လာမည့် ၆ လ အတွင်း ကုန်သွယ်ရေးကဏ္ဍ ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် စစ်ကောင်စီ မျှော်မှန်း

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပေမဲ့ စစ်ကောင်စီကတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဘတ်ဂျတ်ကာလအတွင်းမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ဖို့ ရည်မှန်းထားပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ၂၀၂၂ ခုနှစ် မတ်လအတွင်း စစ်ကောင်စီက ပြည်ပပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ လျာထားပြီး  ကုန်သွယ်ရေးကဏ္ဍမှာ  ၄ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ဖို့ ရည်မှန်းထားတာပါ။

လတ်တလော မြန်မာ့နိုင်ငံရဲ့ကုန်သွယ်ရေးကဏ္ဍမှာတော့ နိုင်ငံရေးမတည်ငြိမ်မှု၊ ကိုဗစ်ကပ်ရောဂါ ဖြစ်ပေါ်မှုတွေကြောင့် ပုံမှန်ကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး နှစ်ခုစလုံးမှာ ကုန်သွယ်မှုတွေ လျော့နည်း ကျဆင်းနေပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုဆိုင်ရာစာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၂ လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံကျော်နဲ့ ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၆ ဘီလီယံကျော်သာရရှိခဲ့ပါတယ်။ 

ဒီပမာဏဟာ ယခင် အန်အယ်လ်ဒီအစိုးရလက်ထက်ကကုန်သွယ်မှု ပမာဏနဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံကျော် ရာခိုင်နှုန်းအနေနဲ့ ၁၉ ရာခိုင်နှုန်းကျော် လျော့ကျခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးရဲ့ ထက်ဝက်ကျော်မှာ ကုန်သွယ်ရေးကျဆင်းနေတာတွေ့ရပြီး၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာလည်း အရင် အရပ်သားအစိုးရလက်ထက် ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံကျော် လျော့ကျခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကလည်း လတ်တလောမှာ လုံးဝရပ်တန့်နေပါတယ်။

မြန်မာနိုင်ငံဟာ နှစ်စဉ်နိုင်ငံပေါင်း ၂၀၀ ကျော်နဲ့ ကုန်သွယ်မှု ဆောင်ရွက်နေတာဖြစ်ပြီး၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့နဲ့ အများဆုံးကုန်သွယ်နေတာဖြစ်ပါတယ်။

နှစ်စဉ်ပျဉ်းမျှ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော် ကုန်သွယ်မှုရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၃ ဘီလီယံကျော်၊ ၂၀၁၈ ခုနှစ် နှစ်ဝက်ဘတ်ဂျတ်မှာ  ကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလီယံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၅ ဘီလီယံကျော်နဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၆ ဒသမ ၇ ဘီလီယံကျော်ထိ ကုန်သွယ်မှုပြုလုပ်ခဲ့ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s