Monthly Archives: Oct 2021

မန္တလေးမြို့တွင် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှုဖြစ်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ၁၀၂-A လမ်းနဲ့ ၁၀၇ လမ်းကြားရှိ အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်တစ်ခု အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီက မီးလောင်မှု ဖြစ်ပါတယ်။

မီးလောင်မှုဖြစ်တာဟာ မျိုးသိန်း အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင် ဖြစ်ပြီး ပထမထပ်၊ အခန်းအတွင်းရှိ တီဗီနောက်မှာ တပ်ဆင်ထားတဲ့ မီးပလပ်ခုံ အပူလွန်ကဲရာကနေ မီးစတင် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

မီးလောင်မှုကြောင့် ပထမထပ်အတွင်းရှိ လျှပ်စစ်ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး ကျပ်သိန်း ၁၀၀ နီးပါး တန်ကြေးရှိတယ်လို့ မီးသတ်ဦးစီး ဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။DVB

ပျူစောထီးများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အဟောင်းပစ္စည်းရောင်းဝယ်ရေးဆိုင်မှအလုပ် သမား သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်ရှိ ကြေး၊ သံ၊ ရေသန့်ဘူးဟောင်း စသည့် အဟောင်းပစ္စည်းများ ရောင်းဝယ်သည့် ဆိုင်မှ အလုပ်သမား ကိုဟန်နိုင်ဝင်းသည် ပျူစောထီးများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့်အောက်တိုဘာလ ၉ ရက် နံနက်အစောပိုင်းတွင် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ကိုဟန်နိုင်ဝင်းသည် ၎င်း၏ အလုပ်ရှင်ထံ ငွေငါးရာကျပ်တောင်းသဖြင့် အလုပ်ရှင်က ပျူစောထီးများထံ ဖုန်းဆက်ပြီး ကိုဟန်နိုင်ဝင်းအား ဆုံးမပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

” အဲဒီအဟောင်းပစ္စည်းဆိုင်က ကောင်လေးက ဆိုင်ရှင်မချိုကို အရက်ဖိုး ငါးရာသွားတောင်းတာ ဆိုင်ရှင်က ဗိုလ်မှူးအမေဆိုတော့ ပျူစောထီးအဖွဲ့ကိုဖုန်းဆက်ပြီး ဆုံးမပေးဖို့ပြောလိုက်တာ။ သူ့ကို ပျူစောထီးတွေက လူမှုဖူလုံရေးရုံးထဲခေါ်ပြီး မျက်နှာကိုအဝတ်စည်း လက်ပြန်ကြိုး တုပ် ဝမ်းလျားမှောက်ခိုင်းပြီး ဝါယာကြိုးနှစ်ပင်လိမ်ပြီး ရိုက်တယ်။ အဲဒီမှာ သူက အရိုက်ခံရတာများတော့ မင်းတို့သတ်ချင်သတ် မရိုက်နဲ့။ သတ္တိရှိရင် ကြိုးဖြေပေးလို့ ပြန်ပြောလို့ ပိုရိုက်တာ၊ မျက်နှာရော တစ်ကိုယ်လုံးရော ဖူးယောင် စုတ်ပြတ်ပြီး သေသွားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပျူစောထီးအဖွဲ့ဝင် ဆယ်ဦးခန့်ကအောက်တိုဘာလ ၈ ရက်တွင် ကိုဟန်နိုင်ဝင်းအား ၎င်းတို့တပ်စွဲထားသည့် နေရာသို့ ခေါ်ဆောင်သွားကာ ရိုက်နှက် နှိပ်စက်ခဲ့ခြင်းဖြစ်ပြီး ထိုနေ့ညပိုင်းတွင်ပင် လမ်းဘေး၌ ကိုဟန်နိုင်ဝင်းအား ပစ်ထားခဲ့ရာ ၎င်း၏ မိသားစုဝင်များက သွားရောက်ခေါ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံကသိရသည်။ အဆိုပါဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်နွှယ်သော အသိုက်အဝန်းမှ လူတချို့သည် ၎င်းတို့၏ သားသမီး၊ ဝန်ထမ်း၊ အလုပ်သမားများကို ဆုံးမလိုလျှင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့ထံသို့ အကြောင်းကြား တိုင်ကြားခြင်းမျိူး ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။mizzima

သံတွဲမှ ကိုစိန်ချစ်အား PDF တစ်ဦးမှ သူ့အ မည်ကိုထွက်ဆို၍ ဖမ်းဆီးခြင်းဟုဆို၊ လက်ရှိ စစ်တပ်တွင် ထိန်းသိမ်းထားဟုသိရ

သံတွဲမြို့မှ လူမှုရေးလှုပ်ရှားဆောင်ရွက်သူ ကိုစိန်ချစ်အား ဖမ်းဆီးခြင်းမှာ PDF အဖွဲ့ဝင် တစ်ဦးမှ သူ့နာမည်ကို ထွက်ဆိုသောကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း သံတွဲရဲတာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

သံတွဲမြို့မရဲစခန်းက တာဝန်မှူး ဦးစိုးထက်ဇော်က “ မအူပင်မြို့မရဲစခန်းမှာ မအူပင်က PDF တစ်ယောက်က သူ့နာမည်ကိုထွက်ဆိုတဲ့ အတွက် ဖမ်းတာဖြစ်ပါတယ်။ သံတွဲ တပ်နယ်တစ်ခုကနေ အ ကြမ်း ဖက်ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။ ဒါလောက်ဘဲ ပြောနိုင်မယ်” ဟု ပြောဆိုသည်။

လက်ရှိ အချိန်တွင် မေးမြန်းစစ်ဆေးနေတုန်းဖြစ်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း ပြုနိုင်မည်မဟုတ်ကြောင်း၊ လက်ရှိ စစ်တပ် တပ်ရင်းတစ်ခုတွင် ကိုစိန်ချစ်အား ထိန်းသိမ်းထားကြောင်း ၎င်းက ပြောဆိုသည်။ ကိုစိန်ချစ်အား သူ၏ နေအိမ်မှ ယမန်နေ့ ည ၁၀ နာရီခန့်အချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက နိရဥ္စရာကိုပြောသည်။

“ည ၁ဝနာရီလောက်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲကိုဝင်လာပြီးတော့ ကိုစိန်ချစ်ကို မေးစရာရှိတယ် ဆိုပြီးတော့ ခေါ်သွားတယ်။ သူ့ဖုန်းကိုလည်း သူတို့ကစစ်တယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ ဘာမှ ပြောမသွားဘူး” ဟု သူမက ပြောသည်။ည ၁၀ နာရီခန့်အချိန်တွင် ဧည့်စာရင်းစစ်မည်ဟုဆိုကာ နေအိမ်ကိုဝင်လာပြီး ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဖမ်းခေါ်သွားကြောင်း ဒေါ်ခင်နှင်းဖြူကပြောသည်။

လာရောက်ဖမ်းဆီးချိန်တွင် အရပ်ဝတ်ထားသူများ အပါအဝင် ရဲသား၈ ယောက်ခန့်နှင့် ရဲကား ၂စီး၊ ၃ စီးခန့်လည်းပါကြောင်း ဦးစိန်ချစ်၏ ဇနီးဖြစ်သူက ဆက်လက်ပြောဆိုသည်။လက်ရှိတွင် ဦးစိန်ချစ်ကို သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသဖြင့် သွားရောက်ခဲ့ရာ လူချင်းတွေ့ခွင့်မရခဲ့ကြောင်း၊ ပြင်ပမှသာ မုန့်နှင့် အဝတ်အထည်များကို ပေးခဲ့ရကြောင်း၊ ကိုဗစ်စစ်ဆေးရန် အတွက် သံတွဲခရိုင်ဆေးရုံသို့ ဦးစိန်ချစ်ကို ခေါ်ဆောင်သွားသည်ဟု ကြားသိရကြောင်း သူမက ပြောဆိုသည်။

ယခုကဲ့သို့ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးအား အကြောင်းပြချက်မဲ့ ဖမ်းခေါ် သွားသည့်အပေါ် အလွန်ဝမ်းနည်းမိကြောင်း ဦးစိန်ချစ်၏ ဇနီးဖြစ်သူက ပြောဆိုသည်။“ပြောမပြနိုင်လောက်အောင် အလွန်ဝမ်းနည်းမိပါတယ်။ အကြောင်းပြချက်လည်း သေချာမရှိဘဲ ဖမ်းသွားတာပါ။ အပြစ်မရှိတဲ့သူဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွတ်ပေးစေချင်ပါတယ်။” ဟုသူမကပြောသည်။

ဦးစိန်ချစ်၏ သူငယ်ချင်းဖြစ်သူ သံတွဲမြို့မှ ကိုနေထွန်းအောင်ကလည်း “ ကျနော်တို့လည်း ဒီမနက်မှ သတင်းကြားရတာ။ အခုလိုမျိုးကြားရတာ စိတ်မကောင်းဘူး။ ဘာကြောင့်ဖမ်းသွားလဲ ကျနော်တို့လည်း မသိဘူး။ ဒီလိုမျိုး လူမှုရေးလုပ်နေတဲ့ သူတစ်ယောက်ကို ဖမ်းသွားတာတော့ စိတ်မကောင်းဘူး” ဟုပြောသည်။

ဦးစိန်ချစ်သည် ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီ AFP၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိတွင်လည်း လူမှုရေး အသင်းများနှင့် ပရဟိတလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်ဟုလည်း သိရသည်။ နိရဉ္စရာ

ကျိုက်လတ်မြို့ EPC ရုံးရှေ့တွင် ဗုံး၂ လုံးဆက် တိုက်ပေါက်ကွဲ

ဧရာဝတီတိုင်း ၊ကျိုက်လတ်မြို့၊ ( ၂ )လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၈ နာရီကျော်အချိန်ခန့်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

အဆိုပါ ပေါက်ကွဲမှုကို ကျိုက်လတ် PDF အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု သိရပြီး လျှပ်စစ်မီတာခများအတင်းအဓ္ဓမ ကောက်ယူနေသည့် EPC ရုံးရှိဝန်ထမ်းများကို သတိပေးသည့် အနေဖြင့် ဖောက်ခွဲခဲ့သည်ဟုလည်း KPDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျိုက်လတ် EPC ရုံးက ဝန်ထမ်းတွေက တအားဇောင်းကြွနေလို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာပါ၊EPC ဝန်ထမ်းတွေကိုပြောချင်တာက နောက်တခါဆိုသတိပေးမှာ မဟုတ်တော့ပါဘူး၊ပြည်သူတွေဘက်က မရပ်တည်ပေးရင်တော့ လုပ်သင့်တာကိုလုပ်ရမှာပဲ ဒါနောက်ဆုံးအကြိမ်သတိပေးတာပါ” ကျိုက်လတ် PDF မှ တာဝန်ရှိသူက ဆက်လက်ပြောပြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကို အတည်ပြု၍ မရသေးပေ။ဒေသခံများ၏ ပြောကြားချက်အရ ဗုံးပေါက်ကွဲပြီး မိနစ်အနည်းငယ်အချိန်တွင် စစ်အုပ်စုနှင့် ရဲများကကျိုက်လတ် EPC ရုံးရှေ့တွင် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေ သည်ဟုသိရသည်။mizzima

ဆောင်းဦးလှိုင်၏ဂီတဖျော်ဖြေပွဲမှ နွေဦးတော် လှန်ရေးရန်ပုံငွေ ဒေါ်လာ ၄ သိန်းကျော်ရရှိ

နွေဦးတော်လှန်ရေးရန်ပုံငွေ ခရီးစဉ်တလျှောက်မှာ အဆိုတော် ဆောင်းဦးလှိုင်ဟာ အခုချိန်ထိ ဂီတဖျော်ဖြေပွဲ ၈ ကြိမ် ပြုလုပ်ပြီး ရန်ပုံငွေ ဒေါ်လာ ၄ သိန်းကျော် ရရှိနေပြီလို့ သိရပါတယ်။

အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ၈ ကြိမ်မြောက် နွေဦးတော်လှန်ရေး ရန်ပုံငွေဂီတပွဲကို ဝါရှင်တန် ဒီစီ မေရီလန်းမှာ အောက်တိုဘာ၉ ရက်နေ့က ပြုလုပ်ပြီး ပရိသတ် ၄၀၀ နီးပါးလာရောက် အားပေးခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေနဲ့အတူ မြန်မာပြည်ကို ရရာနည်းနဲ့ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ သိဖို့ တော်လှန်ရေးသီချင်းတွေ အပါအဝင် သီချင်း အပုဒ်  ၃၀ ကျော် သီဆိုခဲ့ပါတယ်။

ဒီပွဲမှာ အမှတ်တရ နွေဦးတော်လှန်ရေးပစ္စည်းတွေကိုလည်း ရောင်းချခဲ့သလို အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ဂစ်တာတစ်လက်၊ ဦးထုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံအပါအဝင် ပန်းချီကား ၆ ချပ်ကိုလည်း လေလံတင်ရောင်းချခဲ့ပြီး အလှူငွေနဲ့ ရန်ပုံငွေစုစုပေါင်း ဒေါ်လာ ၈၅၀၀၀ လောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို မြန်မာပြည် နွေဦးတော်လှန်ရေး ရှေ့တန်းမှာ  ပါဝင်တိုက်ပွဲဝင်သူအားလုံးကို လှူဒါန်းသွားပါမယ်လို့ ကြေညာထားပါတယ်။DVB

ကျောက်ဆည်နယ်အတွင်း စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရကာ အနည်းဆုံး ၂ ဦးသေ ဆုံး

ကျောက်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ပြောက်ကျားတပ်ဖွဲ့နှစ်ခု ပူးပေါင်း၍ အောက်တိုဘာ ၈ ရက်နေ့ ည ၁၁ နာရီအကျော်က မိုင်းခွဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်ဘက်တွင် အနည်းဆုံး နှစ်ဦးသေဆုံးကြောင်း ပြောက် ကျားတပ်ဖွဲ့များဘက်ကပြောသည်။ကျောက်ဆည်မြို့တောင်ဘက်ရှစ်မိုင်အကွာရှိ လက်ပံကျေးရွာတွင် စစ်ကောင် စီတပ်သတင်းပေး တစ်ဦး၏နေအိမ်ကို လက်ပစ်ဗုံးသွင်းခံရပြီးနောက် ချီတက် လာသော စစ်ယာဉ်တန်းကို ကျောက်ဆည် နဂါးနီပျောက်ကြားတပ်ဖွဲ့နှင့် အမည်ဖော်ပြလိုခြင်းမရှိသော မန္တလေးက မြေအောက်တော်လှန်ရေး အဖွဲ့တစ်ခု တို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းနှင့် ထောင်မိုင်းများအသုံးပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

စစ်သည်တင်ကားပေါ်တွင်ငါးဦးလိုက်ပါလာကာ ဆိုင်ကယ်သုံးစီးတွင် ခြောက် ယောက်ပါလာသော စစ်ကောင်စီတပ်သည် လက်ပံကျေးရွာသို့မရောက်ခင် လက်ပံရွာနှင့် စမာရွာကြားတွင် မိုင်းကိုးလုံးမိသွားရာက နှစ်ဦးပွဲချင်းပြီး သေဆုံးပြီး ငါးဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်ဟု စောင့်ကြည့်နေခဲ့သည် ဆိုသော ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ကျောက်ဆည်မြို့ပေါ်မှ စစ်ကူများထပ်မံ ရောက်လာပြီး မိုင်းခွဲသည့်အဖွဲ့များကို တောနင်းရှာမည်ဆိုပြီး အော်ဟစ်နေခဲ့ကြ သော်လည်း မိုးရွာ၍ပြန်သွားခဲ့ကြသည်ဟုလည်းပြောသည်။ ကျောက်ဆည်မြို့ပေါ် ရဲစုရပ်ကွက်ရှိ ဒေသခံတစ်ဦးကလည်း ပေါက်ကွဲသံများ ကြားသိရကြောင်းကို ” အသံ ကြီးက တော်တော်ပြင်းတာဗျ၊ ပထမတချက် အသံပြင်းပြင်းကြားလိုက်ပီး နောက်နာရီဝက်လောက်နေတော့..လေးငါးလုံး ဆက်တိုက်ကြားရတယ်၊ တမြို့လုံး ဒီအသံတွေကိုပဲ အာရုံရောက်နေကြတာ၊ တချို့က ငလျင်လှုပ်တယ်ဆိုပီး စာတွေရေးတင်ကြတယ်၊ ဘေးအိမ်က သူငယ်ချင်းဆို သူ့စားပွဲပေါ်က ပန်းကန်တောင် ကျကွဲတယ်လို့ပြောတယ်” ဟု ပြောသည်။

ဒဏ်ရာရသူ စစ်ကောင်စီတပ်သားငါးဦးကို မန္တလေးတွင် ဆေးကုသမှုခံယူစေရာ ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက်တွင် သေဆုံးသွားပြီဟု ကြားသိရ ကြောင်းလည်း ပြောက်ကျားတပ်ဘက်ကပြောသည်။ သီးခြားအတည်ပြုချက်ရ ယူနိုင်ခြင်းမရှိပါ။ ကျောက်ဆည်မြေအောက်တပ်ဖွဲ့ကပင် လက်ပံရွာရှိ ပျူစောထီးအဖွဲ့ဝင် ကိုစိုးလွင်ဦး၏ နေအိမ်ကို အောက်တိုဘာ ၈ ရက်နေ့ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးပစ်သွင်းခဲ့ခြင်းဖြစ် သည်ဟု ဝန်ခံပြောကြားသည်။

” ဒလန်အိမ်မီးလောင်သွားတယ်၊ ဒလန်လင်မယားကတော့ အဲ့ညက မရှိလို့ မသေလိုက်ဘူး။ ဒလန်အိမ် ဗုံးနဲ့အထုခံရပီး မိနစ်လေးဆယ်မှာပဲ (ကျောက်ဆည်မြို့) စမာဂိတ်မှာ တပ်စွဲထားတဲ့ အဖွဲ့က လက်နက် အင်အား အပြည့်အစုံနဲ့လာကြတာ ။ အဲ့ဒီ့မှာ မိုင်းခွဲတော့ စစ်ကားက စုတ်ပြတ်ပီး ဆိုင်ကယ်ပေါ်က စစ်သားတွေလည်း မိုင်းထဲပါသွားတယ်။ သူတို့ဘက်ကလည်း ရမ်းသန်းပြန်ပစ်တာ အချက် ၄၀ လောက်ရှိတယ်။ ” ဟု ပြောသည်။

ကိုစိုးလွင်ဦးသည် လက်ပံရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်လူငယ်များရှိရာကို သတင်းပေးခြင်းနှင့် အခြားသော ပျူစောထီးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ လိုက်လံဖမ်းဆီးခြင်းများပြုလုပ်သည့် အတွက် တိုက်ခိုက်ခဲ့ရသည်ဟု ပြောက်ကျားတပ်ဖွဲ့ဘက်က ပြောသည်။

အောက်တိုဘာ ၉ရက်နေ့ နံနက်ခင်းတွင် ရဲအချုပ်ကားနဲ့အတူ ကားကြီးနှစ်စီး ဖြင့် စစ်ကောင်စီတပ် အယောက် ၂၀ ရောက်လာခဲ့ပြီး မီးလောင်သွားသည့် သတင်းပေးအိမ်ကိုလာရောက်စစ်ဆေးခဲ့သည်ဟုလည်း ပြောသည်။

လက်ရှိမှာတော့ လက်ပံကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရွာများတွင် နံနက် ၆နာရီ မှ ည၈နာရီအထိသာ သွားလာခွင့်ပြုမှာဖြစ်ကြောင်းနှင့် မလိုက် နာရင် စစ်ဆေး မေးမြန်းမှုမရှိဘဲ ပစ်သတ်မှာဖြစ်ကြောင်း စစ်ကောင်စီဘက်က အမိန့်ထုတ်ထား သည်။mizzima

ရွှေဘိုမြို့နှင့်စစ်ကိုင်းမြို့နယ်တို့တွင် ဒေသခံ PDF တပ်ဖွဲ့များက ဗုံးအလုံး ၂၀ ခန့် ဖောက်ခွဲ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ ဒေသခံ PDF တွေက ဒီနေ့မနက်နဲ့ မနေ့ညနေပိုင်းမှာ ဗုံး အလုံး ၂၀ လောက် ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မရဲစခန်းကို အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီလောက်က ဗုံး ၁၀ လုံး ပစ်ဖောက်ခဲ့တယ်လို့ PDF-SHWEBO က ကြေညာထားပါတယ်။

“လာမဝိုင်းနဲ့သေတတ်သည်” ဆိုတဲ့ သတိပေးစာတမ်းချိတ်ဆွဲထားတဲ့အပြင် လင့်စင်နဲ့ သဲအိပ်ကတုတ်တွေ ထားထားတဲ့ မြို့မရဲစခန်းကို PDF-SHWEBO ရဲဘော်တွေက တောင်ဘက် မြောက်ဘက် ဝိုင်းညှပ်ပြီး ဗုံး ၁၀ လုံး ပစ်သွင်း‌ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ဗုံးဖောက်ခွဲပြီးနောက် တော်လှန်ရေးရဲဘော်တွေ အန္တရာယ်ကင်ရှင်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အနီရောင်နယ်မြေအတွင်းမှာ လှုပ် ရှားဆောင်ရွက်ရတဲ့အတွက် စစ်ကောင်စီဘက်က ဘယ်လောက်ကျဆုံးတယ်ဆိုတာ မသိရဘူးလို့လည်း ဆိုပါတယ်။

ရဲစခန်းထဲ သေနတ်ပစ်ဖောက်သံတွေကြားပြီး လူနာတင်ယာဉ်တွေဝင်သွားတာ မြင်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

PDF-SHWEBO အနေနဲ့ အောက်တိုဘာ ၆ ရက်ကလည်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကညနရုံးတို့ကို မိုင်းခွဲသတိပေးတာတွေ လုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာလည်း အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီလောက်က စတင်ပြီး အစိုးရရုံးဌာနပေါင်းစုံအနီးမှာ ဗုံး ၉ လုံးထက်မနည်း ဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ထောက်ခံအားပေးနေတဲ့ အစိုးရအဖွဲ့ ရုံးစိုက်ရာဌာနတွေမှာ အဓိကလုပ်ဆောင်ခဲ့တာလို့ စစ်ကိုင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ် မတော် ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ဖောက်ခွဲခဲ့တဲ့ နေရာတွေကတော့ မနက် ၄ နာရီ ၃၅ မိနစ်က ရဲတပ်ရင်းအမှတ် ၁၆ မှာ ဗုံးတစ်လုံးကွဲတယ်။ ည ၇ နာရီ ၁၀ မိနစ်က မြို့နယ်စည် ပင်ရုံးနဲ့ မြို့နယ်တရားရုံးမှာ ဗုံးတစ်လုံးစီ ကွဲတယ်။ ည ၇ နာရီ မိနစ် ၂၀ မှာ ရတနာပုံတံတားစစ်ဆေးရေးဂိတ်နဲ့ Non-CDM တွေရဲ့ အိုးအိမ်တိုက်တန်းမှာ ဗုံးတစ်လုံးစီ ကွဲတယ်။ ည ၇ နာရီ ၁၀ မိနစ်က မြို့မရဲစခန်းအမှတ် ၂၊ ပဒူတိုက်နယ် ရဲကင်းစခန်းနဲ့ မင်းကွန်းတိုက်နယ်ရဲစခန်းမှာ ဗုံးတစ်လုံးစီ ကွဲတယ်။ ည ၇ နာရီ ၁၅ မိနစ်မှာ မြို့နယ်ထွေအုပ်ရုံး ဗုံးတစ်လုံး ခွဲခဲ့တယ်ပေါ့ဗျာ။”

အဲဒီဖောက်ခွဲစစ်ဆင်ရေးကို အင်္သခယာစစ်ဆင်ရေးဆိုပြီး စစ်ကိုင်းမြို့နယ်အတွင်းက PDF တပ်ရင်းတွေ၊ LPDF အစုအဖွဲ့တွေ ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကိုင်းမြို့နယ်အတွင်း တနေ့တည်းနဲ့ ဗုံး ၉ လုံး ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေး တင်းကျပ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

သာကေတ ရေတပ်စခန်းရှေ့ ဗုံးဖောက်ခွဲခံရ၍ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ရန်ကုန်မြို့ သာကေတရှိ စစ်ကောင်စီတပ်ရေတပ်စခန်းရှေ့တွင် ယနေ့နံနက်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်သားသုံးဦး ဒဏ်ရာ ပြင်းထန် စွာရသွားခဲ့သည်ဟု တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

သာကေတမြို့နယ် အမှတ် (၄) ရပ်ကွက်အနီး ရှု့ခင်းသာလမ်းမပေါ်ရှိ ရေတပ် စခန်းအရှေ့တွင် ဗုံးနှစ်လုံးထောင်ထားခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သား တစ်ဦးက ကနဦးစတင်တွေ့ရှိခဲ့သောကြောင့် ဝါးလုံးဖြင့် ထိုးကြည့် နေချိန် ပထမ အလုံးကိုဖောက်ခွဲလိုက်ပြီး ကျန်ရှိနေသာဗုံးအား ထပ်မံရောက်လာသော တပ်များရှေ့တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F) က ထုတ် ပြန်သည်။

နံနက် ၇နာရီ ၄၅ မိနစ်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရသွားပြီး ၈နာရီ ၅၅ မိနစ် ဖောက်ခွဲမှုကြောင့် နောက်ထပ်နှစ်ဦး ဒဏ်ရာရသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ဖောက်ခွဲမှု ” အကြီးစား” ပြုလုပ်ခဲ့သည်ဟု သုံးနှုံးခဲ့ပြီး ဒဏ်ရာရသူများ ” သေနိုင်ခြေများမည်” ဟုလည်း ပါရှိသည်။အလားတူ ယနေ့ (အောက်တိုဘာ ၁၀ ရက် ) နံနက် ၆ နာရီ ၂၈ မိနစ် အချိန်ခန့် တွင် မြောက်ဒဂုံမြို့နယ် ၄၉ရပ်ကွက် အတွင်း ၁၅မိနစ်ခြား နှစ်ကြိမ်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။mizzima

NUG နှင့် CRPH ကို အသိအမှတ်ပြု ဆက်ဆံနေသည့် နိုင်ငံများကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ကန့်ကွက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အဖွဲ့ကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ နိုင်ငံခြားသံရုံးတွေ၊  ကုလသမဂ္ဂရုံးတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက အာဏာပိုင်တွေကို   ပြင်းထန်စွာ ကန့်ကွက်တဲ့အကြာင်း စစ်ကောင်စီအကြမ်းအဖက်အဖွဲ့ရဲ့  နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၉ ရက်မှာ ကြေညာ ပါတယ်။ 

ပြည်သူလူထုရဲ့အာဏာအပ်နှင်းချက်အရ တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH  တို့ကို အသိအမှတ်ပြုထောက်ခံတဲ့အကြောင်း ဥရောပပါလီမန်၊ ပြင်သစ်လွှတ်တော်၊ ဂျပန်လွှတ်တော် တို့ကဆုံးဖြတ်ကြေညာထားသလို ကုလသမဂ္ဂမှာလည်း NUG အစိုးရ ကိုယ်စားလှယ် သံမတ်အကြီး ဦးကျော်မိုးထွန်းကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအ မှတ်ပြုခံထားတာပါ။

ဒါအပြင်  အာဆီယံနိုင်ငံတချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း NUG အစိုးရနဲ့ ဆက်သွယ်ဆွေးနွေးဖို့အဆင်သင့်ရှိကြောင်းနဲ့ အခုလအ တွင်းကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို  မဖိတ်ခေါ်ဖို့အထိ ပြောလာကြတဲ့ အချိန်မှာ စစ်ကောင်စီ ဘက်က ခုလိုထုတ်ပြန်လိုက်တာပါ။  

စစ်ကောင်စီနိုင်ငံခြားရေးရဲ့ ကြေညာချက်မှာတော့ ပြည်ပနိုင်ငံတွေရဲ့ အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေအနေနဲ့ NUG၊ CRPH နဲ့ ထိတွေ့ဆက်သွယ်တာ၊ အကြမ်းဖက်အုပ်စုတွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ ရုံးခန်းဖွင့်လှစ်ခွင့်ပြုတာစတဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်ဝါဒကို အားပေးရာရောက်တဲ့အပြင်  မြန်မာနိုင်ငံမှာ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက်  ကြိုးပမ်းအား ထုတ်မှုတွေကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် ရာရောက်တယ်လို့ ဖော်ပြထားပါတယ်။

NUG၊ CRPH ဆက်စပ်အဖွဲ့တွေကို ထိတွေ့ဆက်သွယ်ခြင်းမပြုဖို့၊ ထောက်ခံအားပေးခြင်းမပြုဖို့ ထပ်မံသတိပေးတဲ့ အကြောင်းနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတို့ကို လျစ်လျူမရှူဖို့လည်း စစ်ကောင်စီက တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု တွေရပ်တန့်ဖို့တောင်းဆိုနေပေမဲ့ စစ်ကောင်စီတပ်တွေကတော့ မြန်မာနိုင်ငံတဝန်း အထူးသဖြင့် ကချင်၊ ချင်း၊ ကယား ပြည်နယ်နဲ့  စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ရွာတွေကို မီးရှို့ ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်မှုတွေ နေ့စဉ် ဆက်လက်ပြုလုပ်နေပါတယ်။ 

မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းကာလ ၈ လကျော်အကြာ  စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်  ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၆၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားတယ်။DVB

« Older Entries Recent Entries »