ဇီးပြားရဲစခန်းတိုက်ပွဲတွင် ရဲ ၂ ဦး သေဆုံးပြီးဒဏ်ရာရသူများပြား၊ PDF ၂ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ကြားရှိ ဇီးပြားရဲကင်းစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှစ်ခု ပူးပေါင်းဝင်ရောက်တိုက်ခိုက်ရာ ရဲသား နှစ်ဦးသေဆုံးပြီး ထိခိုက်သူများပြားကြောင်းနှင့် PDF ဘက်မှ နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ယင်းPDFများထံက သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၂ ရက်) ည ၉ နာရီခန့်က ဇီးပြားကျေးရွာရဲကင်းစခန်းအား မြိုင်ပြည်သူ့ကာကွယ်ရေးတပ် (Myaing PDF)နှင့် ပေါက်မြောက်ပိုင်းPDF တို့ ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့ ပေါင်းပြီး ဇီးပြားကျေးရွာထိပ်တောင်ကုန်းပေါ်မှာရှိတဲ့ ရဲစခန်းကိုတိုက်တာပါ။ ရဲအင်အားက ၂၅ယောက်လောက်ပဲ ရှိတယ်။ သူတို့ကင်းပုန်းတွေ ဘာတွေ ချထားတာမရှိဘူး။ ကျွန်တော်တို့က အလစ်ဝင်ပစ်ကြတာ၊ ရဲငါးယောက်လောက်တော့ ချက်ကောင်းကိုမှန်တယ်။ နှစ်ယောက်တော့အသေပဲ” ဟု Myaing PDFမှ တာဝန်ခံတစ်ဦးက မဇ္စျိမ ကိုပြောသည်။

အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဘက်မှ တပ်သားနှစ်ဦးသည် ပေါင်နှင့် ခြေသလုံးတွင် ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။ “အရင်ကလို တူမီး‌ သေနတ်နဲ့ပဲပစ်တာမဟုတ်ဘူး။ ကျွန်တော်တို့မှာလည်း မောင်းပြန်တွေပါတယ်။ ပြီးတော့သူတို့ထက်အင်အားလည်း သာတယ်။ ရဲငါးယောက်ထိတယ်ဆိုတာကတော့ ကျွန်တော်တို့မှာ အဝေးကြည့်မှန်ပြောင်းတွေပါတယ်လေ။ အဲဒါနဲ့ကြည့်တော့သိရတာ၊ နောက်ပိုင်းကြတော့ သူတို့မီးမှိတ်လိုက်ကြတယ်။ ပြီးတော့စခန်းကို ကျွန်တော်တို့မီးရှို့ဖို့လုပ်တုန်း သူတို့က စခန်းဘေးနားက တောင်ကုန်း‌ေပါ်ပစ်လို့ ကျွန်တော်တို့ပြန်ဆုတ်ခွာလာတာပါ” ဟု ၎င်းကပြောသည်။

“ရဲများ စခန်းကို စွန့်ခွာကာ အနီးနားရှိ တောင်ကုန်းပေါ်မှ ပြန်လည်ပစ်ခတ်သောကြောင့် စခန်းအား မီးရှို့နေစဉ် အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ပါသည်” ဟုလည်း Myaing PDFက လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ (အောက်တိုဘာ ၁၃ရက်) ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေးသည် ရဲကင်းစခန်းအား မီးရှို့နိုင်ရန် ပြင်ဆင်ထားသည့် စစ်ဆင်ရေးဖြစ်ပြီး ယခုကဲ့သို့ အလွဲအချော်ဖြစ်သွားခြင်းအား စိတ်မကောင်းကြောင်း ၎င်းကဆိုသည်။ “အောက်တိုဘာလ ၁၁ ရက်နေ့ကတော့ သူတို့စစ်ကားအကြီး ၈၀ ကျော်လောက်ရှိတယ်။ ပခုက္ကူဘက်ကနေ ကျွန်တော်တို့ဘက်ကိုတက်လာတယ်။ တပ်ရင်း (၁၀၂) ထဲ အယောက်၅၀ ကျော်လောက်ဝင်သွားတယ်။ ကျန်တာကတော့ဘယ်ဘက်ကို ရွှေ့နေလဲမသိသေးဘူး” ဟုထိုတာဝန်ခံကပြောသည်။

မြိုင်နယ်တွင် စစ်ကောင်စီတပ်သားများ အင်အားတိုးချဲ့မှုများပြားလာကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှလည်း စစ်တပ်အထိုင်ချရာ နေရာများနှင့် စစ်ကြောင်းများအား တိုက်ခိုက်မှုပိုမိုများပြားလာသည်ဟု သိရသည်။ အောက်တိုဘာလ ၁၀ ရက်တွင်လည်း ရေစကြိုမြို့ နယ် ဖူလုံရွာအနီးရှိ စစ်ကောင်စီတပ်ရင်း( ၂၅၇)အား Myaing PDFက လက်နက်ကြီး သုံးလုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် နာရီဖြင့်ချိန်ကိုက်ကာပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ လူမရှိသည့်ထိုနေရာသို့ နာရီဝက်ခန့် ပစ်ခတ်နေခဲ့သည်ဟု သိရသည်။

ထိုပစ်ခတ်မှုတွင် (၂၅၇) တပ်ရင်းဘက်မှ ရုံးနေရာ နှစ်ခု ထိခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုအား စုံစမ်းနိုင်ခြင်းမရှိသေးကြောင်း Myaing PDF တာဝန်ခံကပြောသည်။ “ရင်ဆိုင်တိုက်ခိုက်ဖို့အဆင်သင့်မဖြစ်သေးပေမယ့် တစ်ဖွဲ့ပမ်းရင် နောက်တစ်ဖွဲ့တက်ဆိုတာမျိုးတိုက်နေမှာပါ။ လူအင် အားကတော့ နေ့စဉ်ဆိုသလိုတိုးလာတာပါပဲ။ အဓိကကတော့ လက်နက်ခဲယမ်းများများရှိဖို့ပါပဲ” ဟု ၎င်းကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရမှ တော်လှန်ရေးကြေညာသည့် စက်တင်ဘာ ၇ ရက်နောက်ပိုင်း မြိုင်မြို့တွင်လည်း စစ်ကောင်စီအား တိုက်ခိုက်မှုပိုမိုပြင်းထန်လာကြောင်းနှင့် Myaing PDFအနေဖြင့် လိုအပ်ချက်များ ရှိနေဆဲဖြစ်သော်လည်း စစ်ကောင်စီတပ်များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းတာဝန်ခံကပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s