အာဆီယံကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် မရေမရာဖြစ်နေ 

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံး၌ နိုင်ငံရေးပါတီအချို့နှင့် တွေ့ဆုံမည့် အစီအစဉ်ပျက်ပြယ်သွားပြီးနောက် အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ၏ မြန်မာနိုင်ငံခရီးစဉ်မှာ မရေမရာဖြစ်နေသည်။

အာဆီယံအထူးကိုယ်စားလှယ်မှာ ယနေ့ (အောက်တိုဘာ ၁၂) နံနက်ပိုင်းတွင် ရောက်လာရန် စီစဉ်ထားပြီးဖြစ်သော်လည်း အရေးကြီးပုဂ္ဂိုလ်နှစ်ဦးနှင့် တွေ့ဆုံခွင့်မရသဖြင့် ခရီးစဉ်ပျက်သွားခြင်းဖြစ်သည်ဟု နေပြည်တော်အခြေစိုက် Myanmar Now ၏ သတင်းရင်းမြစ်တစ်ခုက ဆို သည်။ 

“အားလုံးပြင်ဆင်ပြီးမှ ပျက်တာ။ ဒီမနက်အစောကြီးရောက်မယ်ဆိုပြီး နေပြည်တော်၊ ရန်ကုန် ခရီးစဉ်နှစ်ခု အားလုံးစီစဉ်ပြီးမှ ပျက်တာ။ အ ရေးကြီးပုဂ္ဂိုလ် (ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်) နှစ်ဦးနဲ့ တွေ့ခွင့်မပေးလို့ဆိုပြီး အကြမ်းဖျင်းသိရတယ်။ ဘယ်နေ့လာမလဲဆိုတာ မသိတော့ဘူး။ ညှိနှိုင်းနေဆဲပဲ” ဟု လုံခြုံရေးအရ အမည်ထုတ်မဖော်လိုသူ ယင်းသတင်းရင်းမြစ်က ပြောသည်။ 

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ခွင့်ရရန် အာဆီယံအထူးကိုယ်စားလှယ်ဘက်က တောင်းဆိုသော်လည်း စစ်ကောင်စီက သမ္မတဟောင်းဦးထင်ကျော်နှင့် ဒုသမ္မတ ဟင်နရီဗန်ထီးယူတို့နှင့်သာ တွေ့ခွင့်ပေးရန် သဘောတူခဲ့သည်ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အာဆီယံအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ဘဲ စစ်ကောင်စီ၏ စီစဉ်မှုဖြင့် ရွေးကောက်ပွဲကော်မရှင်ရုံး၌ နိုင်ငံရေးပါတီ ၈ ခုနှင့် ယနေ့ (အောက်တိုဘာ ၁၂) မွန်းလွဲပိုင်းတွင် တွေ့ဆုံရေးအစီအစဉ်ပျက်ပြယ်ခဲ့ပြီးမှ ခရီးစဉ်အကြောင်း သိရခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်မှာ ယနေ့နံနက်တွင် ဘရူနိုင်းမှ ထွက်ခွာလာမည်ဖြစ်သော်လည်း ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်များနှင့် တွေ့ခွင့်ရန် မသေချာသဖြင့် ဖျက်သိမ်းလိုက်ကာ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အထူးကိုယ်စားလှယ်နှင့် ထပ်မံညှိနှိုင်းနေသည်ဟု ကြားရကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဟိုဘက်ကလည်း ဒေါ်စုနဲ့ ထိပ်ပိုင်း သူတွေ့ချင်တဲ့ပုဂ္ဂိုလ်တွေက လက်ရှိဖြစ်နေတဲ့အကျပ်အတည်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်တွေနဲ့ မတွေ့ဘဲနဲ့တော့ ဒီပြဿနာကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ တွေ့လို့မရဘူးဆိုရင်တော့ သူ့ခရီးစဉ်က အဓိပ္ပာယ်မရှိဘူးဆိုတာမျိုးနဲ့ ပျက်သွားတာပေါ့လေ” ဟု ၎င်းက ပြောသည်။

မစ္စတာ Erywan Yusof မှာ ဘရူနိုင်းနိုင်ငံမှ ယနေ့နံနက် ထွက်ခွာလာမည်ဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နှင့် တွေ့ခွင့်ရရန် မသေချာ၍ ဖျက်သိမ်းလိုက်ကြောင်း၊ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဌာနက အထူးကိုယ်စားလှယ်နှင့် ထပ်မံညှိနှိုင်းနေသည်ဟု ကြားရကြောင်း အထက်ပါ UBP တာဝန်ရှိသူက ဆိုသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ဖိတ်ကြားခံရသည့် နိုင်ငံရေးပါတီ ၈ ခုတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏​ UBP ပါတီလည်း ပါဝင်ပြီး အနီးကပ်ဖိတ်ကြားပြီးမှ အစီအစဉ်ရွှေ့လိုက်ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားသည်ဟု UBP ပါတီတာဝန်ရှိသူက ဆိုသည်။ 

“အချိန်ကတော့ ထပ်ပြောမယ်လို့ UEC က ပြောတယ်” ဟု ၎င်းက ပြောသည်။ တွေ့ဆုံပွဲဖြစ်မြောက်လျှင် UBP ဥက္ကဋ္ဌသူရဦးရွှေမန်း တက်ရောက်မည်မဟုတ်ဟုလည်း ထိုသူက အတည်ပြုသည်။

မစ္စတာ Erywan Yusof နှင့် တွေ့ဆုံပွဲ ဖိတ်ကြားခံရသည့် ပါတီများတွင် UBP အပြင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ စစ်ဥပဒေချုပ်ဟောင်း ဦးစိုးမောင်၏ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ ကြားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ (SNDP)၊ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUD)  တို့ ပါဝင်သည်ဟု သိရသည်။ 

“မနေ့က UEC က ဖုန်းနဲ့ လှမ်းဖိတ်တယ်။ အခုတော့ ပျက်သွားတယ်လို့ ပြောတယ်။ အကြောင်းထပ်ကြားမယ်တဲ့။ တွေ့ဖြစ်လည်း သူတို့ ဘာပြောမလဲ နားထောင်ဖို့ပဲ သွားမှာပါဟု” NUD ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောသည်။

ဦးစိန်ဝင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက် NLD မှ နုတ်ထွက်ကာ  ၂၀၂၀ ရွေးကောက်ပွဲတွင် NUD ပါတီကို ထူထောင်ကာ ဝင်ပြိုင်ခဲ့သူဖြစ်သည်။ 

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲ ပျက်သွားသည်ကို SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း အတည်ပြုသည်။ သို့သော် ၎င်းက အ သေးစိတ်အခြေအနေကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။

အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ၏ ခရီးစဉ်အပါအဝင် ရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေး ပါတီ ၈ ခုနှင့် တွေ့ဆုံရေးအစီအစဉ် ပျက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မြန်မာနိုင်ငံခရီးစဉ်အတွင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် စစ်ခေါင်းဆောင်များကို တောင်းဆိုထားကြောင်း အာဆီယံအထူးကိုယ်စားလှယ်က စက်တင်ဘာလဆန်းပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ရန် အာဆီယံ ခေါ် အရှေ့တောင်အာရှနိ​င်ငံများအသင်း (ASEAN) အထူးကိုယ်စားလှယ်၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရေးနှင့် ပတ်သက်၍ တရားရင်ဆိုင်နေရသူများနှင့် တွေ့ခွင့်မပြုနိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုထားသည်။ 

ယခုလကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အစီရင်ခံစာတင်ပြရမည်ဖြစ်သော်လည်း Erywan Yusof မှာ ဩဂုတ်လဆန်းပိုင်းတွင် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးကတည်းက မြန်မာနိုင်ငံသို့ လာရောက်နိုင်ခြင်း မရှိသေးပေ။ 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ဧပြီ ၂၄ ရက်က ကျင်းပခဲ့သည့် အထူးအစည်းအဝေးတွင် အထူးကိုယ်စားလှယ်ခန့်အပ်ခြင်း အပါအဝင် မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရက်ကို အာဆီယံ ခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ပြီး ထိုအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။ 

NLD အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချကာ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကြီးလေးသည့် ပုဒ်မများအပါအဝင် အမှုပေါင်း ၁၁ ခုဖြင့် တရားစွဲဆိုထားသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ ကန့်သတ်ထိန်းချုပ်မှုများကြောင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရပါက မြန်မာ့အရေး အာဆီယံ၏ ကြားဝင်ဆောင်ရွက်မှု အောင်မြင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဩဂုတ်လအတွင်း Myanmar Now ကို ပြောကြားထားသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးကာ စစ်ဖိနပ်တိုက်ပေးသူမဖြစ်ဖို့ လိုကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးတင်မောင်သန်း (သင့်ဘဝ) က ဆိုသည်။ 

စစ်ကောင်စီကို ခုခံတော်လှန်သည့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ဒေသအချို့တွင် တိုက်ပွဲဖြစ်နေသည့်ပြင် မြို့ကြီးများတွင်လည်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှုများ၊ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်။

စစ်ကောင်စီကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို နေ့စဥ်ရက်ဆက် ဖမ်းဆီး၊ နှိပ်ကွပ်နေရာ အသက်မပြည့်သူများပင်လျှင် ဖမ်းဆီးနှိပ်စက်ခံနေရသည်။

လက်နက်ကိုင်ခုခံသူများရှိသည့်နေရာကို ကြည်းရေလေတပ်များ စေလွှတ်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရာ ကျေး လက်ဒေသ ပြည်သူ လူထု အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသခံတို့မှာ စစ်ကောင်စီတပ်၏ ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s