ရွှေလီနှင့်ဂျယ်ဂေါင်တွင် မြန်မာဆိုင်အပါအဝင် လိုင်စင်မဲ့ဆိုင်များကို ဆိုင်းဘုတ်ဖြုတ်ရန် ညွှန်ကြား

မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့နဲ့ ဂျယ်ဂေါင်မြို့တို့မှာ မြန်မာနဲ့ တရုတ် လိုင်စင်မဲ့ဆိုင်တွေကို ၃ ရက်အတွင်း ဆိုင်းဘုတ်ဖြုတ်ချဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ရွှေလီမှာ နေထိုင်သူ ၁ ဦးက “ဆိုင်းဘုတ် ဖြုတ်ခိုင်းတာ။ ဒီဆိုင်က လိုင်စင် မတင်ထားဘူး။ တရားမဝင်ဘူးပေါ့။ ဖြုတ်ရမှာတဲ့။ ၃ ရက်အတွင်း ဖြုတ်ရမှာတဲ့။ မဖြုတ်ဘူးဆို ၃ ရက်နောက်ပိုင်း သူတို့ လာဖြုတ်မယ်တဲ့။ သူတို့ လာဖြုတ်ပြီးမှ တရားစွဲမှာတဲ့။ တရုတ်စာရော မြန်မာစာရော လိုင်စင်တင်ရတယ်။ သူက မလုပ်ထားရင် တရားမဝင်ဘူးလေ ဖြုတ်ရမှာ” လို့ ပြောပါတယ်။
တရုတ်နိုင်ငံဘက်မှာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစ မြန်မာလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလိုင်စင်တွေကို သက်တမ်းမတိုးပေးတော့ဘဲ လုပ်ငန်းဆက်လုပ်မယ်ဆိုရင် တရုတ်လုပ်ငန်းရှင် ၁ ယောက်ယောက်ကို ရှယ်ယာကို ၅၀ ရာခိုင်နှုန်းပေး နာမည်ခံခိုင်းကာ အခွန်ဆောင်ရမှာဖြစ်ပြီး ယွမ်ငွေ ၅ သောင်း ငွေပေါင်တင်ရမယ်ဆိုတာကြောင့် ဘယ်သူမှ မတင်နိုင်လို့ မြန်မာဘက်က ဝိုင်းဝန်းတောင်းဆိုတဲ့အတွက် အဲဒီအစီအစဉ် နောက်ဆုတ်သွားတာလို့ ဆိုပါတယ်။
ကျယ်ဂေါင်မှာလည်း လုပ်ငန်းလိုင်စင်မရှိတဲ့ဆိုင်တွေကို ဆိုင်းဘုတ်တွေ ဖြုတ်ချရမယ်ဆိုပြီး ညွှန်ကြားထားတယ်လို့ မြန်မာလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
“ဆိုင်းဘုတ်တွေ တင်ပြီးတော့ ဈေးရောင်းခွင့်မပြုဘူး။ မြန်မာစာနဲ့ရေးလို့ ဖြုတ်ချခိုင်းတာ မဟုတ်ဘူး။”
လက်ရှိ ကိုဗစ်ကာလ သွားလာမှု ကန့်သတ်ထားတာကြောင့် ကြိုတင် အကြောင်းမကြားဘဲ ၃ ရက်အတွင်း ဖြုတ်ခိုင်းနေတာတွေကြောင့် ပြီးစီးဖို့ မဖြစ်နိုင်ဘဲ အခက်အခဲတွေ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
ရွှေလီနဲ့ ဂျယ်ဂေါင်မြို့တို့မှာ မြန်မာ စားသောက်ကုန်၊ ဆေးဆိုင်၊ ခေါက်ဆွဲဆိုင်၊ စားသောက်ဆိုင်၊ ဖိနပ်ဆိုင်၊ အထည်ဆိုင်တွေ ရောင်းချတာတွေ ရှိတယ်လို့ ဆိုင်ရောင်းချသူတဦးက ပြောပါတယ်။ ကျောက်အရောင်းဆိုင်တွေကိုတော့ လူစုလူဝေးဖြစ်လို့ ပိတ်ခိုင်းထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်နယ်စပ်ဘက်က မြန်မာလုပ်ငန်းရှင်တွေရဲ့ ဘဏ်အကောင့်အချို့ ပိတ်သိမ်းခံရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မကြာသေးမီကလည်း တရားမဝင်အဆောက်အအုံတွေနဲ့ မြို့ပြစီမံကိန်းနဲ့ မညီတဲ့ အဆောက် အအုံတွေကို ပြန်လည်တည်ဆောက် သွားမှာဖြစ်တာကြောင့် ကျယ်ဂေါင်မှာနေထိုင်တဲ့ တရုတ်နိုင်ငံသားရော၊ မြန်မာနိုင်ငံသားပါ ရွှေ့ပြောင်းခိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။DVB