ရေစကြိုမြို့နယ်၌ စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် သေဆုံး ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေကျောင်းကျေးရွာအနီးမှာ အောက်တိုဘာ ၁၃ ရက် ဒီ မနက် ၈ နာရီခွဲလောက်က  အကြမ်းဖက်စစ်ကောင်စီစစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကား ၁ စီး ပျက်စီးသွားပြီး တပ်သား ၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ရေစကြို၊ မြောင်၊ မုံရွာ၊ ချောင်းဦး၊ နှလုံးလှလူမိုက်၊ တလုပ်၊ မြင်းမူ နဲ့ စစ်ကိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ စု ပေါင်းပြီး စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြတာလို့ ပူးပေါင်းအဖွဲ့ ကိုယ်စားလှယ်တဦးက အတည်ပြုပြောပါတယ်။ 

“စစ်ကောင်စီ တပ်သား ၁ ယောက်တော့ ခေါင်းပွင့်ပြီး ပွဲချင်းပြီးပဲ။ ၄ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေရကြတယ်။ ကား ၁ စီးကတော့ နောက်ခြမ်းစုတ်ပြတ်သွားပြီး လမ်းဘေးက လယ်ကွင်းထဲ ထိုးကျသွားတယ်။ နောက်ထပ်ကျန်တဲ့ အသေအပျောက်ကတော့ မသိရသေးဘူး။ သူတို့ဘက်က သေတဲ့သူ တိုးလာဦးမယ့် သဘောမှာရှိတယ်။”

အဆိုပါမိုင်းဆွဲ တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာ ရရှိတာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အဲ့ကားတွေ မိုင်းဆွဲခံရပြီး ရမ်းပစ်ကြတာ။ လမ်းပေါ်ခရီးသွားတဲ့ ပေါက်တောရွာက သားအမိ ၂ ယောက်တော့ ကျည်ထိလို့ ရေစကြိုဆေးရုံကို ပို့လိုက်ရတယ်။ အခြေအနေ မကောင်းဘူးလို့တော့သိရတယ်” လို့ ပြောပြပါတယ်။

စစ်ကား ၂ စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

အခုရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရေစကြိုနယ်ကို စစ်အင်အား ပိုမိုတိုးချဲ့ စစ်ဆင်နေပြီး ကျေးရွာတချို့က လူနေအိမ်တွေကို ဥပဒေမဲ့ ဝင်ရောက်စီးနင်းမီးရှို့နေတာကြောင့် ဒေသခံတွေ စိတ်သောကရောက်နေကြရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ကြရာမှာ တစ်ပတ်အတွင်း စစ်ကောင်စီဘက်က ၉ ဦး ကျဆုံးခဲ့တယ်လို့ မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်က သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး  အရှင်ဖမ်းမိရာက ပြန်လည်ခုခံတာကြောင့် သုတ်သင်ရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ တစ်ဦးမှ အကျအဆုံးမရှိပါဘူး၊ စခတွေဘက်ကတော့ ဒီလထဲမှာ ၉ ဦး အကျအဆုံးရှိခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ရာက သေဆုံးတာများတယ်။ ရဲတစ်ကောင်ကိုတော့ အရှင်ဖမ်းဆီးမိခဲ့ရာက ပြန်ခုခံလို့ သုတ်သင်ခဲ့ရတာတော့ရှိတယ်။ ဟိုတနေ့က အောက်တို ဘာ ၁၁ ရက် ညဘက်မှာ စကစတွေဘက်က တစ်ဦး သေတယ်။ ၄ ဦး အပြင်းအထန် ဒဏ်ရာရတယ်။ ပြောက်ကျားတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက တိုက်ပွဲအတွင်း ကျဆုံးမှုရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အလောင်းတွေကို ရှာဖွေဖို့အတွက် ပြည်သူနှစ်ဦးကို ဓား စာခံအဖြစ် ခေါ်ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာ ရေလယ်ကျွန်းဒေသတွေကိုလာရောက်ထိုးစစ်ဆင်တဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာက စစ်ကောင်စီတပ်က ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်စွာရရှိထားတဲ့ စစ်ကောင်စီတပ်သား ၄ ဦးဟာ ရေစကြိုပြည်သူ့ဆေးရုံမှာ အောက်တိုဘာ ၄ ရက်နေ့က သေဆုံးခဲ့ကြပါတယ်။

အောက်တိုဘာ ၃ ရက် မှ ၁၁ ရက်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် အားလုံးပေါင်း ၉ ဦး သေဆုံးခဲ့တာ ဖြစ်ပြီး ရေစကြိုနဲ့ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရေစကြိုမြို့ ရေလယ်ကျွန်းကျေးရွာတွေဟာ မြင်းခြံမြို့နဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။

မကွေးတိုင်းမှာလည်း အောက်တိုဘာ ၁၂ ရက် ည ၉ နာရီဝန်းကျင်က  မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက ဇီးပြားရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့လို့ ရဲ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့  ဒေသခံတွေဆီကသိရပေမယ့် အ တည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s