ဟားခါးမြို့တွင် စစ်တပ်ကို ချင်းလက်နက် ကိုင်၂ ဖွဲ့ ချုံခိုတိုက်ခိုက်

ချင်းပြည်နယ်မြို့တော် ဟားခါးအထွက်တွင် စစ်ကောင်စီတပ်သားများကို ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က ယနေ့ (အောက်တိုဘာ ၁၃) မနက်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံမှ သိရသည်။
ဟားခါးမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ပူးပေါင်းအဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထိုနှစ်ဖွဲ့၏ မဟာမိတ်ဖြစ်သော CNF က ပြောသည်။
“ဒီနေ့မနက် ၁၀ နာရီ ၁၁ နာရီကြားမှာ ဟားခါးအခြေစိုက်တပ်က သူတို့ ဟားခါးမြို့အထွက် တန်လွန်းရွာမှာ ထိတွေ့တိုက်ပွဲဖြစ်တာပေါ့။ နောက်ဆုံးရတဲ့ သတင်းအရတော့ စစ်ကောင်စီဘက်ကနေ ၅ ယောက် ကျတယ်။ ကျွန်တော်တို့ဘက်ကတော့ CNA / CDF ဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။
ထို့ပြင် ဟားခါးမြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးသည့် ဖလမ်းမြို့နယ်၊ လုံပီးကျေးရွာအနီးတွင်လည်း ယနေ့မနက်က သေနတ်သံများထွက်ပေါ်ခဲ့ကြောင်း၊ အခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။
ဖလမ်းမြို့နယ်အတွင်း တားလ်၊ တလန်ရောန်၊ ရီလ်တီးလ်၊ လုံလန်၊ လုံပီး စသည့် ကျေးရွာမှ ဒေသခံများ တောတောင်များရှိရာတွင် စစ်ဘေးရှောင်နေကြရသည်ဟု ကိုယ်တိုင်တိမ်းရှောင်နေရသည့် တားလ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်တပ်က ရွာတော့မရောက်သေးဘူး။ ဒီမနက် သေနတ်သံ၊ ဗုံးသံတွေတော့ စကြားနေရပြီ။ အကုန်ရှောင်နေရတယ်။ ရာသီဥတုက ဒီနေ့တော့ မိုးသိပ်မရွာဘူး။ နီးစပ်ရာ တောထဲကိုပဲ ရှောင်နေရတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းသဖွယ် အသုံးပြုနေသည့်အတွက် ၎င်းတို့ ချီတက်နိုင်ခြေရှိသည့် ဖလမ်း – ရိဒ်၊ ဖလမ်း – ဟားခါး လမ်းကြောင်းတွင် သေရေး၊ ရှင်ရေးကိစ္စရပ်မှအပ ခရီးသွားလာခြင်း မလုပ်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization – CNO) က အောက်တိုဘာ ၁၃ ရက်စွဲဖြင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ရန် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လက်နက်လူအင်အား အလုံးအရင်းဖြည့်တင်းနေသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့သို့ ပြီးခဲ့သည့်ရက်ပိုင်းက သံချပ်ကာယာဉ်အပါအဝင် စစ်ကား ၄၀ စီး ပါဝင်သည့် စစ်ကြောင်း ရောက်ရှိတပ်စွဲနေသည်။
ယမန်နေ့က မကွေးတိုင်း၊ ပခုက္ကူမှ တက်လာသည့် သံချပ်ကာ ၂ စီးနှင့် စစ်ကား ၈၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် ယနေ့မနက်က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့သို့ ရောက်ရှိနေသည်။
“ဒီတစ်ခါကတော့ ကျွန်တော်တို့ကို အပြုတ်တိုက်ဖို့ဆိုတာ သတင်းတွေကြားတယ်။ ပြည်သူလူထုထိခိုက်မှုကတော့ အနည်းနဲ့အများ ရှိလာနိုင်တယ်။ ဒါကတော့ ကျွန်တော်တို့စိုးရိမ်တယ်။ တိုက်ပွဲကတော့ အကြီးအကျယ်ဖြစ်ဖို့ များပါတယ်။ အဲ့ဒီအတွက် ပြင်ဆင်မှုတွေလုပ်နေတာ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ သွားရေး၊ လာရေး၊ ခရီးသွားလာမှုအတွက် ပိုပြီးတော့ သတိထားကြဖို့ ပြောချင်ပါတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။
စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်ရန် စီစဉ်နေသည့် ချင်းပြည်နယ်တွင် ဟားခါးမြို့မှအပ ကျန်မြို့နယ်များတွင် စက်တင်ဘာ ၂၃ မှစတင်ကာ အင်တာနက်ဖြတ်တောက်ထားသဖြင့် ထိုဒေသမှ အခြေအနေများ ပြင်ပသို့ အချိန်နှင့်တပြေးညီ ရောက်ရန် ခက်ခဲသွားသည်။myanmar now