အိုးဘိုအကျဉ်းထောင်တွင် လုံလောက်သော ဆေးကုသခွင့် မရ

မန္တလေးမြို့၊ အိုးဘိုထောင်ရှိ အကျဉ်းသားများ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ဖြစ်သလို နေထိုင်ကြရသည်ဟု အကျဉ်းကျခဲ့သူများနှင့် ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

ရောဂါလက္ခဏာ ပြင်းထန်ပြီး၊ အခြေအနေဆိုးသူများသာ ထောင်ဆေးရုံသို့ သွားခွင့်ရကြောင်း ရှေ့နေတစ်ဦးက ဆိုသည်။

“ကျန်းမာရေးစောင့်ရှောက်မှုက ကိုယ့်ဟာကိုယ်ကုပဲ။ ကိုယ့်ဟာကိုယ် ဆင်ပြေသလို ကြည့်လုပ်နေကြရ တာပဲ။ အပြင်မှာ ကိုဗစ်ဖြစ်တဲ့လူနာတွေ စင်တာတွေ မသွားဘဲ၊ ကိုယ့်ဟာကိုယ်ဖြေရှင်း ဒုက္ခရောက်နေကြရသလိုပဲ” ဟု နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။

“အရမ်းအခြေအနေဆိုးမှပဲ ထောင်ဆေးရုံဖြစ်ဖြစ် ပို့တာဗျ။ ချောင်းဆိုး ဖျားနာတာကတော့ ကိုယ့်ဟာကိုယ် လုပ်ကြရတာ။ လူကြီးပိုင်းတွေတောင်မှ တော်တော်ဆိုးမှ ဆေးရုံပို့ပေးတာမျိုး။ သာမန် ထူထူ ထောင်ထောင် ဖျားနာတာလောက် တော့ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ ဖျားရင် ပါရာစီတမော့ လောက်ပဲ ပေးတာမျိုး။ အဲဒီလောက်ပဲရှိတယ်”  

တရားလွှတ်တော်ရှေ့နေ နောက်တစ်ဦးကလည်း ကိုဗစ်ရောဂါ ဖြစ်ပွားနေသူအတွက် စောင့်ရှောက်ကုသမှု ထောင်တွင် ရှိမနေဟု   ပြောသည်။

“ကျွန်မအမှုသည် ဖမ်းခံရတုန်းက ကိုဗစ်ဖြစ်နေတာ။ သုံးယောက်တွဲအမှုမှာ ကိုဗစ်ဖြစ်နေပါတယ်လို့ ပြောတာတောင် မှ သူတို့ သုံးယောက်လုံးကို သီးသန့်အခန်းတစ်ခုတည်းမှာ ထားပြီး ဒီအတိုင်းပစ်ထားတာ၊ ပါရာစီတမောလေးတစ်လုံးတောင် မပေးဘူး။ ကျွန်မတို့နဲ့ တွေ့တဲ့အချိန်မှာ မသေလို့သာ ပြန်တွေ့ရတာပဲ လို့ ပြောတယ်”ဟု နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခံထားရသူတစ်ဦး၏ ရှေ့နေက ဆိုသည်။

၎င်း၏ အမှုသည် ဖမ်းဆီးခံရချိန်ကတည်းက ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ရဲစခန်းမှ တစ်ဆင့် နန်းတွင်း စစ်ကြောရေး၊ ထိုမှ အိုးဘိုထောင်သို့ ပို့ဆောင်ခံရအချိန်အထိ ဆေးကုသပေးမှု  လုံး၀မရှိဟု ဆိုသည်။ 

“အကျဉ်းသားတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ရှေ့နေဆီကို ဆေးမှာပြီး သောက်တာ။ တချို့ဆို ရှေ့နေက လာတွေ့တဲ့အချိန်ကျမှ ရှေ့နေတွေ အိတ်ဆောင် ဆောင်ထားတဲ့ဆေးကို တောင်းသောက်ရတာမျိုးအထိ ရှိတယ်”ဟု အထက်ပါအမျိုးသမီးတရားလွှတ်တော်ရှေ့နေက ပြောသည်။

သွေးကင်ဆာဝေဒနာသည် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း အရာရာ ချို့တဲ့သည့် ထောင်တွင်းဆေးရုံ၌သာ ကုသခွင့် ပေးထားသည်။ 

ဇူလိုင်လအတွင်း ကိုဗစ် တတိယလှိုင်း ဖြစ်ပွားနေချိန်တွင် အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်များ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့သည်။ 

NLD ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်သည့်  ဦးဉာဏ်ဝင်းသည်လည်း အင်းစိန်ထောင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူစဉ် ဇူလိုင် ၂၀ ၌ ဆုံးပါးသွားခဲ့သည်။  

ပါတီဗဟိုအလုပ်အမှုဆောင်  ဦးဟံသာမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့လည်း ကိုဗစ်နိုင်တင်း ဖြစ်ပွားခဲ့ကြသည်။ 

ထိုသို့ အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများတွင်  ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း ဇူလိုင် ၂၅ တွင် တစ်နိုင်ငံလုံးမှ အချုပ်သား ၄၀၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးရာတွင် ကိုဗစ်နိုင်တင်း ရှိမရှိ မစစ်ဆေးနိုင်ခဲ့ပေ။ 

အာဏာဖီဆန်သူ များပြားသည့် ပြင်ပဆေးရုံများ လူနာလက်ခံကုသပေးနိုင်မှု ကသောင်းကနင်း မဖြစ်စေရန် စစ်ကောင်စီက စီမံခန့်ခွဲမှု မလုပ်ပေးနိုင်သည့် အခြေအနေတွင် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု ဆိုးရွားလာနေသည်။

ပြီးခဲ့သည့်လပိုင်းကမှ အိုးဘိုအကျဉ်းထောင်မှ ပြန်လွတ်လာသူ အမျိုးသားတစ်ဦးက ဆေးကုသပေးမှု လွန်စွာ နည်းပါးသည်ဟု ဆိုသည်။ 

“ကျွန်တော်နဲ့ အတူတူနေခဲ့ရတဲ့အခန်းထဲက လူတစ်ယောက် ဝမ်းတွေ လျှောတော့ သောက်ဆေးတော့ လာပေးတယ်၊ နှစ်ရက်တစ်ခါ ဆေးလာပေးတယ်၊ အပြင်ကနေ ဒဏ်ရာနဲ့ ရောက်လာတဲ့ ဘုန်းကြီးတစ်ပါး၊ လက်မှာ ပတ်တီးကြီးနဲ့ ရောက်လာတော့ အနာကို ဆေးလာထည့်ပေးတာ တစ်ခါတော့ တွေ့ရတယ်” ဟု ထိုလူက ပြောသည်။

ဆက်လက်၍ ” ကျွန်တော်တို့ အဆောင်က လူတစ်ယောက် ကိုဗစ်ဖြစ်တဲ့အချိန်မှာတော့ သူတို့ တစ်ထပ်လုံးကို သီးသန့်ဆောင်ပို့လိုက်တာတွေ့ရတယ်၊ ကုသမှုနဲ့ ပတ်သက်ရင်တော့ ဆေးကုသမှု ဘာမှမရှိဘူး။ ကိုဗစ်ပိုး တွေ့တဲ့အထပ်ကို ဆေးဖြန်းတာတို့ ဘာတို့တော့ လုပ်တာ တွေ့ရတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

ဖမ်းဆီးခံရသူများထဲမှ  ချောင်းဆိုးဖျားနာသူကို ထောင်အပြင်ဘက် အဆောင်တစ်ခု၌ သီးသန့်နေစေပြီးမှ ထောင်အတွင်း ပို့ဆောင်ခြင်းကဲ့သို့ ကာကွယ်ရေးအစီအစဉ်ကောင်း ရှိနေသော်လည်း ဆေးကုသမှုအခြေအနေ တိုးတက်ကောင်းမွန်ခြင်းမရှိဟု ဆိုကြသည်။

ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

အိုးဘိုထောင်တွင် ကူးစက်ရောဂါ ပျံ့ပွားမည်စိုးသဖြင့် ထောင်ဝင်စာ တွေ့ခြင်း၊ ရှေ့နေများကို အမှုသည်များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ယနေ့အထိ ပိတ်ပင်ထားသည်။

တရားစွဲခံရသူများကိုလည်း အပြင်တရားရုံးများသို့ ပို့ဆောင်ခြင်းမပြုဘဲ၊ အွန်လိုင်းဗီဒီယိုစနစ်ဖြင့် အမှု စစ်ဆေးနေသည်။

ထောင်တွင်းတရားရုံးဖြင့် စစ်ဆေးလျက်ရှိသော အမှုများတွင်လည်း  အမှုလိုက်ရှေ့နေများပင် တရားခွင်အတွင်းသို့ အကန့်အသတ်ဖြင့်သာ ၀င်ခွင့်ရကြသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s