Monthly Archives: Oct 2021

မုံးကိုးမြို့ စစ်ကောင်စီတပ် ဗျူဟာကုန်းအနီး တိုက်ပွဲ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ  စစ်ကောင်စီရဲ့တပ်ရဲ့ ဗျူဟာကုန်းအနား ကိုးကန့် MNDAA တပ်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား အောက်တိုဘာလ ၁၂ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က စပြီးတော့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

“မုံးကိုး ဗျူဟာကုန်းနဲ့ အထက ကျောင်း အနားမှာ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ လောက်က စပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်တယ်။ ကျနော်တို့လည်း ကြောက်လို့ ထွက်မကြည့် ရဲဘူး”လို့ မုံးကိုးဒေသခံ ၁ ဦးက ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်းက စတင်ကာ မုံးကိုးဒေသဘက်ကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးကာ  အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့်‌ နယ်မြေခံ MNDAA ကိုးကန့်တပ်တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကိုးကန့်သတင်းဌာ နက ထုတ်ပြန်ပါတယ်။

တိုက်ပွဲကြောင့် မုံးကိုးဒေသနဲ့ ဖောင်းဆိုင်ဒေသက ဒေသခံ ပြည်သူ ၈၀၀ ကျော် ယာယီ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

ယခင်တိုက်ပွဲတွေအတွင်း လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ပြည်သူ ၇ ဦးသေဆုံးကာ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သလို မိုင်းတွေနင်းမိလို့လည်း ဒေသခံ  ၃ သေဆုံးကာ  ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။DVB

ဒဂုံဆိပ်ကမ်း မြို့နယ်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁ဝဦးထက်မနည်း ဖမ်းဆီးခံရ

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ဝ ဦးထက်မနည်းကို ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက် အရသိရသည်။ ဒဂုံဆိပ်ကမ်း မြို့နယ် ၆၉ ရပ်ကွက် သီရီရွှေတောင်လမ်း နေထိုင်သူ ဦးကြည်လင်း၏ နေအိမ်ကို ယမန်နေ့ ည ၁၀နာရီ ကျော်ခန့်က စစ်ကောင်စီ တပ်များ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ဦးကြည်လင်း အပါအဝင် နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ ကိုဖိုးဇော်နှင့် ကိုစည်သူ တို့ ၃ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဦးကြည်လင်းသည် ဒဂုံဆိပ်ကမ်းမြို့နယ် NLD ပါတီ ဒုဥက္ကဠဟောင်း၊ ဒဂုံလေးမြို့နယ် ပြည်သူ့ လှုပ်ရှားမှုမြှင့်တင် ရေးကွန်ယက် နာယက၊ တိုး တက်သော ဒီမိုကရက်တစ် လူငယ်များ အဖွဲ့ချုပ် အကြံပေး၊ ဒီမိုကရေစီအင်အားစု (ရန်ကုန်) နာယက တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်းနေအိမ်အတွင်းရှိ ဆိုင်ကယ်၊ ဖုန်းများအား သိမ်းယူသွားကာ နေအိမ်အတွင်းရှိ ပစ္စည်း များကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ဒဂုံ မြို့နယ်အတွင်း ၅၄ ရပ်ကွက် အေးရိပ်မြိုင်လမ်းရှိ ဦးစနေ (ခ)ဦးတင်ထွန်း နေအိမ်သို့ ဝင်စီးခဲ့ရာ ဦးတင်ထွန်း အပါအဝင် ၎င်း၏ သားဖြစ်သူ အောင်ကြည်မင်း နှင့် ဦးတင်ထွန်း၏ သားမက် ဖြစ်သူတို့ ၃ဦးကို ဖမ်းဆီးခံရပြီး နေအိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက် ရှာဖွေကာ ဖုန်းများကို သိမ်းယူသွားကြောင်း သိရသည်။

တောင်ဒဂုံ ၇၀ ရပ်ကွက်အတွင်း နေထိုင်သော နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ မချို နှင့် ၅၆ ရပ်ကွက်တွင် နေထိုင်သော ကိုဖိုးစနေ၊ ၂၄ ရပ်ကွက် မြရတနာလမ်းတွင် နေထိုင်သည့် ကိုဝတုတ်နှင့် ၁၉ ရပ်ကွက် ပန်းတောက်ရွှေဝါ ၄လမ်းတွင် နေထိုင်သော ko Oak Hlawn Aung တို့ကိုလည်း ထပ်မံ ဖမ်းဆီးခဲ့ပြီး ဧရာဝဏ် လမ်းပေါ် တွင် စက်ဘီး စီးနှင်းလာသော အမည်မသိ မိန်းကလေး ၁ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အိမ်စီးကား ၃စီးဖြင့် ဖမ်းဆီး သွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက် အရသိရသည်။khit thit

နမ့်ခမ်းမြို့နယ်၌ လက်နက်ကြီးကျည်ထိမှန်ပြီး ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ က လေး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ  အောက်တိုဘာ ၁၁ ရက်ညနေက လက်နက်ကြီး ကျည်ဆန်ကျရောက် ပေါက်ကွဲတာကြောင့်  ရွာထဲမှာ ထင်းခွေနေတဲ့ ကလေး ၃ ယောက် အနက်  ၁၂ နှစ်အရွယ်ကလေးငယ် တယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။

အသက် ၅ နှစ်အရွယ်ကလေးတစ်ယောက်၊ အသက် ၁၂ ရွယ်မိန်းကလေးတစ်ယောက်နဲ့ အသက် ၁၉ နှစ်အရွယ်ကလေးတစ်ယောက် စုစု ပေါင်း ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး အသက် ၁၂ အရွယ်မိန်းကလေးကတော့ ဆေးရုံလာတဲ့လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံ က ပြောပါတယ်။

“ရွာထဲမှာက လူကြီးတွေမရှိကြဘူး။ အလုပ်သွားကြတော့ ညနေ ၄ နာရီလောက်မှ အိမ်ပြန်ရောက်တော့ လူကြီးတွေကမသိကြဘူး၊ ကလေးတွေက ထင်းသယ်ရင်းနဲ့ မောလို့ဆိုပြီး ထိုင်နေတာ။ အဲ့နေရာကို ဗုံး ကျလာပြီး ပေါက်ကွဲတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်နက်ကြီးကျည်ကျတဲ့ ကျေးရွာက နမ့်ခမ်းမြို့နယ်ထဲက အောက်ခြေရွာဖြစ်ပြီး တောလမ်းနဲ့နီးတာကြောင့် ဘယ်အဖွဲ့က ပစ်တဲ့ လက်နက်လဲဆိုတာကိုမသိရဘူးလို့ဆိုပါတယ်။

“ရွာက အောက်ခြေရွာ၊ ပြီးတော့ တောလမ်းနဲ့လည်း နီးတယ်၊ အရင်က တောဘက်တွေမှာတော့ စစ်ကောင်စီက လူတွေနဲ့တိုက်ပွဲ ဖြစ်ကြတယ်။ ခုလို ရွာထဲကို လက်နက်ကြီးကျတာတော့ တခါမှမဖြစ်ဖူးဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီနေ့ အဆိုပါနေရာနားမှာ စစ်ကောင်စီတပ်သားတွေကိုပဲ မြင်တွေ့ရလေ့ရှိပြီး အခုအချိန်ထိ တိုက်ပွဲ ဖြစ်တာတွေ မရှိခဲ့သေးဘူးလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရထားတဲ့အသက် ၁၉ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်က မွေးရာပါ စကား မပြောတတ်သူလို့သိရပြီး လက်ရှိ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။DVB

ချောင်းဆုံမြို့ အနောက်ပိုင်းရပ်ကွက် အုပ် ချုပ်ရေးမှူး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ‌ချောင်းဆုံမြို့ အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆိုသူကို ယက္ခဒီပ (BLDF) အဖွဲ့မှ သုတ်သင်ရှင်း လင်းလိုက်ကြောင်း ယနေ့ (အောက်တိုဘာလ ၁၂ ရက်) ညပိုင်းတွင် BLDF က သတင်းထုတ်ပြန်သည်။

ယနေ့ ညနေ ၄ နာရီ မိနစ် ၃၀ ခန့်တွင် အသက် ၆၀ကျော်အရွယ် ဦးအောင်(ခ) ဦးအောင်အောင်ကို ၎င်း၏ နေအိမ်တွင်ပင် ပစ်သတ်ခဲ့ကြောင်း BLDF၏ တာဝန်ရှိသူက ပြောသည်။ ” သူ့အိမ်မှာပါ ။ ညာဘက်ရင်အုံထိ၊ သေနတ်တစ်ချက်ပဲ ပစ်တာ၊ စကစ ကိုအထောက်အပံ့ပေးနေလို့သတ်ရတာပါ” ဟု ၎င်းကဆိုသည်။

မိန်းကလေးတစ်ဦးက ထောက်ခံစာလာလုပ်သည့်ဟန်ဆောင်ကာ ဦးအောင်အား ပစ်သတ်သွားခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြော သည်။ အောက်တိုဘာ ၁၀ရက်ကလည်း ချောင်းဆုံတိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမြင့်၏ နေအိမ်အား ယက္ခဒီပ (BLDF) အဖွဲ့နှင့် မွန်ပြည်နယ်နွေဦးတော်လှန်ရေးတပ်ဦး (MPDF-V) အဖွဲ့တို့ ပူးပေါင်းပြီး ဗုံးဖောက်ခွဲကာ သတိပေးခဲ့သေးသည်။ စစ်ကောင်စီအား ‌ထောက်ခံအားပေးမှုပြုလုပ်သော မည်သည့်ဝန်ထမ်းကိုမဆို သက်ညှာမည်မဟုတ်ကြောင်း BLDFက ထပ်မံသတိပေးထားသည်။mizzima

NUG ဝန်ကြီး ၂ ဦး၊ သရုပ်ဆောင်ဒေါင်းတို့ ပါ ဝင်သည့် ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ စကားဝိုင်း ထုတ်လွှင့်မည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ၂ ဦးနဲ့ သရုပ်ဆောင်မင်းသား ဒေါင်းတို့ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နေ့ စကားဝိုင်းကို အောက်တိုဘာ ၁၃ ရက် ည ၆ နာရီမှာ အွန်လိုင်းကတဆင့် ထုတ်လွှင့် သွားဖို့ ရှိနေပါတယ်။

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တို့နဲ့အတူ တကိုယ်တော် ပရဟိတသမားများကွန်ရက်မှ ခင်နှင်းကြည်သာတို့က ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ကာ Moderator အနေနဲ့ သရုပ်ဆောင်မင်းသား ဒေါင်းက ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒီအွန်လိုင်းဆွေးနွေးပွဲကိုတော့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ Public Voice Television ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောက်တိုဘာ ၁၃ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ကမ်ပိန်းလှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့လည်း နှိုးဆော်တိုက်တွန်းထားပါတယ်။

သဘာဝဘေး ကပ်ရောဂါဘေးတွေသာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်တဲ့ စစ်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တသားတည်းအတူ ခံစားနေရကြောင်းနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှောက်ဖို့အတွက်  ပြည်သူအားလုံးက အတူကြိုးစားနေကြောင်းပြသဖို့အတွက် ဒီကမ်ပိန်းကို ပြုလုပ်တာလို့ ဆိုပါတယ်။

ပါဝင်လိုကြတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ်၊ ပြီးရင် လူသားချင်း စာနာမှုကို ပြသတဲ့ အဓိပ္ပါယ်နဲ့ ညာ ဘက်လက်ကို ဘယ်ဘက် နှလုံးသား ပေါ်တင်၊ တော်လှန်ရေး သင်္ကေတ လက် ၃ ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ် မီဒီယာတွေမှာ မျှဝေရင်း ဒီကမ်ပိန်းမှာ ပါဝင်ပေးနိုင်မှာ ဖြစ်ပါတယ်။DVB

အာဆီယံ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံ လာရောက်နိုင်ခြင်းမရှိသေးဘဲ အားလုံးနှင့်တွေ့ဆုံခွင့်ရရှိရေး ညှိနှိုင်းနေဆဲ အဆင့်သာရှိ

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရက်နှင့်အညီ အားလုံးပါဝင်တွေ့ဆုံနိုင်ရေးနှင့် မြန်မာနိုင်ငံလာရောက်ရေး ညှိနှိုင်းနေဆဲဖြစ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ်က သတင်းထုတ်ပြန်သည်။

အာဆီယံ အထူးသံတမန်အနေဖြင့် မြန်မာ့အရေး ဖြေရှင်းရေးနှင့် မြန်မာနိုင်ငံသို့ လည်ပတ်နိုင်ရေးအတွက် စိတ်အားထက်သန်လျက်ရှိပြီး အာဆီယံဘုံသဘော တူညီချက် ၅ ရက်အရ အားလုံးနှင့် တွေ့ဆုံခွင့်ရရေး ၊ အာဆီယံဘုံသဘောတူညီချက်အရ ၎င်းကို ပေးအပ်ထားသောလုပ်ပိုင် ခွင့်အရ ပြဿနာဖြေရှင်းရေး အားလုံးနှင့်တွေ့ဆုံခွင့်ရရန် လိုအပ်ကြောင်း၊ အာဆီယံအထူးသံတမန်အနေဖြင့် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များအတိုင်း ကျင့်သုံးဆောင်ရွက်နေပြီး မည်သည့် အဖွဲ့အစည်းနှင့် နိုင်ငံရေး ရပ်တည်ချက်ဘက်မှ ဘက်လိုက်ခြင်းမရှိဘဲ ကြားနေဖြင့် ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အရ အာဆီယံနှင့် နိုင်ငံတကာယုံကြည်မှု ရရှိရေး မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ရရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် မြန်မာနိုင်ငံခရီးစဉ်အတွက် အားလုံးနှင့်ဆက်လက်ညှိနှိုင်းနေဆဲအဆင့်သာရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအထူးသံတမန်က သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခွင့်ရရှိရေး တောင်းဆိုထားသော်လည်း အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက တရားရင်ဆိုင်နေရသူ များနှင့်တွေ့ခွင့်မပေးနိုင်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။khit thit

သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် အာဏာဖီဆန် CDM လှုပ်ရှားမှုတွင်ပါဝင်လာ

လောက်ကိုင်နဲ့  ရခိုင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေမှာ ရှေ့ဆုံးကနေ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တာကြောင့် သူရဘွဲ့ရရှိခဲ့တဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ဇွဲမာန် ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိလာပြီလို့ People’s Soldiers ရွှေ့ပြောင်းရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

People’s Soldiers ရွှေ့ပြောင်းရေးဌာန တာဝန်ရှိသူတစ်ယောက်က “အခုလို ရပိုင်ခွင့် အခွင့်အရေးတွေကို စွန့်လွှတ်ပြီး အမှန်တရားအတွက် ရပ်တည်လာနိုင်သေးရင် တပ်ထဲမှာ ကျန်နေ သေးတဲ့သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်ပြီး ပြည်သူ့ဘက်ကို ပူး ပေါင်းလက်တွဲကြစေချင်တယ်”လို့ ပြောပါတယ်။

ကိုယ်ပိုင်အမှတ် တ-၅၃၇၀၅၃ တပ်ကြပ်ဇွဲမာန်ဟာ ခမရ (၅)အင်းမ၊တမခ (၆၆)က ဖြစ်ပြီး လောက်ကိုင်နဲ့ ရခိုင်ပြည်နယ် စစ်မြေပြင်မှာ ထူး ချွန်စွာတိုက်ပွဲဝင်ခဲ့လို့ သူရဘွဲ့ရခဲ့သလို စစ်သက်အငယ်ဆုံးနဲ့ တပ်ကြပ်ရာထူးရရှိခဲ့သူဖြစ်ပါတယ်။

People’s Soldiers၊ ရွှေ့ပြောင်းရေးဌာနအနေနဲ့ အောက်တိုဘာလအတွင်း CDM ပြည်သူ့စစ်သား ၈ ဦးအထိ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ရာနယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။DVB

PDF ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ တစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာနေရသည်ဆိုသည့် သ တင်းမှား Royal News Agency က ဖြန့်ချိ

စစ်ကောင်စီဆန့်ကျင်ရေး ကာကွယ်ရေးတပ်များက လူနေအိမ်များကိုမီးရှို့ တိုက်ခိုက်မှုများလုပ်သောကြောင့် ပြည်သူတစ်သိန်းခွဲနီးပါး အိုးပစ် အိမ်ပစ်ထွက်ပြေးနေရသည်ဆိုကာ Royal News Agency ဆိုသည့် ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၁၀ ရက်နေ့ကစ၍ ဖြန့်ချိထား သည်။

အာဏာသိမ်းတပ်သတင်းများ အဓိကထားဖြန့်ဝေလေ့ရှိသည့် Royal News Agency ဟာနေပြည်တော် အောက်တိုဘာ ၆ ရက်နေ့ဆိုသည့် ရက်စွဲဖြင့် တင်ထားသည့် စာတစ်ပုဒ်တွင် ” ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး မှ PDF များရဲ့ နေအိမ် မီးရှို့ဖျက်စီးခြင်း၊ တိုက် ပွဲဖန်တီးမှုတွေကြောင့် ကယား၊ကရင်၊ရှမ်း၊ပဲခူး၊မွန်၊တနင်္လာရီ တို့မှ လူပေါင်း တစ်သိန်းခွဲနီးပါးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ် ” ဟု ပါ ရှိသည်။

အဆိုပါ စာပုဒ်ကို ကြိုက်နှစ်သက်ကြောင်း ပြသသည့် Like လုပ်သူ ရှစ်ရာကျော် ရှိခဲ့သည်။မဇ္ဈိမ၏သတင်းမှားစိစစ်ရေးအဖွဲ့ Misinformation Buster Program က ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ထိုကဲ့သို့ ထုတ်ပြန်ခဲ့မှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ရာမှာတော့ အောက်တိုဘာ ၆ ရက်နေ့တွင် ကုလသမဂ္ဂက မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသည်ကို တွေ့ရသည်။

ကုလသမဂ္ဂက အောက်တိုဘာ ၈ ရက်နေ့တွင် မြန်မာနှင့်ပတ်သက်သော သတင်းထုတ်ပြန်မှုလုပ်ခဲ့သော်လည်း အဆိုပါထုတ်ပြန်ချက်တွင် လာမည့်ရက်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိလာနိုင်ကြောင်းသိထားရ၍ အရပ်သားများ ထိခိုက်မှုများဖြစ်မည်ကို အထူးစိုးရိမ်ကြောင်းသာ ပါရှိသည်။

ထို့ကြောင့် PDFများက အရပ်သားများ၏နေအိမ်မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူတစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဆိုသည့် သတင်းမှာ လုပ်ကြံဖန်တီးထားသော သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်လိုက်ရပါသည်။ Royal News Agency ဆိုသည့် စာမျက်နှာသည် စက်တင်ဘာလ ၂၈ နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီတပ် ဝါဒဖြန့် သတင်းများ၊ ဖေ့စ်ဘွတ်က ဖယ်ရှားခံထားရသော Myanmar Hard Talk ၏ သတင်းများ ဖြန့်ချိလေ့ရှိသည်။ ရေးသားမှုများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို အကြမ်းဖက်များဟုလည်း သုံးနှုံးလေ့ရှိသည်။mizzima

« Older Entries