဘက်က အပစ်အခတ်ရပ်ဖို့  ၅ လ ကြေညာထားပေမဲ့ ရွှေကျင်မြို့နယ်နဲ့ ထိစက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီက တပ်အင်အားတိုးချဲ့တာ စစ်ဘက်သုံးလေယာဉ်တွေနဲ့ နေ့စဉ် ကင်းထောက်နေတာကြောင့် ဒေသခံပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။DVB

အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီစစ် ကြောင်းကို YDF က မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောထုလမ်းပိုင်းတွင် စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အောက်တိုဘာလ ၉ ရက် နံနက် ၅ နာရီခန့်တွင် YDF (ဆော-ကျောက်ထု) အဖွဲ့မှ မိုင်းခွဲခိုက်ပြီး စစ်ကောင်စီမှ ၂၀ ဦး ထက်မနည်း သေဆုံးကြောင်း YDF က သတင်းထုတ်ပြန်သည်။

YDF (ဆော-ကျောက်ထု) အဖွဲ့မှ မိုင်းအကြီး ၂ လုံး၊ ပဒေသာမိုင်း ၄၀ လုံးဖြင့် ဖောက်ခွဲကာ လက်နက်ကြီးဖြင့် ၇ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီမှ ၂၀ ကျော် သေဆုံးကာ အများအပြားဒဏ်ရာရသွားကြောင်း၊ တိုက်ပွဲသည် အောက်တိုဘာလ ၉ ရက် ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။khit thit

ရွှေလီနှင့်ဂျယ်ဂေါင်တွင် မြန်မာဆိုင်အပါအဝင် လိုင်စင်မဲ့ဆိုင်များကို ဆိုင်းဘုတ်ဖြုတ်ရန် ညွှန်ကြား

မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့နဲ့ ဂျယ်ဂေါင်မြို့တို့မှာ မြန်မာနဲ့ တရုတ် လိုင်စင်မဲ့ဆိုင်တွေကို ၃ ရက်အတွင်း ဆိုင်းဘုတ်ဖြုတ်ချဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

ရွှေလီမှာ နေထိုင်သူ ၁ ဦးက “ဆိုင်းဘုတ် ဖြုတ်ခိုင်းတာ။ ဒီဆိုင်က လိုင်စင် မတင်ထားဘူး။ တရားမဝင်ဘူးပေါ့။ ဖြုတ်ရမှာတဲ့။ ၃ ရက်အတွင်း ဖြုတ်ရမှာတဲ့။ မဖြုတ်ဘူးဆို ၃ ရက်နောက်ပိုင်း သူတို့ လာဖြုတ်မယ်တဲ့။ သူတို့ လာဖြုတ်ပြီးမှ တရားစွဲမှာတဲ့။ တရုတ်စာရော မြန်မာစာရော လိုင်စင်တင်ရတယ်။ သူက မလုပ်ထားရင် တရားမဝင်ဘူးလေ ဖြုတ်ရမှာ” လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်မှာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစ မြန်မာလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလိုင်စင်တွေကို သက်တမ်းမတိုးပေးတော့ဘဲ လုပ်ငန်းဆက်လုပ်မယ်ဆိုရင် တရုတ်လုပ်ငန်းရှင် ၁ ယောက်ယောက်ကို ရှယ်ယာကို ၅၀ ရာခိုင်နှုန်းပေး နာမည်ခံခိုင်းကာ အခွန်ဆောင်ရမှာဖြစ်ပြီး ယွမ်ငွေ ၅ သောင်း ငွေပေါင်တင်ရမယ်ဆိုတာကြောင့် ဘယ်သူမှ မတင်နိုင်လို့ မြန်မာဘက်က ဝိုင်းဝန်းတောင်းဆိုတဲ့အတွက် အဲဒီအစီအစဉ် နောက်ဆုတ်သွားတာလို့ ဆိုပါတယ်။

ကျယ်ဂေါင်မှာလည်း လုပ်ငန်းလိုင်စင်မရှိတဲ့ဆိုင်တွေကို ဆိုင်းဘုတ်တွေ ဖြုတ်ချရမယ်ဆိုပြီး ညွှန်ကြားထားတယ်လို့ မြန်မာလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ 

“ဆိုင်းဘုတ်တွေ တင်ပြီးတော့ ဈေးရောင်းခွင့်မပြုဘူး။ မြန်မာစာနဲ့ရေးလို့ ဖြုတ်ချခိုင်းတာ မဟုတ်ဘူး။” 

လက်ရှိ ကိုဗစ်ကာလ သွားလာမှု ကန့်သတ်ထားတာကြောင့် ကြိုတင် အကြောင်းမကြားဘဲ ၃ ရက်အတွင်း ဖြုတ်ခိုင်းနေတာတွေကြောင့် ပြီးစီးဖို့ မဖြစ်နိုင်ဘဲ အခက်အခဲတွေ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

ရွှေလီနဲ့ ဂျယ်ဂေါင်မြို့တို့မှာ မြန်မာ စားသောက်ကုန်၊ ဆေးဆိုင်၊ ခေါက်ဆွဲဆိုင်၊ စားသောက်ဆိုင်၊ ဖိနပ်ဆိုင်၊ အထည်ဆိုင်တွေ ရောင်းချတာတွေ ရှိတယ်လို့ ဆိုင်ရောင်းချသူတဦးက ပြောပါတယ်။ ကျောက်အရောင်းဆိုင်တွေကိုတော့ လူစုလူဝေးဖြစ်လို့ ပိတ်ခိုင်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်နယ်စပ်ဘက်က မြန်မာလုပ်ငန်းရှင်တွေရဲ့ ဘဏ်အကောင့်အချို့ ပိတ်သိမ်းခံရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မကြာသေးမီကလည်း တရားမဝင်အဆောက်အအုံတွေနဲ့ မြို့ပြစီမံကိန်းနဲ့ မညီတဲ့ အဆောက် အအုံတွေကို ပြန်လည်တည်ဆောက် သွားမှာဖြစ်တာကြောင့် ကျယ်ဂေါင်မှာနေထိုင်တဲ့ တရုတ်နိုင်ငံသားရော၊ မြန်မာနိုင်ငံသားပါ ရွှေ့ပြောင်းခိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။DVB

ချောင်းဆုံမြို့နယ်တွင် ဒလန်ဟု နာမည်ကြီးသူ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တော်ပကောက်ရွာတွင် ယမန်နေ့ (အောက်တိုဘာ ၉) ညပိုင်းက စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ထွက်နေသူတစ်ဦး ပစ်ခတ်ခံရကာ ဒဏ်ရာရရှိခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အသက် ၄၀ အရွယ် ဦးပါပြူးဆိုသူဖြစ်ပြီး ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် ခြံတံခါးဝ၌ ပစ်ခတ်ခံရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။“ဗုံးသံတစ်ချက်ကြားတယ်၊ သေနတ်သံတစ်ချက်ကြားတယ်။ ကြားပြီးတော့ မကြာဘူး အရေးပေါ်ကား ရောက်လာတာပေါ့။ ကျွန်တော်တို့ ကြားရသလောက်တော့ ယောက်ျားလုပ်သူ ထိသွားတယ်လို့ ပြောတယ်။ မိန်းမက ထိလားမထိလား သေချာမသိဘူး။ ညကတော့ ဆေးရုံခေါ်သွားကြတယ်” ဟု ၎င်းက ဆိုသည်။

ဦးပါပြူးသည် စစ်တပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူတစ်ဦးဖြစ်ကာ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်သူများအကြောင်း စစ်တပ်ထံ သတင်းပေးနေသဖြင့် ဒေသခံများက ဒလန်ဟု သတ်မှတ်ထားသည်ဟု အဆိုပါဒေသခံက ဆိုသော် လည်း သီးခြားအတည်ပြု နိုင်ခြင်း မရှိပေ။ “ဆန္ဒပြတဲ့အချိန်တုန်းက ဘယ်သူပါတယ် ဘယ်သူပါတယ်ဆိုပြီး အိမ်တွေ လက်ညှိုးလိုက်ထိုးပြီးတော့ လိုက်ပြတာလေ။

အဲဒီအချိန်ကတည်းက သူ့ကို မကျေနပ်နေတာ။ သူက အုပ်ချုပ်ရေးမှူးတော့ မဟုတ်ဘူး၊ ဒလန်အကြီးစား။ပြဿနာတစ်စုံတစ်ခုတက်ပြီဆိုရင် သူက ရောက်လာတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လကလည်း ရွာအတွင်းရှိ လဖက်ရည်ဆိုင်တွင် ဦးပါပြူးထိုင်နေစဉ် လက်ပစ်ဗုံးဖြင့် လုပ်ကြံခံရဖူးသော်လည်း ထိခိုက်ဒဏ်ရာမရခဲ့ဟု ဆိုသည်။

ဦးပါပြူး ပစ်ခတ်ခံရပြီးနောက် စစ်ကားတစ်စီးအပါအဝင် ပျူစောထီးဟု ယူဆရသည့် အရပ်ဝတ်လက်နက်ကိုင်များ ရောက်ရှိလာပြီး ရွာအ တွင်း လှည့်လည်ရှာဖွေခဲ့ကြောင်း၊ ရွာဘုန်းကြီးကျောင်းတွင် ဘောလုံးပွဲကြည့်နေသည့် လူငယ်ငါးဦးနှင့် ရွာအနောက်ပိုင်းက အမျိုးသားတစ်ဦး အဖမ်းခံရကြောင်း သိရသည်။myanmar now

ကျိုက်လတ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ ဗုံး ၂ လုံး ပေါက်ကွဲ၊ မအူပင်တွင် ပစ်ခတ်မှုဖြစ်

ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး မအူပင်မြို့မှာလည်း မနေ့ညက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်လတ်မြို့နယ် အမှတ် ၂ လမ်းမှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ မနက် ၈ နာရီကျော်လောက်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးတက်ချိန် မဟုတ်သေးတာကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

“ကျိုက်လတ် လျှပ်စစ်ရုံးက လူတွေက တအားဆိုးနေလို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာပါ။ အဲဒီကဝန်ထမ်းတွေကို ပြောချင်တာက နောက်တစ်ခါဆို ခုလို သတိပေးတော့မှာ မဟုတ်ဘူး။ ဒါ နောက်ဆုံးသတိပေးတာ” လို့ ကျိုက်လတ် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

လျှပ်စစ်ရုံးက ဝန်ထမ်းတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး လျှပ်စစ်မီတာခတွေကို အတင်းအဓမ္မ ကောက်ယူနေတာတွေကို ရပ်တန့်က ရပ်ဖို့အတွက် သတိပေးခဲ့တာလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အာဏာသိမ်းစစ်တပ်ဘက်က တပ်သားတွေ ရောက်လာပြီး လမ်းကို ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ မအူပင် – တွံတေး – ရန်ကုန် ကားလမ်းမပေါ်မှာ  အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်လောက်က သေနတ် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညပိုင်းက အပြန်လှန်ပစ်တဲ့ပုံစံမျိုး ကြားတာ၊ အချက်က ၃၀ ကျော်လောက်ရှိမယ်။ တံတားထိပ်နားကနေ တဖြည်းဖြည်း မြို့ထဲကို ဝင်လာတာ မိနစ် ၃၀ လောက်ကြာတော့ သေနတ်သံတွေ ရပ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မအူပင်မြို့အဝင် တံတားထိပ်မှာ ညပိုင်း ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်နဲ့ ဘယ်အဖွဲ့ ပစ်တယ်ဆိုတာ မသိရသေးသလို ထိခိုက်သေဆုံးတာ ရှိ၊ မရှိလည်း သေချာမသိရသေးပါဘူး။

မအူပင်မြို့မှာ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ အာဏာသိမ်းစစ်တပ်က ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပိုမိုပြုလုပ်လာခဲ့ပြီးနောက်ပိုင်း ယာဥ်ထိန်းရဲရုံးဗုံးကွဲခဲ့ကာ ခုလို ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ သိရပါတယ်။DVB

ဂုဏ်သတင်းကြီးသည့် Bayeux စစ်သတင်း ထောက်ဆု မြန်မာဓာတ်ပုံဆရာ ရရှိ

စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ရိုက်ကူးဖော်ပြခဲ့သည့် မြန်မာဓာတ်ပုံဆရာတစ်ဦး ပြင်သစ်နိုင်ငံတွင် ချီးမြှင့်ပေးအပ်သည့် ဂုဏ်သတင်းကြီးမားသော စစ်သတင်းထောက်ဆု (Bayeux award) ကို ရရှိခဲ့ကြောင်း သိရသည်။

မတူညီသော အမျိုးအစားများအောက်တွင် ဂုဏ်ပြုချီးမြှင့်သည့် Bayeux award ဆုများသည် စစ်ပွဲပဋိပက္ခတစ်ခုခုနှင့်ပတ်သက်ပြီး အများပြည်သူ သတင်းအချက်အလက် ရနိုင်စေရန်အလို့ငှာ အန္တရာယ်ရှိသော အခြေအနေများအောက်တွင် အလုပ်လုပ်ကိုင်ကြသည့် ဂျာနယ်လစ်များကို ဂုဏ်ပြုရန် ချီးမြှင့်ခြင်း ဖြစ်သည်။

အောက်တိုဘာ ၉ ရက်က ပေးအပ်ချီးမြှင့်ခဲ့သည့် Bayeux War Correspondents’ Awards ဆုများကို ဝါရင့်သတင်းထောက်တချို့ အပါအ ဝင် နိုင်ငံတကာ ဂျာနယ်လစ်များ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသလို ပထမဆုံးအကြိမ်အဖြစ် မြန်မာဓာတ်ပုံဆရာတစ်ဦးလည်း ထိုဆု ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။ လုံခြုံရေး အခြေအနေကြောင့် အဆိုပါ ဆုရမြန်မာဓာတ်ပုံဆရာ၏ အမည်ကို ဖော်ပြခြင်း မရှိပေ။

ယခုနှစ် ဆုချီးမြှင့်မှုတွင် ဓာတ်ပုံဆုကို မြန်မာဓာတ်ပုံဆရာကို ချီးမြှင့်ပေးအပ်ရန် ဆုရွေးချယ်ရေးအဖွဲ့က တညီတညွတ်တည်း သဘောတူခဲ့သည်ဟု အဖွဲ့ ဥက္ကဋ္ဌ ပြင်သစ်-အီရန် သတင်းသမား မန်နူချာ ဒက်ဟာတီက အေအက်ဖ်ပီကို ပြောသည်။

ဆုရွေးချယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၌ လူငယ်ဓာတ်ပုံဆရာများ အလုပ်လုပ်နေကြရသည့် အခြေအနေများကို မီးမောင်းထိုးပြသရန် ဆန္ဒရှိခဲ့ကြသည်ဟု ဒက်ဟာတီက ပြောသည်။ ဒက်ဟာတီ ကိုယ်တိုင်ကလည်း အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီးနောက် ၁၉၈၅ တွင် အီရန်ကနေ ပြည်ပကို ထွက်‌‌ပြေးထားခဲ့ရသူ ဖြစ်သည်။

ယခု ဆုရမြန်မာဓာတ်ပုံဆရာ မှတ်တမ်းတင်ရိုက်ကူးထားသည့်လက်ရာများအပြင် အခြား မြန်မာဓာတ်ပုံဆရာတစ်ချို့၏ လက်ရာများကို ဆု ပေးပွဲ ပြုလုပ်ခဲ့သည့် ပြင်သစ်မြောက်ပိုင်းမြို့ Bayeux တွင် ပြသထားသည်ဟု သိရသည်။

ပြင်သစ်နှင့် ဗြိတိန် ဂျာနယ်လစ် ၄၀ ခန့် ပါဝင်သည့် အဖွဲ့တစ်ခုက ရွေးချယ်သည့် ထို Bayeux awards ဆုရရှိသူများသည် တစ်ဦးလျင် ဆုငွေ ယူရို ၃,၀၀၀ မှ ၇,၀၀၀ အတွင်း လက်ခံရရှိမည်ဖြစ်သည်။mizzima

« Older Entries